မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဦးဆောင်မယ့် သမ္မတလောင်းအမည်စာရင်းကို လွှတ်တော် ၂ ရပ်နဲ့ တပ်မတော်သားကိုယ်လှယ်အစုအဖွဲ့တွေအနေနဲ့ မတ်လ ၁၀ ရက်နေ့မှာ အပြီးသတ် တင်သွင်းဖို့ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကကြေညာ လိုက်ပါတယ်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတ အမည်စာရင်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခြင်းကိုမတ်လ ၁၇ ရက်နေ့လို့သတ်မှတ်ခဲ့ပြီးမှ အခု မတ်လ ၁၀ ရက်ကိုပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လေ့လာသုံးသပ်သူတွေဘက်မှာအမြင်အမျိုးမျိုးရှိနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။
လာမယ့် မတ်လ ၁၀ ရက်နေ့မှာ ဒုသမ္မတလောင်း အမည်စာရင်းတွေကို ထုတ်ပြန်ပေးဖို့ ဒီကနေ့လွှတ်တော်မှာ သတ်မှတ်လိုက်ပါပြီ။ မူလက မတ်လ(၁၇) ရက်အနေနဲ့ သတ်မှတ်ထားတာကို မတ်လ(၁၀)နေ့သို့ ပြန်လည်ပြင်ဆင် သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း က ခုလိုလွှတ်တော်မှာကြေညာလိုက်တာပါ။
“စတင်ကျင်းပပြုလုပ်ရန် သတ်မှတ်ကြေညာထားတဲ့ မတ်လ(၁၇) ရက်နေ့ ကြာသပတေးနေ့အစား တပတ်ရှေ့တိုးပြီး ၂၀၁၆ခုနှစ် မတ်လ(၁၀) ကြာသပတေးနေ့တွင် စတင်ကျင်းပ ပြုလုပ်သွားရန် ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာပါတယ်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွှေးချယ်ပေးတဲ့ ဒုတိယ သမ္မတများ အမည်စာရင်းနဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းပြည့်စုံမှု ရှိမရှိ စီစစ်နိုင်ရန် စီစစ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးစီရဲ့ အမည်စာရင်းတွေကို ပြင်ဆင်သတ်မှတ်ပေးတဲ့ နေ့ရက်နဲ့အညီ တပါတည်း ရွေးချယ်ပြီး ပေးပိုကြရန်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါတယ်။”
အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတ တဦးရွေးချယ်ဖို့အတွက် ဒုတိယသမ္မတ လောင်း အမည်စာရင်း တင်သွင်းဖို့ မတ်လ ၁၇ ရက်နေ့မှာ သတ်မှတ်ထားပေမဲ့ အခုအခါ ပြင်ဆင်ဖို့ စီစဉ်နေကြတာနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သီဟကျော်ကတော့ သူအမြင် ကိုခုလိုပြောပါတယ်။
“ဒါကတော့ ဆောင်ရွက်တဲ့ နယကတို့ အရှင်းဆုံးပြောရရင်တော့ NLD ပါတီ ပေါ့လေ။ သူတို့ရဲ့ စီစဉ်ဆောင်ရွက်မှုတွေ အဆင်သင့်ဖြစ် နေပြီလို့ယူဆတယ်။ နောက်တချက်က အဆင်သင့်ဖြစ်နေရဲ့သားနဲ့ အချိန်ကို တိုးပြီးယူထားပြီးတော့မှ ပြဿနာတွေပေါ်လာမှာ စိုးရိမ်တာရယ် အဲဒါကြောင့်မို့လို့ ရှေ့တိုးပြီးဆောင်ရွက်လိုက်တယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အင်အားနည်းတဲ့အတွက်ကြောင့်မို့လို့ တင်လာမယ့်လူကို ကြိုက်တယ်မကြိုက်ဘူးဆိုတာကတော့ ကျနော်တို့ သဘောထားကို မဲနဲ့ပဲ ပြောလို့ရတာပေါ့နော်။ ဒါပေမယ့်လည်းပဲ ကန့်ကွက်နိုင်တဲ့ အင်အားမရှိပါဘူး။”
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာနိုင်ရင် တိုင်းပြည်အတွက်သာမက တပ်မတော်ဘက်မှာပါ အကျိုးရလဒ်တွေရှိလာနိုင်တယ်ဆိုတာကို တပ်ပိုင်းဆိုင်ရာ ဘက်က နားလည်လက်ခံပေးမှသာ ၅၉(စ) ပြင်ဆင်ရေး အဆင်ပြေချောမွေ့ နိုင်မှဖြစ်တယ် လို့ နိုင်ငံရေးလေ့လာ အကဲခတ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောပါ တယ်။
“ကျနော့်အမြင်ကတော့ မတ်လ ၁၀ ရက်နေ့ကို တိုးပြီးသတ်မှတ်လိုက်တာဟာ ၅၉( စ) လို အကျပ်အတည်း ကျော်လွှားနိုင်ဖို့နဲ့ တိုက်ရိုက်မဆက်စပ်ဘူးလို့ ကျနော်က မြင်တယ်။ ဒါပေမယ့် အဲဒီလို ရက်ရွေ့ဆိုင်းတာကို အကြောင်းပြုပြီးတော့ ၅၉ (စ) အကျပ်အတည်းကို လုံး၀ မကျော်လွှားနိုင်တော့ဘူးလို့ ယတိပြတ် သတ်မှတ်ဖို့တော့ ခက်မယ်လို့တော့မြင်တယ်။ သမ္မတနဲ့ ဒုတိယသမ္မတ အမည်စာရင်းတွေ တင်သွင်းဖို့ စပြီးတော့ လုပ်ဆောင်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ စာရင်းထဲမှာ ပါဝင်လာဖို့ အလားအလာ မရှိသေးဘူးလို့မြင်တယ်။ ဒါပေမယ့် အစိုးရသစ်ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ဒီ NLD ပါတီအနေနဲ့ တပ်မတော်နဲ့ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လုပ်ပြီး နိုင်ငံရေးအရ သဘောတူညီချက်ရလာမယ်ဆိုရင်တော့ လက်ရှိဖြစ်နေတဲ့ ၅၉ (စ) အကျပ်အတည်းကို ကျော်လွှားနိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တဲ့အလားအလာ ရှိနေတယ်လို့ ယေဘူရ သုံးသပ်လို့ရပါတယ်။”
လာမယ့် ၁၀ရက်နေ့မှာ ဒုသမ္မတလောင်း နာမည်စာရင်းတွေတင်ပြရာမှာ ဖြစ်ပေမယ့်လက်ရှိမှာ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အဆို တင်သွင်းရေး ကိစ္စများနဲ့ ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဒီအတောအတွင်းမှာတော့မှာ ယာယီသမ္မတ ၁ ဦး တင်သွင်းပြီး ဒေါ်အောင်ဆန်းစုကြည်က နောက်ကွယ်က နေရပ်တည်သွားဖို့ စီစဉ်ထားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။
NLD ပါတီအနေနဲ့ အစိုးရသစ်ဖွဲ့ပြီး သမ္မတသစ်တင်ပြီးရင်လည်း ဆက်လက်ပြီး ၅၉(စ)ကိုပြင်ဆင်ဖို့နဲ့ ဒီဥပဒေပြင်ဆင်ပြီးရင် NLD ပါတီက တင်ထားတဲ့ သမ္မတက နှုတ်ထွက်ကာ ဒေါ်အောင်ဆန်းစုကြည်က ဒုသမ္မတလောင်းနာမည်စာရင်းသွင်းဖို့လုပ်ဆောင်နိုင်တယ်လို့လည်း NLD ပါတီက သတင်းတွေထွက် ပေါ်နေပေမဲ့ အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
NLD ပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရထားတာကြောင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွင် အမတ်နေရာအများစု အနိုင်ရရှိထားရာ ပြည်သူ့လွှတ်တော်အတွက် သမ္မတလောင်း ဒုတိယသမ္မတ ၁ ဦး၊ အမျိုးသားလွှတ်တော်အတွက် သမ္မတလောင်း ဒုတိယသမ္မတ ၁ ဦး တင်သွင်းခွင့်ရရှိမှာဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေကလည်း သမ္မတလောင်း ဒုတိယသမ္မတ ၁ ဦးတင်သွင်းရမျှာဖြစ်ပါတယ်။ ဒီထဲကနေ မဲအများဆုံးရ သူက သမ္မတဖြစ်လာမှာ ဖြစ်ပါတယ်။