သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ပြေလည်အောင် ဖြေရှင်းသွားဖို့ သမ္မတဦးသိန်းစိန် ကတိပြု


သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို အလွဲသုံးစား လုပ်ပြီး အမုန်းတရားပွားစေ တဲ့ ပြောဆိုမှုတွေဟာ ပဋိပက္ခတွေကို ပိုကြီးထွားစေတာမို့ သတိပြုရှောင်ရှားဖို့ သမ္မတ ဦးသိန်းစိန်က ရခိုင်ပဋိပက္ခဆိုင်ရာ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ အခြေခံဟာ လူဦးရေ ပေါက်ကွဲမှု မြင့်မား တဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတာနဲ့ ဒေသတွင်း လူထုရဲ့ လူမှု စီးပွား အခြေအနေ နိမ့်ကျမှုရဲ့ နောက်ဆက်တွဲ ကျဉ်းမြောင်းတဲ့ အမြင်ရှိမှုတွေက အဓိက ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက နယ်မြေ တည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့အတွက် အဓိကကျတဲ့ တရားဥပဒေ စိုးမိုးရေး အစီအမံတွေကို ချမှတ်ဆောင်ရွက်ဖို့ ပထမဦးဆုံး လုပ်ဆောင်မယ်လို့ သမ္မတက ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ထိရောက်စွာ အရေးယူမှာ ဖြစ်သလို ပျက်စီးဆုံးရှုံး နစ်နာရသူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုပါ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ပဋိပက္ခတွေ ထပ်မတိုးလာစေ ဖို့အတွက် တရားမဝင် ဆက်လက် ဝင်ရောက်လာသူများ ဟန့်တားရေးနဲ့ ထိရောက် စွာအရေးယူတာတွေအပြင် လုံခြုံရေး အစီအမံတွေကို ချမှတ်သွားမယ်လို့လည်း ပြော ဆိုခဲ့ပါတယ်။

အနာဂတ်မှာ အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပြီး နိုင်ငံသား တဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရအဖွဲ့က အစဉ်လေးစား အကာကွယ် ပေးသွားမှာဖြစ်ကြောင်းလည်း အလေးထား ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG