သုံးရလွယ်ကူစေသည့် Link များ

ဒူးချီးရားတန်းအရေး စုံစမ်းရေးကော်မရှင်ဖွဲ့


မောင်တောမြို့နယ် ဒူးချီးရားတန်းရွာ အကြမ်းဖက်မှု ကော်မရှင်သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ - MOI Webportal Myanmar)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာနဲ့ ဒုချီးရာတန်း (အနောက်)ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေထဲက ဖြစ်ရပ်မှန်တွေကို စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းရေးကော်မရှင် တစ်ရပ်ကို သမ္မတ ဦးသိန်းစိန် က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မရှင်မှာ ပါဝင်သူတွေ ကတော့ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး အတွက် ကြိုးစားမယ်လို့ ပြောဆို ထားသလို၊ ကော်မရှင် ရဲ့ ဆောင်ရွက်ချက်တွေဟာ ဘယ်လောက် ဘက်လိုက်မှု ကင်းမလဲ ဆိုတာကိုလည်း စောင့်ကြည့်နေတယ်လို့ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်က ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ဒုချီးရားတန်းကျေးရွာ စုံစမ်းရေး ကော်မရှင် အလုပ်လုပ်နိုင်ခွင့်ရမယ့် ရက်ပေါင်း ကတော့ ရက်ပေါင်း ၂၀ လောက်သာ အချိန်ရမှာ ဖြစ်ပြီးတော့ ကော်မရှင်ရဲ့ စိစစ်တွေ့ရှိချက်တွေကို အခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တင်ပြဖို့ရက် သတ်မှတ်ပေးထားတာကို တွေ့ရတယ်လို့ ဒေါက်တာငွန်ကျုံးလျန် က ပြောပါတယ်။ စုံစမ်းမယ့် ကော်မရှင်အနေနဲ့ အဓိက ကျတဲ့ အချက်ကြီး ၅ ချက်ကို စုံစမ်းဖော်ထုတ်ရမှာဖြစ်တယ်လို့ ဒေါက်တာ ငွန်ကျုံးလျန်က ဗွီအိုအေ ရဲ့ မေးမြန်းမှုကို အခုလို စဖြေပါတယ်။

"အခုအချိန်အထိ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းရဲ့ ကိစ္စပေါ့နော်။ သူ့သေနက်ကိုလည်း မရသေးဘူး။ သူ့ရဲ့ အလောင်းကိုလည်း အခုအချိန်အထိ မတွေ့ရသေးဘူး။ အဲ့ဒီ့ကိစ္စကို အသေးစိတ် စုံစမ်းဖို့။ နောက်ပြီးတော့ ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်တာဟာ ရိုးရိုးသားသား လောင်တာလား။ ဒါမှမဟုတ် တခြား အကြောင်းကြောင်းမျိုးကြောင့် ဖြစ်သွားတာလားဆိုတဲ့ ကိစ္စ၊ နောက်ပြီးတော့ သတင်းဌာနတွေကလည်း ဒီသတင်းတွေ ထုတ်ပြန်တဲ့အခါမှာ သတင်းတွေဟာ မှန်ကန်မှုရှိလားဆိုတဲ့ ကိစ္စ၊ နောက်ပြီးတော့ သေဆုံးတဲ့သူ၊ ဒဏ်ရာရ သေဆုံးသူ အများကြီးရှိတယ်လို့ ပြောထားတဲ့ သတင်းတွေလည်းရှိတာကိုး၊ ဒဏ်ရာရတဲ့သူ နေအိမ် ပျက်စီးတဲ့သူတွေ အဲ့တာတွေကို အသေးစိတ် စုံစမ်းပြီးတော့ ခိုင်မာတဲ့သတင်းကို တင်ပြဖို့၊ နောက်ဆုံးကတော့ ဒါမျိုး နောက်ထပ် တခါ မဖြစ်ပွားရအောင် ဘယ်လိုကြိုတင် ကာကွယ်စောင့်ရှောက်ရမလဲ ဆိုတာ အဲ့ဒီ့အချက်ကြီး ငါးချက်အပေါ်မှာ ဒီကော်မရှင်ကို ဒီအချက်ကြီး ငါးချက်ကို ဖော်ဆောင်ဖို့ ဒီကော်မရှင်ကို ဖွဲ့ထားတာဖြစ်ပါတယ်။"

ကော်မရှင် အနေနဲ့ စုံစမ်းရမယ့် အပိုင်းတွေကလည်း များနေတော့ ဒီရတဲ့ ရက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်ရမယ့် အခြေအနေဖြစ်နေတဲ့ အတွက် ဘယ်တော့လောက်များ ကော်မရှင်ရဲ့ လုပ်ငန်းတွေ စတင်မလဲ ခင်ဗျ။

"ကျနော်တို့ အမြန်ဆုံး ထိုင်ဖို့တော့ လုပ်နေပါတယ်။ အခု ဒေါက်တာ ကျော်ရင်လှိုင်က အခု အဲ့ကိစ္စတွေကို လိုက်ပြီးတော့ လုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ကလည်း ဒီနေ့နဲ့ ၇ရက်ဆိုတော့ ကျနော်တို့မှာ အချိန်က ရက် ၂၀လောက်ပဲ ကျန်ပါတော့တယ်။ ဒီအတောအတွင်း ဒီကိစ္စကို အတတ်နိုင်ဆုံး နိုင်ငံတော်သမ္မတဆီ တိုက်ရိုက်အစီရင်ခံဖို့ အတတ်နိုင်ဆုံး ကျနော်တို့ဘက်က ပြင်ဆင်နေပါတယ်။"

ကော်မရှင်မှာ ပါဝင်တဲ့သူတွေကတော့ ဘာသာပေါင်းစုံနဲ့ အဖွဲ့အစည်းပေါင်းစုံကို အခြေခံထားပြီးတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာလှရွှေကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးထားပြီးတော့ ကော်မရှင် အတွင်းရေးမှူးကတော့ အရင် ရခိုင်ပြည်နယ်အရေး စုံစမ်းရေး ကော်မရှင်မှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက် ခဲ့တဲ့ ဒေါက်တာကျော်ရင်လှိုင်ကို တာဝန်ပေး ထားတာကိုလည်း တွေ့ရပါတယ်။

"မျှမျှတတနဲ့ ပါဝင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌက ကျနော်တို့ ကော်မရှင် ဥက္ကဋ္ဌအဖြစ်နဲ့ နောက်တခုက ပါမောက္ခ ထွန်းအောင်ချိန် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က အဖွဲ့ဝင်ဖြစ်မယ် နောက် ကျနော် ပါဝင်ပါတယ်။ နောက် ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ညီညွတ်ရေး အဖွဲ့က သုံးယောက်လောက်ပါမယ်။ နောက် အငြိမ်းစား သံအမတ်ကြီး တစ်ယောက်ပါမယ်။ နောက် စစ်တွေ ရပ်မိရပ်ဖနဲ့ မောင်တော ရပ်မိရပ်ဖပါမယ်။ ကော်မရှင်အတွင်းရေးမှူး အနေနဲ့ဒေါက်တာကျော်ရင်လှိုင်က လုပ်ပေးမှာပါ။ သူကလည်း ရခိုင် ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ အတွင်းရေးမှူးလုပ်ခဲ့တဲ့သူပါ။ အဲ့တော့ သူလည်း ပြန်ဝင်လာပါမယ်။ နောက်ပြီးတော့ အရင်တုန်းက ပါတဲ့ ဟာဂျီဦးတင်မောင်ဝင်းလည်း ပြန်လာပါတယ်။ သူကလည်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ လက်ရှိ အလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်ပါတယ်။"

ဒေါက်တာ ငွန်ကျုံးလျန် ပြောသွားခဲ့တာပါ။ ကော်မရှင်အနေနဲ့ သူရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်တဲ့ အခါမှာ ကော်မရှင်ရဲ့ လုံခြုံရေးကို နိုင်ငံတော်သမ္မတ ရုံးနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံပေးရ မှာဖြစ်တယ်လို့ သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ ပဋိပက္ခတွေ ဖြစ်တိုင်း စုံစမ်းရေးကော်မရှင်တွေ၊ ကော်မတီတွေ ကို နိုင်ငံတော်သမ္မတအမိန့် နဲ့ ဖွဲ့စည်းပေမဲ့လည်း ထိရောက်မှုပိုင်းမှာ အားနည်းနေတာကို မကြာခနတွေ့ရပြီးတော့ အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင် အနေနဲ့ ဒုချီးရားတန်းကိစ္စမှာ ဘယ်လောက်စုံစမ်းနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်အဖွဲ့ရဲ့ မူဝါဒ အကြံပေးလည်းဖြစ်၊ မွတ်စလင် ဘာသာဝင်တစ်ဦးလည်း ဖြစ်တဲ့ ဦးထွန်းကြည်က ဗွီအိုအေ ကို ပြောပါတယ်။

" ကော်မရှင်ဖွဲ့တယ်ဆိုတာက အမှန်တရားဖော်ထုတ်တာပဲလေ။ အမှန်တရားဖော်ထုတ်မယ့်သူတွေရဲ့ အမှန်တရားအပေါ်မှာ ထားတဲ့ စိတ်စေတနာပေါ့ အဲ့တာကလည်း မှန်ကန်ဖို့ လိုလိမ့်မယ်လေ။ အဲ့တာမှလဲ Fair မျှတမယ်။ Justic ဖြစ်မယ်လေ။"

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာနဲ့ ဒုချီးရာတန်း (အနောက်)ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေကပါ မြန်မာ အစိုးရရဲ့ ဖြေရှင်းဆောင်ရွက်ပုံတွေ ကို စောင့်ကြည်နေတာပါ။ ဒီရက်ပိုင်းထုတ်တဲ့ အစိုးရပိုင်သတင်းစာတွေမှာတော့ ဒုတိယသမ္မတ ဦးညဏ်ထွန်းဦး အပါအဝင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ဒေသတွင်း တည်ငြိမ်ရေးတွေ အတွက် ကွင်းဆင်းဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေကိုလည်း တောက်လျောက်ဖော်ပြနေတာတွေ့ရပါတယ်။
XS
SM
MD
LG