သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးကွဲမှုပြဿနာ သမ္မတကိုယ်တိုင် ကိုင်တွယ်


ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်လို့ မသင်္ကာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရထားသူတွေဟာ အဖွဲ့အစည်း တခုခုနဲ့ ဆက်နွယ်မှု ရှိနိုင်ပြီး သူတို့ကို တစုံတဦးက ငွေပေးခိုင်းလို့ လုပ်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီကနေ့မှာ ရန်ကုန်မြို့တဝိုက်နဲ့ တခြား ဒေသတွေမှာ နောက်ထပ်ဗုံးတွေ မတွေ့တော့ပေမဲ့လည်း လူထုအကြား ဗုံးလန့်တာတွေကတော့ မကြာခဏ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမှာရှိတဲ့ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်မှုနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့သူတွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်နေတာမှာ သူတို့ဟာ အဖွဲ့အစည်း တခုခုနဲ့ ဆက်နွယ်မှု ရှိနိုင်တယ်ဆိုတာကို တွေ့ရှိရတဲ့အကြောင်း စုံစမ်း စစ်ဆေးမှုနဲ့ နီးစပ်တဲ့ ရဲတပ်ဖွဲ့ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“အချိန်တန်ရင် သိရပါလိမ့်မယ်။ လောလောဆယ်တော့ မထုတ်ပြန်သေးဘူးခင်ဗျ။ အထုတ်ပြန်မခိုင်းသေးပါဘူး။”

မေး။ ။ သူတို့ကို အခု စစ်ဆေးပြီးသလောက်ပေါ့နော် စစ်ဆေးပြီးသလောက်ဆိုရင် တခြားအဖွဲ့အစည်းတွေနဲ့ ပြည်ပအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နယ်စပ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဆက်နွယ်မှုရှိတယ် ဘာညာများ သိရပါသလားခင်ဗျ။
ဖြေ။ ။ “ဆက်နွယ်မှုရှိပါတယ်။ တယောက်က ခိုင်းလို့ လုပ်ရတာပါ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ပိုက်ဆံပေးခိုင်းလို့ လုပ်ရတာပါ။ စစ်ဆေးရေးကာလပဲဖြစ်ပါသေးတယ်။”

မေး။ ။ အခု ကွဲတဲ့ဟာတွေက ဗုံးတွေဆိုတာတော့ သေချာပါတယ်နော် ရဲမှူးကြီး။
ဖြေ။ ။ “သေချာပါတယ်။ သေချာလည်း ထုတ်ပြန်ပေးထားတာပဲ။ ဟိုနေရာမှာတွေ့တဲ့အိတ်အမည်းဟာ ဘုန်းကြီးတွေကျန်ခဲ့တာဖြစ်တယ်။ ဟိုဟာတွေဆိုလည်း ကြော်ငြာတွေကျန်ခဲ့တာ အဲ့ဒါတွေရှိတယ်လေ။ ဗုံးမှန်သမျှ ဗုံးဆိုတာ ထုတ်ပြန်ပေးထားတာပဲ။ သေချာအောင်လည်း BE အဖွဲ့အကူနဲ့ စစ်ပြီးပြီလေ။ မသေချာဘဲ မဟုတ်တာကြီးကိုတော့ အဟုတ်လုပ်ပြီး ကျနော်တို့ မပြောပါဘူးခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ ဆိုတော့ အဲ့ဒီ တခြား ပြည်နယ်တိုင်း ဒေသကြီးတွေမှာ ဖြစ်တာတွေနဲ့ သူတို့ ဆက်စပ်မှုရှိသလား ရဲမှူးကြီး။
ဖြေ။ ။ “အဲ့ဒါကို စစ်ဆေးဖော်ထုတ်နေပါတယ်။ စစ်ဆေးနေပါတယ်ခင်ဗျ။”

မေး။ ။ ရန်ကုန်မြို့တွင်းမှာဆိုရင်တော့ သေချာသလောက် သူတို့လက်ရာတွေ အကုန် ချိတ်ဆက်မှုဆိုတာ…
ဖြေ။ ။ “ဟုတ်ကဲ့ အဲ့ဒါ အဲ့ဒါတွေ သေချာပါတယ် ပေါ်ပေါက်ပါတယ်။”

မေး။ ။ ဒါဆိုလို့ရှိရင် သူတို့ကို ဘယ်လိုမျိုး ဆက်ပြီးတော့ အခု စစ်ဆေးပြီးလို့ရှိရင်တော့ သူတို့ကို သက်ဆိုင်ရာကို ဥပဒေလမ်းကြောင်းအရ သူတို့ကို ဆက်ပြီး…
ဖြေ။ ။ “လုပ်မှာပါခင်ဗျ။ ဥပဒေလမ်းကြောင်းအရလည်း ယူမယ်။ သတင်းစာရှင်းလင်းပွဲလည်း သူတို့ လုပ်မှာပါ။ ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့။”

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ဘယ်တော့လောက်များလုပ်နိုင်မယ်လို့ ခန့်မှန်းလဲ။
ဖြေ။ ။ “မပြောသေးဘူးခင်ဗျ။ စစ်ဆေးတဲ့ကာလကို အဖြေကို ကျနော်တို့ကတော့ ထုတ်ပြန်မှုမရှိသေးတဲ့အတွက် သတင်းစာရှင်းလင်းပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ ကျနော်တို့ အချိန်မသိရသေးပါဘူး။ အဲ့ဒါ လူကြီးတွေ ဆုံးဖြတ်ရမယ့်အလုပ် ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲတွေက ဆုံးဖြတ်မှာပါ။”

ရန်ကုန် စည်ပင်သာယာရေး နယ်နမိတ် အပါအဝင် တခြား တိုင်းဒေသကြီးတွေက မြို့ကြီးတချို့မှာပါ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံး တွေ့ရှိမှုတွေ မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဖြစ်ပေါ်နေတာပါ။

ဒီကနေ့မှာ နောက်ထပ် ဗုံးတွေ့တာမျိုး မရှိပေမဲ့လည်း မနေ့ညက ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဗုံးလန့်သွားတာ၊ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာ ဒီကနေ့ ၃ ကြိမ်တိုင်တိုင် ဗုံးလန့်မှု ဖြစ်သွားတာတွေကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုအကြား အကြောက်တရားဝင်ပြီး နေ့စဉ်လုပ်ငန်းတွေကိုပါ ထိခိုက်လာနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရ ပြောခွင့်ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ အခုလို ဗုံးလန့်မှုတွေ ဖြစ်ပေါ်နေတာဟာ လူထုအကြား နိုးကြားမှု ရှိလာတဲ့အတွက်ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

“ဗုံးလန့်တယ်ဆိုတဲ့ကိစ္စတွေကလည်း ကျနော်တို့က ပြဿနာမဟုတ်ပါဘူး။ ပြည်သူတွေက အကုန်လုံးက နိုးကြားတဲ့အတွက်ကြောင့်မို့ ဒါက ပြောမှာပဲ။ ပြောရင် ကျနော်တို့က လိုက်ရှင်းရမှာပဲ။ ဒါကတော့ ကျနော်တို့ ဟို စိုးရိမ်စရာကိစ္စမဟုတ်ပါဘူး။ ပြည်သူတွေက Awareness ပိုကောင်းလာတာနဲ့အမျှ ဒီလို သတင်းပေးမှုတွေ ပိုများလာမှာပဲ။ ဒါတွေကတော့ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေအတွက် ပိုပြီး အကျိုးရှိပါတယ်။”

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ အ၀၀ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထဲရေးဝန်ကြီးနဲ့ နေ့စဉ်တွေ့ဆုံပြီး ကိုင်တွယ် လုပ်ဆောင်နေတယ်လို့ ဦးရဲထွဋ်က ဆက်ပြောပါတယ်။

“၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်မှာ စပြီး ဖြစ်တဲ့အချိန်ကစလို့ တောက်လျှောက် သမ္မတကြီးဆီကို သတင်းပို့ပြီးတော့ သမ္မတကြီးကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးနဲ့ နေ့စဉ် တွေ့ဆုံပြီးတော့မှ အဲ့ဒီကိစ္စတွေ ကိုင်တွယ်နေပါတယ်။ လုပ်ဆောင်မှုတွေကတော့ သမ္မတကြီးတို့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရော၊ တိုင်းဒေသကြီးအစိုးရတွေရော၊ အများပြည်သူ ဝင်ထွက်သွားလာတဲ့နေရာတွေမှာ လုံခြုံရေး သတိရှိဖို့ ပြည်သူတွေကို နှိုးဆော်ဖို့ရယ်၊ နောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပိုပြီးတော့မှ လုံခြုံရေးတွေ တိုးမြှင့်ချထားဖို့ရယ် ကျနော်တို့ လုပ်နေပါတယ်။ မနေ့ကတော့ ဟိုတယ်နဲ့ ခရီးက ဒုတိယဝန်ကြီးကိုယ်တိုင် ဟိုတယ်တွေကို သွားရောက်တွေ့ဆုံပြီးတော့မှ လုံခြုံရေးကိစ္စတွေ ပြောတာရှိပါတယ်။”

မြန်မာနိုင်ငံဟာ မကြာခင်မှာ SEA GAMES လို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးရတော့မှာ ဖြစ်တဲ့အတွက် အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စက အဲဒီလို နိုင်ငံတကာပွဲတော်တွေ ဘေးကင်းလုံခြုံစွာ ကျင်းပပေးနိုင်ရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာကိစ္စ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အဲဒီလို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေ ဘေးကင်းစွာ ကျင်းပနိုင်ရေးအတွက် သူတို့အနေနဲ့ လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ကတော့ လုံခြုံရေးကတော့ ဒီ SEA GAMES ကာလကျတော့ ကြိုပြီးတော့ လုပ်မှာပေါ့ဗျာ။ လန်ဒန်တို့ ဘာတို့မှာလည်း ဒီလိုမျိုး ပေါက်ကွဲမှုမျိုးတွေ ဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ လန်ဒန်က အိုလံပစ်ကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်တာပဲ။ ဒါ ဘယ်နိုင်ငံမှာမဆို ကြီးကျယ်တဲ့ အခမ်းအနားကြီးတွေ ပြုလုပ်တိုင်း ပြုလုပ်တိုင်းမှာတော့ ဒီလို အကြမ်းဖက်မှုမျိုးတွေနဲ့ ရင်ဆိုင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိတာပေါ့။ သို့သော် သက်ဆိုင်တဲ့ အိမ်ရှင်နိုင်ငံတွေကတော့ အကောင်းဆုံး လုပ်ဆောင်ခဲ့တာပဲလေ။ ဒီလိုမျိုးပဲ ကျနော်တို့နိုင်ငံလည်း ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။”

မေး။ ။ ပြည်သူလူထု အသိပေးချက်ပဲဖြစ်ဖြစ်၊ သတိပေးချက်ပဲဖြစ်ဖြစ် ဟိုဟာပေါ့ ပြည်ထောင်စုအစိုးရကနေပြီးတော့ မကြာခင် ထပ်ပြီးတော့ ထုတ်ပြန်မှုများ လုပ်ဖို့ရှိပါသလားခင်ဗျ။
ဖြေ။ ။ “သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့မှ ရန်ကုန်တိုင်းမှာရော၊ ကျန်တဲ့ဒေသတွေမှာရော ထုတ်ပြန်ထားတာရှိပါတယ်။ ကျနော်တို့ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ မသင်္ကာဖွယ်ရာ ဖမ်းဆီးရမိထားသူ ၁ ယောက်ရယ်၊ ထွက်ပြေးတိမ်းရှောင်နေသူ ၁ ယောက်ရယ်နဲ့ ပတ်သက်တဲ့ အချက်တွေကို သိလို့ရှိရင် ချက်ချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သတင်းပေးဖို့ ဆိုပြီးတော့မှ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေပြီးတော့မှ နေ့လည် ၁၁ နာရီကစပြီး နာရီဝက်ကို တကြိမ်၊ အဲ့ဒီလူ ၂ ယောက်ရဲ့ ဓာတ်ပုံကို ဖော်ပြပြီးတော့ လွှင့်ပေးနေပါတယ်ခင်ဗျ။”

ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်စဉ်က ထိခိုက်ဒဏ်ရာသွားတဲ့ အမေရိကန် နိုင်ငံသူကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးကုသမှု ခံယူဖို့အတွက် မနေ့က ပြောင်းရွေ့သွားပြီ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ လူထုအကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပေမယ့်လည်း ရန်ကုန်မြို့ခံတွေကတော့ သူတို့ရဲ့ ပုံမှန်လုပ်ငန်းတွေကို အရှိန်မပျက် ဆက်လက် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အပါအဝင် နိုင်ငံတော်အစိုးရက လုံခြုံရေးကို အကန့်အသတ်မရှိ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြောဆိုနေပေမဲ့လည်း ရန်ကုန်မြို့လယ်မှာတော့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေကို ပေါ်ပေါ်တင်တင် ချထားတာမျိုး မတွေ့ရပါဘူး။
XS
SM
MD
LG