သမ္မတကရွေးချယ်ခန့်အပ်ထားတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၁၄)ခုရဲ့ ဝန်ကြီးချုပ် အမည်စာရင်းတွေကို သက်ဆိုင်ရာလွှတ်တော်အသီးသီးမှာ ဒီကနေ့ တနင်္လာနေ့မှာ တင်သွင်းပြီး အတည်ပြုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်လာမယ့် အမျိုးသမီးဝန်ကြီးချုပ် (၂)ဦးရဲ့ အမည်တွေလည်းပါဝင်နေတာပါ။
ဝန်ကြီးချုပ်အဖြစ ်လျာထားခံရသူတချို့ရဲ့ သဘောထားတွေနဲ့ အစိုးရသစ်အဖွဲ့ရဲ့ ဝန်ကြီးချုပ်တွေအပေါ် မျှော်လင့်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
ရွေးကောက်တင်မြှောက်ခံထားရထားတဲ့ သမ္မတ ဦးထင်ကျော် ရွေးချယ်ထားတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၄)ဦးစလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ မနေ့က ညနေပိုင်းမှာ ညွန်ကြားချက်အတိုင်း သမ္မတဦးထင်ကျော်ပေးပို့ထားတဲ့ အမည်စာရင်းစာအိတ် တွေကို သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌ တွေက ဖွင့်ဖောက်ခဲ့ကြတာဖြစ်ပြီး အဲဒီထဲမှာတော့ အမျိုးသမီးဝန်ကြီးချုပ် (၂)ဦး ပါဝင်ပါတယ်။
တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံထားရတဲ့ ဒေါက်တာလဲ့လဲ့မော်က ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။
“ပြည်သူတွေက ကိုယ့်ကိုအဲလိုမျိုးယုံကြည်အားကိုးစွာနဲ့ မဲထည့်လိုက်တဲ့အတွက်ကြောင့်မို့ အမတို့က ပိုပြီးတော့တာဝန်ကြီးတဲ့သဘောဖြစ်တာပေါ့နော်။ ဝန်ကြီးချုပ်ရယ်မဟုတ်ပါဘူး ဝန်ကြီးအဖွဲ့မှာလည်း တာဝန်ကြီးလေးတာပါပဲ။ လွှတ်တော်ကိုယ်စားလှယ်အားလုံးမှာလည်း တာဝန်ကြီးလေးတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ကိုယ့်ကို ယုံယုံကြည်ကြည်အားကိုးလိုက်တြံ ယုံကြည်ချက်တခုကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးပါ့မယ်ဆိုပြီးတော့ အမ အမြဲတမ်းခံယူပါတယ်။ ဘယ်အကြောင်းအရာမဆို ပြည်သူက အားကိုးအားထိုက်ဖြစ်တဲ့အစိုးရ ဖြစ်အောင်ပဲ အမက လုပ်ပေးချင်ပါတယ်။”
ပြည်နယ်ဝန်ကြီးချုပ်တွေထဲမှာ ကယားပြည်နယ်အတွက် လျာထားခံရတဲ့ ဦးအယ်လ်ဖောင်းရှိုးကတော့ သူရဲ့သဘောထားကို ဗွီအိုအေကို အခုလိုပြောပါတယ်။
“ တိုင်းရင်းသားတွေအားလုံးနဲ့ တွေ့ဆုံပြီးတော့ ကောင်အထည်ဖော်ဆောင်ရွက်သွားမယ်။ ဦးစီးဦးဆောင်ပြုပြီးတော့မှ ငြိမ်းချမ်းရေးကို ကျနော်တို့ ဦးစားပေးသင့်ပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက်သာ ဒါတွေပါပြီးသားလေ။ ဖွံ့ဖြိုးတိုးတက်ဖို့တော့ ကျနော်တို့ ဘက်စုံ တက်နိုင်သလောက် အကောင်းဆုံး ရွက်ဆောင်ပေးဖို့လိုပါတယ်။”
ဒီဝန်ကြီးချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် ဗဟိုအစိုးရနဲ့ ဟန်ချက်ညီဆောင်ရွက်ဖို့ လိုအပ်တယ်လို့ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှုး ကိုမျိုးရန်နောင်သိမ်းကပြောပါတယ်။
“အဓိကတော့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက သူတို့အနီးကပ်ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဒေသ ၊ တိုင်းနဲ့ ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဦးဆောင်ကြမှာပါ။ ဒေသတခုခြင်းမှာ ရှိနေတဲ့ ပြဿနာတွေကို အဲဒီဝန်ကြီးချုပ်တွေက သူတို့ အနိစ္စဓူ၀ ကိုင်တွယ်ဖြေရှင်းရမယ်။ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေဆိုရင် သူတို့ဆုံးဖြတ်လို့မရတဲ့ ကိစ္စတွေဆိုရင်ပေါ့ ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ပေးလိမ့်မယ်။ မည်သို့ပင်ဆိုစေ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသည် အဲဒီဒေသကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းမှာဖြစ်လို့သူတို့ရဲ့ စွမ်းဆောင်ရည်မြှင့်မားဖို့ အရေးကြီးပါတယ်။ ပြည်ထောင်စုအစိုးရ နဲ့ ချိန်ဆက်ဆောင်ရွက်နိုင်မှု၊ပြည်ထောင်စုအစိုးရနဲ့ ဟန်ချက် ညီညီလုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။”
သမ္မတ ဦးထင်ကျော် ပို့လိုက်တဲ့ အမည်စာရင်းတွေထဲမှာ ရှမ်းပြည်နယ်အတွက် ဒေါက်တာလင်းထွဋ်၊ ချင်းပြည်နယ်အတွက် ဦးဆလိုင်းလျန်လွယ်၊ မွန်ပြည်နယ်အတွက် ဦးမင်းမင်းဦး၊ ကရင်ပြည်နယ်အတွက် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်အတွက် ဦးညီပု နဲ့ ကချင်ပြည်နယ်အတွက် ဒေါက်တာ ခက်အောင် တို့ဖြစ်ပါတယ်။ ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာတော့ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခန့်အပ်ထားသူတွေဟာ အနိုင်ရ တိုင်းရင်းသားပါတီတွေက မဟုတ်တဲ့အတွက် ကျေနပ်မှုမရှိကြောင်း တိုင်းရင်းသားပါတီခေါင်းဆောင်တွေကပြောပါတယ်။