သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် လန်ဒန် ပဲရစ်ခရီးစဉ်စတင်


သမ္မတဦးသိန်းစိန်
သမ္မတဦးသိန်းစိန်
သမ္မတဦးသိန်းစိန်ဟာ ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေကို ခရီးစတင် ထွက်ခွာသွားပြီဖြစ်ပါတယ်။ ခရီးစဉ်အတွင်း လန်ဒန်မြို့တော် Downing လမ်းနေအိမ်မှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဗြိတိန်တာဝန်ရှိသူတွေ တွေ့ဆုံတဲ့အခါမှာ
ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးကြမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဗွီအိုအေ
မြန်မာပိုင်းကို ပြောပါတယ်။

သမ္မတဦးသိန်းစိန်ဟာ တနင်္လာနေ့ ညနေပိုင်းကျရင် နိုင်ငံတကာရေးရာတွေကို လေ့လာနေတဲ့ Chatham House မှာ မြန်မာနိုင်ငံ ရှေ့အလားအလာတွေနဲ့ စိန်ခေါ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခန်းမှာ ပါဝင်ဆွေးနွေးဖို့ ရှိပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague နဲ့လည်း သမ္မတဦးသိန်းစိန် တွေ့ဆုံဖို့ရှိတာမို့ တွေ့ဆုံချိန်မှာ လူ့အခွင့်အရေးတွေကို အသားပေးဆွေးနွေးဖို့ အတွက် မြန်မာ့ဒီမိုကရေစီရေး ဗြိတိန်ပါလီမန်အမတ်များအဖွဲ့ APPG က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဗြိတိသျှအစိုးရက ထောက်ခံတာ မှန်ကန်ပေမဲ့၊ မြန်မာအစိုးရက နိုင်ငံတွင်း ဖြေရှင်းဖို့ရှိနေတဲ့ တကယ့်ပြဿနာအဖွဲ့က မျက်ကွယ်ပြုထားဆဲမိုလို့ ဗြိတိသျှအစိုးရအနေနဲ့ မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အတိုင်းအတာတခုအထိ သတိနဲ့စောင့်ကြည့်ရမယ်လို့ ဗြိတိန်ပါလီမန်အမတ်များအဖွဲ့ APPG က ဒီကနေ့ပဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

လိင်အကြမ်းဖက်မှုတွေ၊ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေ၊ မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီလို လူ့အခွင့်အရေးအတွက် အရေးကြီးတဲ့ကိစ္စရပ်တွေမှာ တိုးတက်မှုရှိဖို့ စံသတ်မှတ်ချက်တွေ အချိန်ကန့်သတ်ချက်တွေ ထားပေးသင့်တယ်လို့လည်း သူတို့ရဲ့ကြေညာချက်မှာ ပြောထားပါတယ်။

မြန်မာအစိုးရရဲ့ ကတိကဝတ်တွေဟာ လက်တွေ့အကောင်အထည် ဖော်မှု မပါဘဲနဲ့ အပြောကြီးသက်သက် ဖြစ်နေတတ်တာကြောင့် အပြောထက် လက်တွေ့ကို စောင့်ကြည့်ရမယ်လို့ APPG အဖွဲ့ရဲ့ ဥက္ကဋ္ဌ က ပြောပါတယ်။ လူ့အခွင့်အရေးကိစ္စရပ်တွေမှာ တိုးတက်မှုမရခင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တာဟာ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ရဲ့အစိုးရ မတရား လုပ်မှုတွေကို ဆောင်ရွက်နေလို့ ရသေးတယ်လို့ထင်သွားအောင် အားပေးအားမြှောက်လုပ်သလို ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ၁၅ ရက်နဲ့ ၁၆ ရက် ဗြိတိန်ခရီးစဉ်ပြီးရင် ပြင်သစ်နိင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။
XS
SM
MD
LG