သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်က ဆီးရီးယားအရေး မဲပေးမှု ဆိုင်းငံ့ဖို့ အိုဘားမား ပန်ကြား


ဆီးရီးယားအစိုးရက သူတို့ရဲ့ ဓာတုလက်နက်တွေကို လက်လွှတ်လိုက်ဖို့ သဘောတူလိုက်တာကြောင့် ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူရင်ယူဖို့ လွှတ်တော်မှာ မဲခွဲတဲ့ကိစ္စကို ဆိုင်းထားဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတောင်းဆိုသွားပါတယ်။

အရပ်သားတွေကို ဓာတုလက်နက်နဲ့ အရင်လက တိုက်ခိုက်ခဲ့တာအတွက် ဆီးရီးယားအစိုးရကို ပြစ်ဒဏ်ပေးရမယ်လို့ သမ္မတ အိုဘားမားက စွဲစွဲမြဲမြဲ ပြောနေတာပါ။ ဒါပေမဲ့ စစ်ရေးထက် သံတမန်ရေးအရ အဖြေရှာဖို့ အရှိန်ပိုရလာတာ တွေ့ရပါတယ်။

ဆီးရီးယားနိုင်ငံမှာရှိတဲ့ ဓာတုလက်နက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ ဓာတုလက်နက်တွေ ဘယ်မှာထားရှိတယ် ဆိုတာတွေကို ဖွင့်ပြောမယ်၊ ဒီလိုလက်နက်အသုံးမပြုရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်မှက်ရေးထိုးမယ်လို့ ဆီးရီးယားအစိုးရက အင်္ဂါနေ့မှာပဲ ပြောသွားပါတယ်။

တနင်္လာနေ့ကတော့ ဓာတုလက်နက်တွေကို နိုင်ငံတကာရဲ့ ထိန်းချုပ်မှုအောက်ကို အပ်ရမယ်၊ ဓာတုလက်နက်တွေကို ဖျက်ဆီးခွင့်ပေးရမယ်ဆိုတဲ့ ရုရှားရဲ့ အစီအစဉ်ကို သဘောတူမယ်လို့ ဆီးရီးယားက ပြောသွားတာပါ။

ရုရှားရဲ့ အစီအစဉ်ကို သမ္မတ အိုဘားမားရဲ့ အစိုးရအဖွဲ့က သေချာစောင့်ကြည့်နေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးဖို့
နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ မနက်ဖြန် ကြာသပတေးနေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာတွေ့ဆုံမှာပါ။

အမေရိကန်သမ္မတ အိုဘားမားက ဒေသစံတော်ချိန် အင်္ဂါနေ့ညပိုင်း၊ အခုအချိန်နဲ့ဆို နောက်ထပ် (၂) နာရီလောက်မှာပဲ အမေရိကန်ပြည်သူတွေကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။
XS
SM
MD
LG