သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အာဆီယံ ခိုင်မာတဲ့ ဆက်ဆံရေး ထူထောင်ဖို့ အိုဘားမား တိုက်တွန်း


အမေရိကန်ပြည်တောင်စု နဲ့ အာဆီယံ အကြား ခိုင်မာတဲ့ ဆက်ဆံရေးဟာ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ တူညီတဲ့ အနာဂတ်မျှော်မှန်းချက် အတွက် လိုအပ်ချက်ဖြစ်တယ်လို့ အမေရိကန် သမ္မတ Barack Obama ကပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ အရှေ့အာရှထိပ်သီးညီလာခံရဲ့ အာဆီယံ-အမေရိကန် အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ သမ္မတအိုဘားမားက အခုလိုပြောဆို လိုက် တာပါ။ နေပြည်တော်မှာ ကိုယ်တိုင် သတင်းရယူနေတဲ့ အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က သတင်းပေးပို့ထားပါတယ်။

ကိုးကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Barack Obama က အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စု အကြား အမေရိကန်ပြည်တောင်စုနဲ့ အာဆီယံ အသင်းကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ပိုပြီး အားကောင်း အောင် တည်ဆောက်သွားမယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

"အာရှနဲ့ ပစိဖိတ်ဒေသရဲ့ တူညီတဲ့အနာဂတ်မျှော်မှန်းချက် အတွက် လိုအပ်ချက်ဖြစ်တယ် ဆိုတာကို သဘောပေါက်ကြတာနဲ့အမျှ ကျနော့်အနေနဲ့ အခုလို ထိပ်သီးအစည်းအဝေးတွေမှာတင် မဟုတ်ဘဲ နေ့စဉ်ဆိုသလို ဆက်လက်ပြီး ကြိုးစား အားထုတ်သွားမှာဖြစ်ပါတယ်။"

အရှေ့အာရှထိပ်သီးညီလာခံတက်ရောက်နေတဲ့ သမ္မတ အိုဘားမားဟာ အိမ်ရှင် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့လည်း မျက်နှာချင်းဆိုင်မြန်မာ့ အရေးဆွေးနွေး ကြပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က သမ္မတ အိုဘားမား ရဲ့ ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်နဲ့ မြန်မာ ၂ ဘက် ညှိနှိုှုင်းခဲ့ကြတဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး VOA ကို အခုလို ရှင်းပြပါတယ်။

" ကျနော်တို့က ဒီ(၁၁)ချက်လုံးအပေါ်မှာ အားလုံး response လုပ်ထားပြီး သားဖြစ်ပါတယ်။ အားလုံးမှာ တိုးတက်မှု ရှိနေပါတယ်။ ဒီတိုးတက်မှု ကို နှစ်ဘက်ကြားမှာ အကြိမ်ကြိမ် ပြန်ဆွေးနွေးပြီးတော့ ဒီ့ထက် ထပ် တိုးတက်အောင် လုပ်ဖို့ပဲ ရှိတယ်။ အဲ့ တခုရှိတာပေါ့နော်။ သိပ်ဆန္ဒစောပြီးတော့ သိပ်လောတယ် ဆိုရင်တော့လည်း အဲ့လောက်ကြီးတော့ ကျနော်တို့မှာလည်း လူ့စွမ်းအား အခက်အခဲတွေရှိတယ်။ ကျနော်တို့နိုင်ငံက ဆင်းရဲတွင်းက ထူထောင် ကြိုးစားနေတဲ့ နိုင်ငံဖြစ်တဲ့အခါကျတော့ ကျနော်တို့လည်း တတ်နိုင်သလောက် ကြိုးစားနေတယ်။ နော် ဒီအချက်တွေ အားလုံးက ကျနော်တို့က ကိုယ့်ဆန္ဒနဲ့ ကိုယ် ထုတ်ဖော်ကြေညာခဲ့တာပါ ဒေါ်ခင်စိုးဝင်း ပြန်ကြည့်လို့ရှိရင် ကျနော်တို့က ဒါ အမေရိကန်နဲ့ နှစ်ဖက် ပူးတွဲပြီးတော့ ကြေညာခဲ့တာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ နှုံး ကျနော်တို့ရဲ့ ခြေလှမ်းနဲ့ တနေ့ ရောက်အောင် သွားမယ်ဆိုတာ ပြောကြားလို ပါတယ်။"

အရှေ့အာရှ ထိပ်သီးညီလာခံ တက်ရောက်နေတဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Takehiko Nakao ကတော့ Asean ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အသင်းဝင်နိုင်ငံတွေ အားလုံး ၂၀၁၅ ခုနှစ်လွန်ကာလ တသားတည်း ဆက်စပ်ပေါင်းစည်းရေးအတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးအရ အားနည်းတဲ့ မြန်မာအပါအဝင် နိုင်ငံငယ်တွေကို ADB က ပံ့ပိုးနေတဲံအကြောင်း VOA နဲ့ သီးသန့်တွေ့ဆုံခန်းမှာအခုလိုပြောပါတယ်။

"ဗီယက်နမ်နိုင်ငံကို အထူးအတိုးနှုံးနဲ့ရော သာမန်အတိုးနှုှုံးနဲ့ပါ ဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေ အတွက်ငွေချေးပေးနေသလို၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ အတွက်လည်း အထူးသက်သာတဲ့ အတိုးနှုံး အပြင်၊ နှစ်ရှည်ချေးတဲ့ အစီအစဉ်တွေ၊ နည်းပညာတွေနဲ့ပါ ပံ့ပိုးပေးနေပါတယ်။ ဗီယက်နမ်နိုင်ငံ ကတော့ တခြား ဖွံ့ဖြိုးတဲ့ အာဆီယံနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ အတော်လေးခြေလှမ်းသွက်နေပေမဲ့ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတော့ အချိန်ယူကြရအုံးမှာဖြစ်ပါတယ်။ အာဆီယံစီးပွားရေး အသိုက်အဝန်း ထူထောင်ရေး အထမြောက်အောင် ADB က ဝိုင်းဝန်းပံ့ပိုးနေပါတယ်။"

အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ အာဆီယံ ရဲ့ အချက်အခြာကျတာကို ထိန်းသိမ်းရေး ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေး အတွက် သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို စုပေါင်း ကိုင်တွယ်ဖြေရှင်းသွားရေး၊ အာရှနဲ့ ပစိဖိတ် ဒေသတခွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသဆိုင်ရာ ပေါင်းစည်းမှု ခိုင်မာစေရန် ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့ကိုလည်း အလေးထား ဆွေးနွေးခဲ့ပါတယ်။

မနက်ဖြန် သောကြာနေ့မှာတော့ သမ္မတ အိုဘားမားဟာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ထွက်ခွာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆူးလေ အနီးတဝိုက်နဲ့ အတွင်းဝန်များ ရုံးကို လေ့လာဖို့ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ သူ့ရဲ့နေအိမ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲ့ကနေ ပြီးရင် လူငယ်တွေနဲ့တော့ စိန်ရတုခမ်းမမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG