သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား မိန့်ခွန်း


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အိမ်ဖြူတော်ရဲ့ Oval ရုံးခန်းကနေ မိန့်ခွန်းပြောစဉ် ။ (ဒီဇင်ဘာ ၆၊၂၀၁၅)
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အိမ်ဖြူတော်ရဲ့ Oval ရုံးခန်းကနေ မိန့်ခွန်းပြောစဉ် ။ (ဒီဇင်ဘာ ၆၊၂၀၁၅)

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က တနင်္ဂနွေနေ့ ည ၈ နာရီမှာ Oval ရုံးခန်းကနေ အမေရိကန်ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ် San Bernardino မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး FBI က အချက်အလက်တွေ စုဆောင်းနေဆဲပဲ လို့ပြောပါတယ်။ အခုအချိန်အထိတော့ သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ၂ ဦးဟာ နိုင်ငံရပ်ခြားက ကျယ်ပြန့်တဲ့ အကြမ်းဖက် ကွန်ယက်အဖွဲ့တွေနဲ့ ဆက်စပ်နေသူတွေ ဖြစ်ကြောင်း အထောက်အထား တစုံတရာတော့ မရသေးဘူးလို့ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်ကို ကာကွယ်ဖို့ ခိုင်ခိုင်မာမာ လုပ်ဆောင်ထားတာ ဖြစ်ပြီး နိုင်ငံရပ်ခြားက အကြမ်းဖက် ကွန်ယက်အဖွဲ့တွေကိုလည်း အမေရိကန်စစ်တပ်က မရပ်မနား လိုက်လံခြေမှုန်းနေတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် အကြမ်းဖက်သမားတွေဟာ အခုဆိုရင် ကယ်လီဖိုးနီးယားမှာ ဖြစ်ပွားခဲ့တဲ့ ရှုပ်ထွေးမှု သိပ်မရှိလှဘူးလို့ သတ်မှတ်လို့ ရတဲ့ တိုက်ခိုက်မှုမျှိုးလို ပုံစံပြောင်း လုပ်ဆောင်လာနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်သူတွေအနေနဲ့ ချက်ချင်း ကုလို့ မပျောက်တဲ့ ကင်ဆာဝေဒနာနဲ့ ရင်ဆိုင်နေရသလို ခံစားနေရတာကို နားလည်ပေမယ့် ဒီ အိုင်အက်စ် စစ်သွေးကြွတွေကို အမေရိကန်က ခြေမှုန်းနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန် စစ်တပ်အနေနဲ့ အကြမ်းဖက်ခေါင်းဆောင်တွေ ဘယ်နိုင်ငံမှာ ပုန်းခိုနေနေ ရအောင်လိုက်ရှာမှာ ဖြစ်ကြောင်းကတိပေးခဲ့ပါတယ်။

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ ရှိတဲ့ အိုင်အက်စ်တွေ ကိုတိုက်ဖို့ အဲဒီက တပ်ဖွဲ့တွေကို အမေရိကန်တွေက လေ့ကျင့်ရေးနဲ့ လက်နက်တွေ ဆက်ပြီးပေးနေမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံက မိတ်ဆွေတွေ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

အခုအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဆီးရီးယားစစ်ပွဲ အဆုံးသတ်စေဖို့အပြင် အချိန်ကာလတခုပါ သတ်မှတ် လုပ်ဆောင်ရတော့မယ့် အချိန်ကို ရောက်နေပြီဖြစ်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှုမှာ ပါဝင်သူ အမျိုးသမီး အမေရိကန် နိုင်ငံထဲ ဝင်ရောက်မှုမျိုး ကို ခွင့်ပြုစေတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားနဲ့ ပတ်သက်ပြီး ပြန်လှန်သုံးသပ်ဖို့လည်း သမ္မတက အမိမြေ လုံခြုံရေးဌာနကို အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်ထားတဲ့ အမေရိကန်နိုင်ငံထဲ ဝင်ထွက်တဲ့ လေယာဉ်တွေကို စီးနင်းခွင့် မရသူ ဘယ်သူ့ကိုမှ သေနတ်မဝယ်နိုင်အောင် သေသေချာချာ လုပ်ဆောင်ဖို့လည်း လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်အန္တရာယ်ကို အားလုံးလက်တွဲဆောင်ရွက်သွားဖို့ အခုလို လုပ်ဆောင်မှုတွေ အပြင် အီရတ် ဒါမှမဟုတ် ဆီးရီးယား မြေပြင်ကို အမေရိကန်တွေ သွားရောက်ဖို့ နောက်တခါထပ်ပြီး လုပ်ဆောင်မှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။ အိုင်အက်စစ်သွေးကြွတွေက အမေရိကန်တွေ ဒီလိုသွားရောက်ဖို့ လိုလားနေတာ ဖြစ်တဲ့အပြင် အမေရိကန်နဲ့ အစ္စလာမ် တို့ကြားက စစ်ပွဲ ဖြစ်စေချင်နေတာလို့ ဆိုပါတယ်။ တကယ်တော့ ဒီစစ်ပွဲဟာ အမေရိကန်နဲ့ အစ္စလာမ် တို့ကြားက စစ်ပွဲမဟုတ်ဖူးလို့လည်း ပြောပါတယ်။

အမေရိကန်နဲ့ အစ္စလာမ်တွေ တယောက်နဲ့ တယောက်သွေးမကွဲပဲ အိုင်အက်စစ်ကို တိုက်ခိုက်ရမှာ ဖြစ်ပြီး အယ်လ်ကိုင်ဒါးနဲ့ အိုင်အက်စ်တွေ သွတ်သွင်းနေတဲ့ အမုန်းတရားတွေ ပြန့်ပွားမှုတွေ မရှိအောင် မူစလင်အသိုင်းအဝိုင်းက ဝိုင်းဝန်းလက်တွဲ လုပ်ဆောင်ကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

လွတ်လပ်မှုဟာ ကြောက်ရွံ့မှုထက် အားကြီးတယ် ဆိုတာကို ဘယ်တော့မှ မမေ့ကြဖို့ သမ္မတ အိုဘားမားက ပြောကြားရင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ မလွဲမသွေ အောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG