သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာဘ်စားမှုပပျောက်ရေး သမ္မတရုံးညွှန်ကြားချက်အပေါ် အမြင်တချို့


ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ အစိုးရဝန်ထမ်းတွေ ကျပ်ငွေနှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်မယူဖို့ တားမြစ်လိုက် ပါတယ်။ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်ဟာ နှစ်ပေါင်းများစွာ ယိုယွင်းနေတဲ့ အစိုးရယန္တယားကို ပြင်ဆင်ဖို့ ရည်ရွယ်တာမှန်ပေမဲ့ အကျင့်ပျက်ခြစားမှုတွေ အမြစ်ပြတ်ဖို့ အတွက်ကတော့ ဒီထက်ပိုဆောင်ရွက်ဖို့ လိုမယ်လို့လည်း သုံးသပ်သူတွေက ထောက်ပြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့အတွက် အဂတိလိုက်စားမှု နဲ့ အကျင့်စာရိတ္တ ပျက်ပြားမှု အချိန်တိုတွင်း လုံးဝပျောက်သွားစေ ဖို့ဆိုပြီးမြန်မာငွေ နှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်ပစ္စည်း မယူရဆိုတဲ့ လမ်းညွှန်ချက် ကို နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံး လက်မှတ်ထိုးပြီး ဧပြီလ ၁ရက်နေ့မှာ ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အကျင့်ပျက်ခြစားမှုကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်ဆိုတဲ့ ကြွေးကြော်ထားတဲ့ ဒါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ခြေလှမ်းသစ်အဖြစ် ကြိုဆိုပေမဲ့လို့ ဒီလိုလက်ဆောင် ပစ္စည်းတွေကို ကန့်သတ်တာ ထက် နိုင်ငံတော်အဆင့် စီမံကိန်း၊ စီမံချက်တွေမှာ လုပ်ပိုင်ခွင့်တွေကို ဥပေဒေနဲ့ လက်တလုံးခြားဆောင်ရွက်နေတာတွေကို အဓိကထားဖော်ထုတ်သင့်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“ဒီဝန်ထမ်းတွေလဘ်စားတယ်ပေါ့နော်။ အခု လက်ဆောင် ပစ္စည်းဆိုင်ရာ မူဝါဒပေါ့။ အဲဒါကို ကျွန်တော်တို့ ခေါ်တာက petty correction လို့ ခေါ်ပါတယ်။ ဆိုလိုတာက အသေးစား လာဘ်စားမှုပေါ့နော်။ တကယ့်တကာယ် လာဘ်စားမှု ဖြစ်တာက အကြီးကြီး ဒီမူဝါဒ ပိုင်းဆိုင်ရာမှာ ဖြစ်တာပါ။ တချို့တွေက အစိုးရ မူဝါဒကို ပါးပါးလေးလှည့်လိုက်တယ်။ ဆိုတော့ အဲဒီအပေါ်မှာ အကြီးကြီးစားသွားတာမျိုးပေါ့။ အဲဒါမျိုးတွေက ပိုအရေးကြီးပါတယ်။ အဲဒီလိုမျိုး မူဝါဒအပေါ်မှ လာဘ်စားတဲ့ ဟာမျိုးကို ဆက်ပြီးတော့ ကိုင်တွယ်ဖို့ လိုမယ် ထင်တယ် ခင်ဗျ။”

အစိုးရသစ်ကိုဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မြန်မာနိုင်ငံတွင်း အကျင့်ပျက်ခြစားမှုလုံးဝကင်းစင်အောင် ပါတီဝင်တွေရော လွှတ်တော်ကိုယ်စားလှယ်တွေကိုရော အဂတိလိုက်စားရင် ထောင်ဒဏ်အထိ မှတ်လောက်အောင် အပြစ်ပေးမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပြီးနောက်မှာ အခု သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဖြစ်လာချိန်မှာ ပြည်နယ်၊ တိုင်းဝန်ကြီးတွေဆီကို အခုလိုလမ်းညွှန်ချက် ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ဥပဒေပညာရှင် ဦးသိန်းသန်းဦးကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျင့်ပျက်ခြစားမှုကို အရေးတကြီး တိုက်ဖျက်ဖို့ဆိုရင် အရင်အစိုးရလက်ထက်က မိမိနဲ့ လက်သင့်ရာ၊ ကိုယ်ပိုင်အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အများပိုင်စီမံကိန်းတွေ လုပ်ကွက်တွေ လုပ်ပိုင်ခွင့်တွေ ချပေးထားတာတွေကိုလည်း ပြန်သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။

“ကျွန်တော်က တော့ ပြတ်ပြတ်သားသား အခုဗျာ စီမံချက်တွေကို ပြန်ပြီးတော့ review လုပ်သင့်တယ်လို့ ထင်ပါတယ်။ မြင်သာထင်ရှားအောင် လူထုကိုလဲ ချပြသင့်တယ်။ ရန်ကုန်မြို့သစ် စီမံကိန်း ဘာညာ သာရကာ စီမံကိန်း သွားခါနီးလေးကို ဆီးသီးဗန်းမှောက်ပြီးတော့ လမ်းတွေပြင်၊ တံတားတွေဆောက် စီမံချက်တွေ လုပ်သွားကြတာ။ ဒါတွေကိုလည်း ပြန်သုံးသပ်သ့င့်တယ်လို့ ထင်ပါတယ်။ အဲဒီမှာ လဘ်ပေးလာဘ်ယူက အဲဒီမှာ ပေါ်မှာ။ လေလံ ပစ်ခုဲ့ကြတယ်ဗျာ။ ကျောက်တံတားမြို့နယ်က အထင်ကရ နေရာကြီးကို ကြမ်းခင်းဈေး သိန်း၁၀၀ တို့ ဘာတို့နဲ့ လုပ်သွားခဲ့ကြတဲ့ ကိစ္စတွေ ရှိတယ်။ ဒါတွေကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ ပက်သက်တဲ့အတွက် ခွင့်ပြုချက် ခွင့်လွှတ်ချက်မပေးသင့်ဘူး။ ဒီစီမံကိန်းတွေကိုလည်း တိတိကျကျ ပြတ်ပြတ်သားသား အစိုးရအဖွဲ့ တစ်ရပ်လုံးအနေနဲ့ လဲ တင်ပြ စီစစ်သင့်တယ်။ လွှတ်တော် မှာလည်း တင်ပြ စီစစ်သင့်တယ်။ လူထုကိုလဲ တင်ပြသင့်တယ်။ အဲဒီတွေ့ရှိချက်အပေါ်မှာတော့ ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား အရေးယူသင့်တယ်လို့ ကျွန်တော် ထင်တယ်။”

ဒီလမ်းညွှန်ချက်ထဲမှာ လက်ဆောင်ပစ္စည်းတွေထဲ ငွေကြေးနဲ့ တန်ဖိုးရှိသည့် ပစ္စည်း ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေးတွေပါ အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။ ကိုယ်တာဝန်ယူထားတဲ့ ရာထူးလုပ်ပိုင်ခွင့်ကနေ အကျိုးခံစားခွင့် ရသွားစေမည့်သူတွေဆီက လက်ဆောင်ပစ္စည်းလုံးဝလက်မခံရလို့လည်း ပါရှိပါတယ်။

မြန်မာကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်းက ယူခွင့်ရှိပေမဲ့လို့ တနှစ်လုံးမှာ မြန်မာကျပ်ငွေတန်ဖိုး ၁၀၀၀၀၀ ထက် မပိုစေရ လို့လည်း ပြောထားပါတယ်။ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကတော့ မြန်မာကျပ်ငွေ သုံးသိန်းထက်မပိုစေရလို့ ဆိုထားတာပါ။

နိုင်ငံခြားအစိုးရတွေဆီက ပေးအပ်လာတဲ့ လက်ဆောင်ပစ္စည်းတွေကိုတော့ ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀ မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စ အတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံရမယ်လို့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းတွေကို ဦးစီးရုံးတွေရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီးတွေကို အမြန်ဆုံးတင်ပြဖို့လည်း လမ်းညွှန်ထားပါတယ်။

XS
SM
MD
LG