သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးမှုများကို ပြည်ထဲရေး စီစစ်နေ


နိုင်ငံရေးနဲ့ဆက်နွယ်ပြီး တရာစွဲဆိုခံထားရတဲ့ အမှုတွေအားလုံး အပြီးသတ်ရုပ်သိမ်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးအမှုတွေကို စီစစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် စုံစမ်းမေးမြန်း တင်ဆက်ထားပါတယ်။

တစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုခံထားရတဲ့ အမှုတွေကို ရုပ်သိမ်းဖို့ ပြည် ထဲရေး ဝန်ကြီးဌာနအနေနဲ့ စတင် စီစစ်နေပါပြီ။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ နိုင်ငံရေးနဲ့ နွယ်တဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဘယ်အမှုတွေ အကျုံးဝင်သလဲဆိုတာ စတင်စစ်ဆေးနေတာဖြစ်ပြီး၊ နိုင်ငံရေးနဲ့ နွယ်ပြီး တရားစွဲဆိုခံထားရသူ ခန့်မှန်းခြေ ၂၀၀ကျော် လောက် ထပ်ပြီး လွတ်မြောက်လာဖို့ရှိတယ်လို့ သမ္မတရုံးဝန်ကြီး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အခုလုပ်နေတဲ့ ရာနဲ့ချီတဲ့ ကျနော်တို့ အကြမ်းဖျဉ်းသိရတာတော့ ၂၀၀ ကျော်လောက်ရှိတယ်ပေါ့နော်။ တခြားကပြောတာမဟုတ်ဘူး ပြည်ထဲရေးက တင်ပြတာ။ ပြည်ထဲရေးက ဒါတွေတော့ ဒီလိုရှိနေတယ်၊ အဲဒါတွေလည်း ထပ်ပြီးတော့ ရုပ်သိမ်းလို့ရပါတယ်ဆိုတော့ ပြန်စီစစ်ပြီးလုပ်တာတွေရှိတယ်။”

နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုတွေကို ရုပ်သိမ်းတဲ့ရာမှာ နိုင်ငံရေးအမှု ဆိုပေမယ့် အကြမ်းဖက်တာမျိုး၊ ရာဇဝတ် ကျူးလွန်တာမျိုးဆိုရင်တော့ အမှု ရုပ်သိမ်းပေးမှာမဟုတ်သလို တရားစွဲဆိုထားတဲ့ ဥပဒေ ပုဒ်မတွေကို ကြည့်ပြီး မဆုံးဖြတ်ဘဲ ကာကယံရှင်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ပြီး အမှု ရုပ်သိမ်းမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါ တယ်။

“ဆိုတော့ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ဟာဆိုရင် ကျနော်တို့က နံပတ် ၁ နိုင်ငံရေးလို့သက်မှတ်ပြီးတော့ ရာဇ၀တ်မှုကျူးလွန်လို့မရဘူး။ နံပတ် ၂ နိုင်ငံရေးဆိုပြီးတော့ အကြမ်းဖက်လို့မရဘူး။ အဲဒီဟာမျိုးတွေရှိတယ်။ အခုကျတော့ freedom of expression ပေါ့နော် ဒါမျိုးတွေနဲ့ဆိုင်တယ်၊ နောက် နိုင်ငံရေးအရ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်တဲ့ ကိစ္စတွေဖြစ်ရမယ်။ ဒါမျိုးဟာတွေလည်းသူတို့ ပြန်စစ်နေတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့ နှစ်သစ်ကူး ရုံးပိတ်ရက်အပြီး ဧပြီ ၂၁ရက်နေ့ နောက်ပိုင်း တစ်နိုင်ငံလုံးက နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုခံထားရတဲ့ အမှုတွေကို အပြီးသတ် ရုတ်သိမ်းဖို့ လုပ်ဆောင်သွားနေတာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဧပြီ ၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ၊ တက် ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေကို လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာအပြီး နောက်တရက် ဧပြီရက်နေ့မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ သက်ဆိုင်ရာ တရားရုံးတွေက အမှု ရုပ်သိမ်းလိုက်တာကြောင့် သာယာဝတီတရားရုံးမှာ အမှုရင်ဆိုင် နေရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၆၉ဦးအပါအဝင် အခြား နိုင်ငံရေးလှုပ်ရှားသူ လွတ်မြောက်လာတာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုတွေ အပြီးသတ် ရုပ်သိမ်းပေးမယ်ဆိုရင် ကြိုဆိုသလို အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွတ်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ကိုအောင်မျိုးကျော်က အခုလိုပြောပါတယ်။

“အပြီးသတ်ရုတ်သိမ်းပေးမယ် နိုင်ငံရေအကျဉ်းသားတွေအားလုံးကို လွတ်ပေးမယ်ဆိုရင်တော့ ကျနော်တို့က ကြိုဆိုရမှာပေါ့၊ ဒါပေမယ့် ဘယ်လိုမျိုးလွတ်ပေးမလဲဆိုတာတော့ ကျနော်တို့ လည်းမသိရသေးဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောထားတာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အကုန်လုံးကို လွတ်ပေးနိုင်ဖို့အတွက် သူတို့ဆက်လက်ကြိုးစားသွားမယ်ဆိုပြီးတော့ ပြောနေတဲ့ဟာတွေကျနော်တို့ကြားနေရတယ်လေ။ အဓိကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလိုခေတ်ကာလမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်ထဲမှာမရှိဖို့ အရေးကြီးပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရတော့ အကျဉ်း ထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၆၀ လောက်ကျန်ရှိနေသေးပြီး နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ ၂၇၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းခွင့်အမိန့်နဲ့ ဧပြီ ၁၇ရက်နေ့မှာတော့နိုင်ငံရေးအကျဉ်သား ၈၃ ဦး လွတ်မြောက်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရယူပြီး ဧပြီ ၁ရက်နေ့ နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကလည်း ကြိုဆိုလိုက်ပြီး တချိန်တည်း မှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းထား ပါတယ်။

XS
SM
MD
LG