သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျခံဆဲပြစ်ဒဏ် ၄ပုံ၁ပုံ လျှော့ပေါ့ လွတ်ငြိမ်းခွင့် ကြေညာ


အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၃)
အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၃)
နှစ်သစ်မှာ ပထမဆုံး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ဒီကနေ့ရက်စွဲနဲ့ သမ္မတက ထုတ်ပြန်လိုက်ပေမဲ့လည်း လက်ရှိ ကျန်နေသေးတဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဖို့ မမြင်ဘူးလို့ လက်ကျန် နိုင်ကျဉ်း စိစစ်ရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။ အမိန့်အတိုင်း သက်ဆိုင်ရာဌာနတွေက စိစစ်ပြီးတော့ လွှတ်ပေးမှာဖြစ်တဲ့အတွက် ဘယ်သူတွေပါလာမယ်ဆိုတာကို အတိအကျမပြောနိုင်ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ တချို့ကို ပြန်လွှတ်ပေး ခဲ့ပြီးတဲ့နောက် အခုတစ်ခါ ၂၀၁၄ နှစ်သစ် အတွက် ပထမဆုံး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်ကို သမ္မတက ထုတ်ပြန်လိုက်တာပါ။
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးလိုက်တယ်ဆိုတဲ့ အမိန့်အရ သေဒဏ် ချမျတ်ခံ ထားရသူတွေဟာ ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ) ပြောင်းလဲ ကျခံဖို့၊ နှစ်အကန့်အသတ်မရှိနဲ့ ထောင်ဒဏ် တစ်သက်ကျခံနေရ သူတွေ၊ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေ၊ ထောင်ဒဏ် နှစ် ၄၀ ထိ လျော့ပေါ့ ကျခံစေဖို့နဲ့ ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရသူတွေ အနေနဲ့တော့ သူတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ ကို လျော့ပေါ့ ကျခံစေ ကြရမှာဖြစ်ပါတယ်။

ဒီအမိန့်အရ ဇန်နဝါရီလ ၃ ရက်နေ့မှာ စ လွှတ်ပေးမှာဖြစ်ပေမဲ့ လွတ်မယ့် အထဲ ဘယ်လိုအကျဉ်းသားတွေ ပါမယ်ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့က နှစ်ကြီးသမားတွေကို လျှော့ပေးတယ်။ နောက်အရင်နှစ်ကြီးတွေထဲက ကျနော်တို့ အခုလိုလေးပုံတစ်ပုံလျော့လိုက်လို့ရှိရင် လွှတ်ရက်နှုတ်လိုက်လို့ လွတ်လာမှာပေါ့ဗျာ။ ဘယ်သူဘယ်ဝါဆိုတာကတော့ အတိအကျပြောလို့မရဘူး။ သူတို့တိုက်ဆိုင်စစ်ဆေးပြီးမှ ဖြစ်လာမှာပါ။ စိစစ်တော့လွှတ်မှာပါ သူတို့။"

အခုအမိန့်အရဆိုရင်တော့ သူတို့တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲကနေ လွတ်လာမယ့်လူ သိပ်ကို နည်းလိမ့်မယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရဲအောင်က ပြောပါတယ်။

" ကျနော်တို့ ကြားသိရတဲ့ အမိန့်အတိုင်းဆိုရင် ကျနော်တို့ တင်ပြထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေတော့ တစ်ယောက်မှ ပါလာဖို့ မမြင်ပါဘူး ခင်ဗျ။ အဲ့အထဲမှာ ABSDF က ဒုအရာခံဗိုလ် ဆန်းကိုဦးကတော့ ပါလာနိုင်ကောင်း ပါလာနိုင်တယ်ခင်ဗျ။ ကျနော်တို့အနေနဲ့ သူတို့ရဲ့နှစ်တွေ ကိုတော့ ပြန်တွက်ချက်နေပါတယ်။ ဘာလို့ မပါလာနိုင်ဘူးလဲ ဆိုတော့ ပြန်ကြည့်တဲ့စာရင်းအရ ၃၅ယောက်က သူတို့ကို ချထားတဲ့ ပြစ်ဒဏ်တွေက ကျွန်းတွေ၊ နှစ်၂၀တွေ၊ တခြား ၁၀နှစ်တွေ၊ ၁၅နှစ်တွေ၊ နှစ်တွေ အများကြီးချထားတာ ဖြစ်ပါတယ်ခင်ဗျ။ အခုပေးတာက လေးပုံ တစ်ပုံပဲ ပေးတာဖြစ်ပါတယ်။ လေးပုံတစ်ပုံပဲ ဆိုတော့ ဥပမာ ကျွန်းနှစ်ကျွန်း ကျထားတဲ့ သူတစ်ယာက်က နှစ်၄၀ ၂ခါစီလောက်ပဲ ဖြစ်သွားပါ့မယ်ခင်ဗျ အဲ့တော့ သူတို့နေသားတွေနဲ့ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။"

ဒီဇင်ဘာလ ၃၀ ရက်နေ့က အမိန့်အမှတ် ၅၁/၂၀၁၃ နဲ့ သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလို့ လွတ်လာသူက ထောင်ကျ အကျဉ်းသား ၅၀ နဲ့ အချုပ်ကျနေသူက ၁၂ ဦးရှိတယ်လို့ ကိုရဲအောင်က ပြောပါတယ်။ ဒါပေမဲ့လည်း အဲဒီလူတွေ အကုန်လုံးဟာ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တယ်လို့ သူတို့အနေနဲ့ မပြောနိုင်ဘဲ စိစစ်ရေးကော်မတီက တင်ပြထားတဲ့ နိုင်ကျဉ်းက ခြောက်ဦးပဲ ပါပြီးတော့ ကျန်တဲ့လူတွေက ပုဒ်မ ၅၀၅ (ခ) နဲ့ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုနဲ့ စွပ်စွဲပြီး ပြစ်ဒဏ် ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ကိုရဲအောင် ကပြောပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အရ လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ ပါလာနိုင်ဖို့ အလားအလာ နည်းလှပေမဲ့လည်း ကိုရဲအောင်ကတော့ မျှော်လင့်ချက်ထားဆဲပါ။

"တကယ်လို့ သမ္မတအနေနဲ့ ကျနော်တို့နဲ့ စိစစ်ရေးကော်မတီရဲ့တင်ပြမှု၊ နောက် စိစစ်ရေးကာ်မတီပါတဲ့သူတွေရဲ့ တင်ပြမှုတွေ၊ နောက်တခါ တကယ် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်တယ်။ တိုင်းရင်းသား လူမျိုးတွရဲ့ တင်ပြမှုတွေကိုသာ တကယ်ကို လေးလေးနက်နက် စဉ်းစားမယ်ဆိုရင် သူ့အနေနဲ့ ကျနော်တို့ ကြားထဲတုန်းက လွှတ်ပေးခဲ့သလိုပဲ သူ့ရဲ့ လုပ်ပိုင်ခွင့် ၄၀၁/ ၁ နဲ့ လွှတ်ပေးလို့ရပါတယ်။ ကျနော်တို့ကတော့ မျှော်လင့်ချက် မလျော့သေး ပါဘူးခင်ဗျ။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်ပါတယ်။ ကြိုးစားနေပါတယ်ခင်ဗျ။"

ကိုရဲအောင်ကိုယ်တိုင် ပါဝင်နေတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဟာလည်း ဆက်ရှိနေဦးမယ်ဆိုတာ ကော်မတီဥက္ကဋ္ဌ ဝန်ကြီးဦးစိုးသိန်းက ပြီးခဲ့တဲ့ နောက်ဆုံးအစည်းအဝေးမှာ ပြောခဲ့တယ်လို့ ကိုရဲအောင်က ပြောပါတယ်။

" ဇန်နဝါရီလမှာဆိုရင် ကော်မတီ အစည်းအဝေးကို ၂၀၁၄အတွက် ပထမဆုံးအကြိမ်ပြန် စ ကျင်းပတော့မှာပါ။ ဆိုလိုတဲ့သဘောကတော့ဗျာ။ ကျနော်တို့ စိစစ်ရေးကော်မတီ အနေနဲ့ ပေါ်လာတဲ့ အလုပ်တွေကိုပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ပေါ်လာတဲ့အလုပ်တွေကို ဆက်လုပ်နိုင်ဖို့အတွက် တစ်လတစ်ခါ တွေ့ဆုံညှိနှိုင်းမှုတွေ ထားရှိသွားဖို့အတွက် ဆက်လက်ထားရှိသွားမယ်ဆိုတဲ့ဟာကိုတော့ အစည်းအဝေးမှာ ကျနော်တို့ဥက္ကဋ္ဌကပြောသွားပါတယ်။ ဒါက ဆက်ရှိသွားဦးမှာပါ။ အဓိပ္ပါယ်ကတော့ဗျာ ကျနော်တို့ကော်မတီ ဆက်ရှိနေဦးမယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရောက်လာဦးမယ်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။"

အခုအမိန့်အရဆိုရင် ၂၀၀၄ ခုနှစ်မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ အရင် တပ်မတော်ထောက်လှမ်းရေးက အရာရှိတွေ ပြန်လွတ်လာ နိုင်တယ်လို့ ခန့်မှန်းတာမျိုုးလည်းရှိပါတယ်
XS
SM
MD
LG