သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းများအတွက် လုံခြုံရေးဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု


ပြည်သူ့လွှတ်တော်။
ပြည်သူ့လွှတ်တော်။

နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေမှာ နိုင်ငံတော် သမ္မတ လုပ်ခဲ့စဉ် တာဝန်အရဆောင်ရွက်ချက်တွေကို တရားစွဲဆိုခြင်းမပြူဖို့ ထည့်သွင်း ထားတဲ့ အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဥပဒေ တင်သွင်းခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တော့ နိုင်ငံတော်သမ္မတလုပ်ခဲ့စဉ် တာဝန်အရ ဥပဒေနဲ့ အညီဆောင်ရွက်ချက်တွေကို တရားစွဲဆိုခြင်းမပြုဖို့ လို့ ဥပဒေနဲ့အညီ ဆိုတာကို ပြန်လည်ထည့်သွင်းခဲ့ပါတယ်။ ဒီအ ပေါ်မှာ လွှတ်တော် ကိုယ်စားလှယ် အများစုက လက်ခံခဲ့တာကြောင့် အခုလို အတည်ပြုခဲ့တာပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်တာပါ။ ဒီဥပဒေနဲ့ပတ်သတ်ပြီး သမ္မတများကို နောက်ကြောင်းပြန် တရားစွဲဆိုခြင်းမပြုရ ဆိုတဲ့အချက် ပါဝင်တဲ့ အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်ဒီကနေ့ လွှတ်တော် မှာ ပြည်ထဲရေး ဝန်ကြီးဌာနက သမ္မတများကို နောက်ကြောင်းပြန် တရားစွဲဆိုခြင်း မပြုရဆိုတဲ့ အချက်မှာ ဥပဒေနဲ့အညီ ဆိုတဲ့ အချက်ကို ထပ်မံ ထည့်သွင်းပေးခဲ့ ပါတယ်။

"ကျနော့်အနေနဲ့ စကားရပ် အနည်းငယ် ထပ်မံ ထည့်သွင်းလိုပါတယ်။ ပြင်ဆင်လိုတဲ့ စာသားကတော့ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော် သမ္မတ အဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဥပဒေနဲ့ အညီ ဆောင်ရွက်ချက် များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနဲ့ အရေးယူခြင်း တို့ မရှိစေရ လို့ ဒီလို ပြင်ဆင်ချင်ပါတယ်။ ဒီနေရာမှာ ဥပဒေနဲ့အညီ ဆိုတဲ့ စကားရပ်ကို ထည့်သွင်း ဖော်ပြ အတည်ပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ်။"

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်းက အခုလို လွှတ်တော် မှာ တင်ပြခဲ့တာပါ။

ဒီဥပဒေရဲ့ အခန်း ၄မှာ နိုင်ငံတော်သမ္မတ လုပ်ခဲ့စဉ် တာဝန်အရ ဆောင်ရွက် ချက်တွေ ကို တရားစွဲဆိုခြင်းမပြုစေရလို့ ပါဝင်ထားပြီး ဒါကို ဖြုတ်ဖို့ လွှတ်တော် ကိုယ်စားလှယ် အချို့က တင်ပြခဲ့ကြပြီး ဒီအချက်ကို ပယ်ဖျက်ဖို့ တင်ခဲ့တဲ့ မြေပုံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသိန်းကတော့ အခုလို ဥပဒေနဲ့အညီ စကားရပ်ထည့်သွင်းခဲ့ပေမယ့်လည်း ဒါဟာသမ္မတအပေါ် အလွန်အကျွံ ကာကွယ်ပေးနေခြင်းသာဖြစ်ကြောင်း၊ မတရားသော လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ခဲ့ပါက စစ်ဆေးအရေးယူခွင့် မပေး နိုင်အောင်ကာကွယ်ထားတဲ့ ဥပဒေသာဖြစ်ကြောင်း အခုလိုပြောပါတယ်။

" ကျေျနာ်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၃ ကို အားကိုးပြီးတော့ မည်သူမဆို ဆိုတဲ့နေရာမှာ အရေးယူဆောင်ရွက်လို့ရတယ်။ အခြားနိုင်ငံတွေမှာလည်း သမ္မတတွေ တရားစွဲခံရတာတွေရှိတယ်။ တောင်းပန်ရတာတွေရှိတယ်။ ထွက်ပြေးရတာတွေရှိတယ်။ အဲ့ဒီ့တော့ ကျနော်တို့နိုင်ငံမှာမှ သမ္မတကို တရားစွဲဆိုခွင့်မရှိဘူး။ ဒီအကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ဟာမှာ တရားစွဲဆိုခွင့် မပြုဘူးလို့ ရေးထားတဲ့အတွက် ဒါတော့ မဖြစ်သင့်ပါဘူး။ ဥပဒေကို ပြည့်စုံအောင် ရေးရင် ရေး၊ မရေးရင်တော့ ဒီဥပဒေဟာ သမ္မတကို သီးသန့် သူများထက် ပိုပြီးတော့ အပိုဆု ပေးထားရာ ရောက်တဲ့အတွက် ဒီဥပဒေကို လွှတ်တော်မှာ ကျနော့်အနေနဲ့ ပယ်ဖျက်ရခြင်းဖြစ်ပါကြောင်း လွှတ်တော်ကို တင်ပြအပ်ပါတယ်။ဓ

လက်ရှိမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းမှာ ဥပဒေ ၁၄ခု ပါဝင်ထားပါတယ်။ ဒီကနေ့မှာ ဒီဥပဒေ ၁၄ခုမှာ ပြင်ဆင်ချက် ၁၃ချက် ကို ပြင်ဆင်ပြီး အတည်ပြုခဲ့တာပါ။ ပြင်ဆင် အတည်ပြုချက်တွေမှာ စကားလုံး အထားအသို မှားယွင်းမှုကိုပဲ အဓိက ပြင်ဆင်ခဲ့ တာဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သတ်ပြီး မြေပုံမြို့နယ် မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကတော့ အခုလို ပြောပါတယ်။

" ဒီဥပဒေက ကျနော်တို့ ဒီလွှတ်တော် သက်တမ်းမှာ အတည်ပြုမှ လာမယ့် သမ္မတကို အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလွှတ်တော်သက်တမ်းမှာ တစ်ပတ်လောက် အတော အတွင်းမှာပဲဗျာ အတည်ပြုဖို့ ဖြစ်ပါတယ်။ သူက အချက်အလက်က နည်းပါတယ်။ သမ္မတရဲ့ အကာအကွယ်ပေးရမယ့် အပိုင်း တော့ ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီလို ကိစ္စတွေနဲ့ပတ်သက်ပြီး အရေးမယူရ ဆိုတာကတော့ လက်မခံပါဘူး။ အဲ့တာကြောင့် ဆွေးနွေးခဲ့တာပါ။"

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ အတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းဟာ အမေရိကန်နိုင်ငံ၏ သမ္မတ ဟောင်းများနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေအပေါ် လေ့လာ သုံးသပ် ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း၊ နောက်ကြောင်းပြန် တရားစွဲဆိုခြင်း မပြုနိုင်ရန် ရေးဆွဲခြင်း မဟုတ်ကြောင်း မီဒီယာ တွေကို ဖြေကြားထားပါတယ်။

ဒီဥပဒေဟာ ဒီကနေ့ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပြီဖြစ်တဲ့ အတွက် အမျိုးသား လွှတ်တော်ကို ဆက်လက် တင်ပြမှာပါ။ ဒီမှာ ပြည်သူ့လွှတ်တော်က သဘောတူထား တာကို ကွဲလွဲချက်မရှိ လက်ခံမယ်ဆိုရင် သမ္မတကိုတင်ပြပြီး အတည်ဖြစ်တော့မှာပါ။

ကွဲလွဲချက်ရှိခဲ့ရင်တော့ ပြည်ထောင်စုလွှတ်တော်တင်ပြပြီး ဆွေးနွေးရမှာ ဖြစ်ပေမယ့် ကျန်ရှိနေတဲ့ လွှတ်တော်သက်တမ်းမှာ အပြီးအတည်ပြုသွားဖို့ရှိတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ်နေကြပါတယ်။

XS
SM
MD
LG