သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ် ကတိတည်၊ မတည် နိုင်ငံရေးပါတီတွေ စောင့်ကြည့်မည်


အစိုးရသစ် ကတိတည်၊ မတည် နိုင်ငံရေးပါတီတွေ စောင့်ကြည့်မည်
အစိုးရသစ် ကတိတည်၊ မတည် နိုင်ငံရေးပါတီတွေ စောင့်ကြည့်မည်

သမ္မတသစ် ဦးသိန်းစိန် အနေနဲ့ နိုင်ငံတော်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက အချက်တွေအတိုင်း လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု ရှိမရှိ စောင့်ကြည့် သတိပေးသွားမယ်လို့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၁၀ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့က ပြောလိုက်ပါတယ်။ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နောက်တနေ့မှာ နိုင်ငံတော်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ သမ္မတ ဦးသိန်းစိန်က အနာဂတ်မှာ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တချို့ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် ကောက်နှုတ်သုံးသပ်တဲ့ ဆွေးနွေးပွဲအတွင်း အဲဒီလို ပြောကြားလိုက်ကြတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်သမ္မတ တယောက်အနေနဲ့ ပြောထားတဲ့ ကတိတွေအတိုင်း တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့ဝင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ပြောထားတဲ့ သဘောထားတွေထဲမှာ ကျနော်တို့နဲ့ သဘောမတူတာတွေလည်း ပါတာပေါ့နော်။ ဒါပေမဲ့ အားလုံး ခြုံလိုက်ရင်တော့ သူလုပ်မယ်ဆိုတဲ့ ကတိတွေကို အချက်အလက် တော်တော်များများက ကောင်းပါတယ်။ အဲဒီကတိအတိုင်း တကယ်လုပ်ပါ ဆိုတာကို ကျနော်တို့က တိုက်တွန်းမှာပေါ့နော်။ သူပြောတဲ့ မိန့်ခွန်းကတော့ သူ့ဘက်က သူ့ရပ်တည်ချက်ကို အကုန်လုံးကလည်း ပူးပေါင်းပြီး လုပ်ကြဖို့ သူတို့ကတော့ ဖိတ်ခေါ်တယ်၊ တိုက်တွန်းတယ်ဆိုတဲ့ သဘောမျိုး ပါတယ်။”

သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့အတိုင်း ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်ဖို့ အကောင်အထည် မဖော်ခင်မှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အဓိက လိုအပ်ချက်တွေကို အရင်လုပ်ဆောင်ဖို့ သူတို့အနေနဲ့ ထောက်ပြ ပြောဆိုသွားမယ်လို့ ဦးသုဝေက ဆက်ပြောပါတယ်။

“ကျနော်တို့ အရင်ကလည်း တောင်းဆိုထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ပေါ့၊ အဲဒါတွေက အရေးကြီးတယ်၊ အဲဒါတွေကို လုပ်ပြပါပေါ့။ ပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို လက်တွေ့ အမြန်လုပ်ပြပါ။ အဲဒါတွေက ပထမအဆင့်အရ အရေးကြီးပါတယ် ဆိုတဲ့အကြောင်း အဲဒါတွေလည်း ကျနော်တို့ ထောက်ပြသွားမှာပေါ့။”

အစိုးရသစ် ဖွဲ့စည်းလိုက်ပြီ ဆိုပေမဲ့လည်း အရင် စစ်အစိုးရ လက်ထက်က လူတွေနဲ့ပဲ ဒီအစိုးရသစ်ကို ဖွဲ့စည်းထားတဲ့ လူလဲမပြောင်း၊ မူလဲမပြောင်းတဲ့ အစိုးရ ဖြစ်သလို အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့အထိ ပြောင်းလဲမှု တစုံတရာ မတွေ့ရသေးဘူးလို့ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေး အကဲခတ်တွေက ဝေဖန် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး အပါအဝင် တိုင်းပြည်အတွင်း နိုင်ငံရေးအရ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ တကယ်လုပ်ဆောင်ဖို့အတွက် အတိုက်အခံ အင်အားစုတွေဘက်က အကြိမ်ကြိမ် တောင်းဆိုနေပေမဲ့လည်း စစ်အစိုးရဘက်က အဲဒီ တောင်းဆိုမှုတွေအပေါ် ခုချိန်ထိ ထိရောက်တဲ့ တုံ့ပြန်မှုမျိုး မလုပ်သေးပါဘူး။

“အဲဒါတွေကတော့ လက်တွေ့ကို ကြည့်ရမှာပေါ့။ သူက ပြောသွားတဲ့ အထဲမှာ သူတို့လည်း ဒါတွေကို လုပ်ချင်တယ် ဆိုတဲ့ သဘောမျိုးလည်း ပါတယ်ပေါ့နော်။ ကျနော်တို့ကလည်း အစကတည်းက တိုက်တွန်းတာဆိုတော့ လက်တွေ့မှာ ကျနော်တို့က လုပ်ပါလို့ ပြောမယ်၊ လုပ်ပါလို့ ပြောတဲ့အခါမှာ မလုပ်ဘူး ဆိုရင်တော့ ဒါ သူတို့က အရင်အတိုင်းပဲ ဆိုတဲ့ သဘောပဲ ဖြစ်မှာပေါ့။

“ဟိုတုန်းကဆိုရင် ကြွေးကြော်သံတွေက သိပ်များခဲ့တယ်။ ကြွေးကြော်ချက်တွေက ကောင်းတယ်၊ လက်တွေ့ အကောင်အထည် မပေါ်ခဲ့ဘူး။ အဲဒါကြောင့် လူထုက သူတို့အပေါ်မှာ မယုံဘူးပေါ့။ အဲဒါကြောင့် အခုတော့ ပြောတာကို လက်တွေ့လုပ်ပြပါ ဆိုတဲ့ဟာကို ကျနော်တို့က တိုက်တွန်းရမှာပေါ့။”

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုေ၀ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၀ ပါတီအဖွဲ့ဟာ အရင် စစ်အစိုးရနည်းတူ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒီ ၁၀ ပါတီအဖွဲ့ဟာ သမ္မတအနေနဲ့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားတဲ့အတိုင်း လက်တွေ့ အကောင်အထည် ဖော်ဆောင်မှု ရှိမရှိ စောင့်ကြည့်သွားမှာ ဖြစ်တဲ့အပြင် တိုင်းပြည်အတွက် တခြား လိုအပ်တဲ့ အချက်တွေကိုလည်း ထောက်ပြ ပြောဆိုသွားမယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ရဲ့ အကြံပြုချက် အပြည့်အစုံကိုတော့ မနက်ဖြန် စည်းဝေးပွဲအပြီးမှာ တရားဝင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG