သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းရေး ချောမွေ့စေဖို့ သမ္မတဦးသိန်းစိန် ကတိပြု


သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံ (Photo by President website)
သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံ (Photo by President website)

အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အစိုးရအဖွဲ့သစ်ကို စနစ်တကျ တာဝန် လွှဲပြောင်းပေးမယ်လို့လည်း ကတိပြုသွားပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်အတွင်း သမ္မတဦးသိန်းစိန်က အဲဒီလိုပြောသွားတာပါ။ တွေ့ဆုံပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက အပြည့်အစုံ ပြောပြပါမယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီက ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံတဲ့ အဓိက ဆွေးနွေးပွဲ ကတော့ ရွေးကောက်ပွဲအပြီးမှာ အာဏာအလွှဲအပြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာ အလွှဲအပြောင်းလု ပ်သွားမယ်ဆိုတာကိုလည်း ဦးသိန်းစိန်က နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ကတိပေးပြောဆိုသွားပါတယ်။

“ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရ သက်တမ်းကာလ အတွင်းမှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေး ကို ချောမွေ့အောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒုတိယအကြိမ် လွှတ်တော်များ စတင်ကျင်းပဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်။ လွှတ်တော်များအနေ နဲ့ ဆောင်ရွက်ရန် ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးတဲ့ အခါမှာ ပေါ်ပေါက် လာမယ့် အစိုးရအဖွဲ့သစ်ထံကို သက်မှတ်အချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်းပေး အပ်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိန်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ် နဲ့ ချောချောမွေ့မွေ့ဖြစ်စေ ဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ထပ်မံပြောကြားလိုပါတယ်။”

အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နိုင်သမျှကို သူတို့ ဆောင်ရွက်နိုင်ခဲ့သလိုပဲ လာမယ့်ရွေးကောက်ခံ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒေသ ပထဝီအနေအထားအရ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲအပြီးကာလမှာ နိုင်ငံရေးပါတီတွေနဲ့ ဒါဟာ ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သလိုပဲ ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ အကူးအပြောင်းချောမွေ့ရေး အတွက် တွေ့ဆုံလိုတယ် ဆိုပြီးတော့ တောင်းဆိုထားချိန်မှာ နိုင်ငံရေးပါတီအားလုံးနဲ့ အခု သူ တွေ့ဆုံခြင်းဖြစ်ပါတယ်။

သူတို့အစိုးရအနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ မကြာမကြာ အခုလိုမျိုးတွေ့ဆုံခဲ့ပြီးတော့ အကြံဉာဏ်ယူ ဆောင်ရွက်ခဲ့သလိုပဲ အခုဒီ အကူးအပြောင်း ကာလချောမွေ့စေနိုင်ရေး အတွက် နိုင်ငံရေးပါတီတွေရဲ့ အမြင်ကို ရယူဖို့ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ရေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား တက်ရောက်လာတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ NLD အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ အဲဒီအစည်းအဝေးမှာ ကတိပေးပြောဆိုခဲ့ပါတယ်။

ကျန်နိုင်ငံရေးပါတီအချို့ကတော့လက်ရှိ ကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့သလိုပဲ နိုင်ငံရေးပါတီအချို့ ကတော့ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မှုတွေ သတိထားမိပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့တော့ လာမယ့် ဇန်နဝါရီလအတွင်းမှာ ပဏာမ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ အခုဒီ အစည်းအဝေးပွဲမှာတော့ သမ္မတဦးသိန်းစိန် အပြင် အစိုးရ အဖွဲ့ ဝန်ကြီးတချို့ တက်ရောက်လာတာကိုလည်း တွေ့ရပါတယ်။

XS
SM
MD
LG