သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)
လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုလာတာပါ။

တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူတို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။
ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။ သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲလို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်အတွက် သွားတာပဲ-ပေါ့နော်။”

နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆိုရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သ့ူလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။

ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူတို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့ နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်ကရှိတဲ့သူတွေ၊ သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာနဆိုင်ရာတွေမှာ မူတည်ပါတယ်။ အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ အရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာမြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်းအားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG