သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကြီးဆေးတက္ကသိုလ် ဖွင့်လှစ်


သမ္မတဦးသိန်းစိန်နဲ့ တောင်ကြီးဆေးတက္ကသိုလ်ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ- MOI Webportal)
သမ္မတဦးသိန်းစိန်နဲ့ တောင်ကြီးဆေးတက္ကသိုလ်ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ- MOI Webportal)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၁၂၀ ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုက ကျောင်းသားကျောင်းသူ အယောက် ၃၀ စုစုပေါင်း ၁၅၀ ကို လက်ခံသင်ကြားပေးနိုင်တဲ့ ဆေးတက္ကသိုလ်တခုကို တောင်ကြီးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလို ဖွင့်လှစ်ခဲ့ပေမယ့် အရည်အသွေး ပြည့်မီဖို့ လိုအပ်ကြောင်း ပညာရှင်တွေက ထောက်ပြဝေဖန်နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ တောင်ကြီးဆေးတက္ကသိုလ်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေ ဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒေသခံတစ်ဦးကတော့ နယ်မြေအတွင်း ဆေးတက္ကသိုလ်တစ်ခု ဖွင့်နိုင်ခဲ့တဲ့အပေါ် ကျောင်းသား တွေနဲ့ မိဘတွေအတွက် အဆင်ပြေနိုင်ပေမယ့် အရည်အသွေးပြည့်မီတဲ့တက္ကသိုလ်တစ်ခု ဟုတ်မဟုတ်ဆိုတာကတော့ လတ်တလော မမြင်နိုင်သေးဘူးလို့ ဆိုပါတယ်။

“၂၀၁၅-၁၆ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူ အားလုံးပေါင်း ရှမ်းနဲ့ကယားက အယောက် ၁၂၀ လက်ခံမယ်၊ ပြီးတော့ ရှမ်းပြည်နယ်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုက ဒေသတစ်ခုမှာ ငါးဦးနဲ့ အယောက် (၃၀) - အားလုံးပေါင်း အယောက် (၁၅၀) ပေါ့နော်၊ လက်ခံမယ်လို့ ပြောတယ်။ အဲဒီလို အသစ်မို့လို့လားမသိဘူးနော်၊ တော်တော်တော့ သန့်သန့်ပြန့်ပြန့်ရှိနေတာပေါ့။ ဒေသခံတွေ ပြောတာလည်း အရင် မကွေးဆေးတက္ကသိုလ်တွေဘာတွေ သွားရတာနဲ့စာရင် ကိုယ့်ဒေသမှာဆိုတော့ အများကြီးပဲ အဆင်ပြေတယ်ပေါ့ - ခရီးစရိတ်တွေတို့၊ အဆောင်စရိတ်တွေရော- အဲလိုအသံတွေတော့ ကြားရတယ်ဗျ။ နောက်ပိုင်းတော့ မပြောတတ်ဘူးပေါ့နော်။”

မြန်မာနိုင်ငံကဆေးတက္ကသိုလ်ကျောင်းသားတွေကို နိုင်ငံတကာကျောင်းတွေက လက်ခံတဲ့အခါမှာ ဆေးတက္ကသိုလ် (၁) နဲ့ (၂) ကလွဲရင် တခြား နယ်မြို့တွေက အောင်လာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေကို လက်မခံတာတွေလည်း ရှိနေတာပါ။ နိုင်ငံတကာအတွေ့အကြုံနဲ့ ပတ်သက်လို့ တောင်အာဖရိကနိုင်ငံမှာ ဆရာဝန်အဖြစ် နှစ်ရှည်တာဝန်ယူခဲ့တဲ့ ဒေါက်တာသိန်းဝင်းကတော့ မြန်မာနိုင်ငံမှာ အရည်အသွေး ပြည့်မီတဲ့ ဆေးတက္ကသိုလ်တွေ ပေါ်ထွက်လာအောင် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

“တက္ကသိုလ်ဆိုတာ ပညာတတ်တွေမွေးထုတ်တဲ့ စက်ရုံပါပဲ။ အဲဒီအခါကျတော့ ဒီလိုဟာမျိုးကို ချိုးနှိမ်ခဲ့တဲ့နေရာကနေ အခုလို ဖွင့်တယ် ဆိုတာကတော့ တနည်းအားဖြင့်တော့ ကြိုဆိုရမယ်လို့တော့ ဆိုပါတယ်။ သို့သော် ကျနော်တို့အားလုံးသိတဲ့အတိုင်း တက္ကသိုလ်တွေကို နေရာတကာမှာ ဖွင့်ပြီးတဲ့အခါမှာ တက္ကသိုလ်ဟာ တက္ကသိုလ်ရဲ့တန်ဖိုးနဲ့မညီဘဲနဲ့ပေါ့နော်၊ အရည်အချင်းနဲ့မညီဘဲနဲ့ဖြစ်လာတဲ့အခါကျတော့ ပညာတတ်များသည် ပြည့်ပြည့်စုံစုံ ဖြစ်မလာဘူးဆိုတဲ့ ဒီလိုနောက်ဆက်တွဲတွေ ဖြစ်လာတတ်တယ်ပေါ့၊ အဲဒီတော့ ဒီနေရာမှာတော့ ဘယ်လို ဖြစ်မယ်ဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ သို့သော် တကယ်ကို လိုအပ်တဲ့အရည်အသွေးနဲ့ လိုအပ်တာတွေကို တကယ် မွေးထုတ်နိုင်တဲ့ တက္ကသိုလ်ဆိုရင်တော့ ကျနော်တို့ ကြိုဆိုရမှာပဲ။ သို့သော် မည်က္ကာမတ္တ ဖြစ်နေတဲ့တက္ကသိုလ်ဆိုရင်တော့ ရှင်းရှင်းပြောရရင် တိုင်းပြည် အတွက် အထူးသဖြင့် ကျန်းမာရေးလုပ်ငန်းကိုတာဝန်ယူမယ့်ဆရာဝန်များ ထွက်လာမယ့်တက္ကသိုလ်ဟာ အန္တရာယ်ကြီးတယ်လို့ အဲလိုပဲ ပြောချင်ပါတယ်။”

ဒေါက်တာသိန်းဝင်းဟာ မြန်မာနိုင်ငံမှာ ၁၀ နှစ်ခန် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ နောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်လုပ်ခွင့် မရတော့တဲ့အတွက် တောင်အာဖရိကနိုင်ငံမှာ နှစ်ပေါင်း ၃၀ ခန့်နဲ့ အခုထိ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဖွင့်ထားတဲ့ မယ်တော်ဆေးခန်းမှာလည်း စေတနာ့ဝန်ထမ်းဆရာဝန်တစ်ဦးအဖြစ် မကြာခန ဆေးဝါးကုသမှုပေးနေသူလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်တွေ အရည်အသွေးပြည့်မီဖို့က လွယ်ကူတဲ့အခြေအနေမရှိသေးတဲ့အကြောင်းနဲ့ အခုလို နယ်မြေအလိုက် တက္ကသိုလ်တွေ ဖွင့်နေခြင်းအားဖြင့် တက္ကသိုလ်ရဲ့အရည်အသွေးကျဆင်းမှုတွေတောင် ရှိနိုင်ကြောင်း ဆေးကျောင်းတက်ခဲ့ဖူးသူလည်းဖြစ်၊ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ ဦးဂါမဏိက အခုလို ပြောပြပါတယ်။

“အဲဒါမျိုးလုပ်လို့ရှိရင် ပိုပြီးတော့မှ အဆင့်အတန်းက ကျသွားတာပေါ့။ အထူးသဖြင့် ဥပဒေတောင်မှ တကယ့်ပညာရှင်တွေ ကျောင်းသားတွေ လိုချင်တဲ့ဟာ မလုပ်ဘဲနဲ့ သူတို့လုပ်ချင်တဲ့ဟာကိုပဲ လုပ်နေတာ၊ အကုန်လုံး ဗဟိုချုပ်ကိုင်မှုနဲ့ပဲလုပ်နေတာ။”

အရင်တုန်းက မြန်မာနိုင်ငံက ဆရာဝန်တွေကို နိုင်ငံတကာက လက်ခံပေမယ့် နောက်ပိုင်းမှာ ပညာရေးအဆင့်အတန်းနဲ့ အင်္ဂလိပ်စာအရည်အသွေးတွေကြောင့် လက်ခံမှုအတော်နည်းပါးသွားတယ်လို့ ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

တစ်ဦးချင်းအရည်အသွေးရှိသူ တချို့ကိုလက်ခံတာတွေရှိပေမယ့်လည်း အရည်အတွက်အရ အတော်နည်းပါးသွားတယ်လို့လည်း သူက ပြောပါတယ်။ ဒါကြောင့် အရေးအသွေးပြည့်မီတဲ့ ပညာရှင်တွေကို မွေးထုတ်ပေးတဲ့ တက္ကသိုလ်မျိုးတွေကိုသာ မြန်မာနိုင်ငံမှာ ဖွင့်သင့်တယ်လို့ ပြောခဲ့ပါတယ်ရှင်။

XS
SM
MD
LG