ဒီမိုကရေစီ မိတ်ဆွေပါတီများ ဆယ်ပါတီ အဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။
သမ္မတနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ်တွေ့ဆုံကြမယ့် ဒီတွေ့ဆုံမှုမှာ စီးပွားရေး၊ နိုင်ငံရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်တွေကို တင်ပြသွားမယ်လို့ တွေ့ဆုံမယ့်အထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပြပါတယ်။ ခုလို သမ္မတနဲ့ ဒီ ဆယ်ပါတီ တွေ့ဆုံနိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက စီစဉ်ပေးခဲ့တာဖြစ်တယ်လို့လည်း ဦးသုဝေက ပြောပြပါတယ်။
ဒီတွေ့ဆုံပွဲကို တက်ရောက်မယ့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီကတော့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေအတွက် အကြံပြု တင်ပြဖို့ စီစဉ်ထားသလို စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ အလုပ်သမား၊ လယ်သမား ပြဿနာတွေကိုလည်း ကဏ္ဍအလိုက် တင်ပြကြမှာဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောပါတယ်။
ဒီမိုကရေစီမိတ်ဆွေ ပါတီများ ဆယ်ပါတီအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ တဲ့ နိုင်ငံရေးပါတီတွေသာဖြစ်ပြီး ဒီအဖွဲ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် ပါတီတော့ မပါဝင်ပါဘူး။