သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံ


နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ သီးခြားတွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဦးလှမောင်ရွှေ) ဇန်နဝါရီ ၅၊ ၂၀၁၅
နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ သီးခြားတွေ့ဆုံစဉ်။ (ဓာတ်ပုံ-ဦးလှမောင်ရွှေ) ဇန်နဝါရီ ၅၊ ၂၀၁၅

မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးတွေ လုပ်နိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်နိုင်လိမ့်မယ်လို့ မြန်မာသမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က ဒီကနေ့ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြတာပါ။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့သလို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ နေပြည်တော်က မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ ဒီမနက် ၉ နာရီကနေ ၁၀ နာရီခွဲလောက်ထိ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးတာတွေကို ကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဒါရိုက်တာတဦးဖြစ်တဲ့ ဦးညိုအုံးမြင့်က အခုလို ပြောပါတယ်။

“သမ္မတကြီးဘက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်နိုင်မယ့် တခုတည်းသောနည်းလမ်းကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မှ ဖြစ်မယ်-တဲ့။ အဲဒီ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှသာလျှင် နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားလို့ရမယ်ဆိုတဲ့ ရှုဒေါင့်ကနေ ချဉ်းကပ်ပါတယ်။ တိုင်းရင်းသားတွေဘက်တော့ အဓိကအားဖြင့် ပင်လုံရဲ့အခြေခံမူပေါ့နော်၊ အဲဒါကတော့ ဖက်ဒရယ်ပြည်ထောင်---အခြေခံတဲ့ ပြည်ထောင်စုတခု ဖြစ်ပေါ်ဖို့ ဆိုတဲ့ဟာကို အဓိကပြောသွားပါတယ်။ သမ္မတကြီးဘက်ကလည်း ဒီမိုကရေစီကူးပြောင်းရေးမှာ ငြိမ်းချမ်းရေးရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့အတွက်ကို ဆောင်ရွက်ပေးချင်တယ်။ အဲဒီအတွက်ကြောင့် သူကတော့ စာချုပ်လက်မှတ်ရေးထိုးတဲ့နေ့ကို တိုင်းရင်းသားတွေအားလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ ပြန်လည်ထူထောင်ချင်တယ်ဆိုတဲ့ ရှုဒေါင့်ဘက်ကနေ ချဉ်းကပ်တာကိုပဲ ကျနော်တို့တွေ့ရပါတယ်။”

အပစ်အခတ်ရပ်စဲထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေအားလုံး တင်ပြကြတဲ့အချက်တွေကတော့ ကျနော်တို့ သဘောာထားတွေ မကွဲလွဲပါဘူး။ အဓိကအားဖြင့်တော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးဖြစ်ပေါ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကို တကယ်ထူထောင်နိုင်ဖို့- ဒီအချက်တွေပေါ်မှာ အခြေခံထားပြီးတော့ ကျနော်တို့ဒါကို ဆွေးနွေးကြတာပဲ။ နိုင်ငံတော်သမ္မတကြီးကလည်း ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလ (၁၂) ရက်၊ ပြည်ထောင်စုနေ့မှာ အမြန်ဆုံးရရှိနိုင်ဖို့ သဘောထားတွေကို သမ္မတကြီးက ပြောပါတယ်။ ထူးခြားတဲ့အချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတာကို သူ့အနေနဲ့ နှုတ်အားဖြင့်သာ ပြောတာမဟုတ်ဘဲနဲ့ ရေဒီယိုမိန့်ခွန်းတွေနဲ့ သတင်းစာတွေကရော စာအားဖြင့် ပြောတာဖြစ်ပါတယ်-လို့ သူကအဲဒီလို ပြောတော့ - ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့အပေါ်မှာတော့ အမြင်တွေ၊ သဘောထားတွေ- ဒါတွေတော့ ထပ်တူကျနေပြီဖြစ်ပါတယ်။”

ဦးသိန်းစိန်က ၂၀၁၅ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော်ရေးကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပြီးတဲ့နောက် တိုင်းရင်းသားခေါင်းဆောင်တွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘုရင့်နောင်ရိပ်သာမှာ ၁၁နာရီကနေ တနာရီခွဲလောက် အထိ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးခဲ့တာတွေကိုတော့ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“(တပ်မတော်) ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း ၂ နာရီလောက် ကြာပါတယ်။ ကျနော်တို့ တိုင်းရင်းသားအင်အားစုတွေ ပြောကြတာကတော့ အဓိကအားဖြင့် သမ္မတကြီးနဲ့ ဆွေးနွေးတဲ့အချက်တွေကိုပဲ၊ သဘောထားတွေကိုပဲ ပြန်ပြီးတော့ ပြောကြတာပါ။ ကာကွယ်ရေးဦးစီးချုပ်ကလည်း သူတို့အနေနဲ့က ငြိမ်းချမ်းရေးကို သူတို့ တကယ်၊ အလျင်အမြန်လိုချင်တဲ့အကြောင်း၊ ဖြစ်ချင်တဲ့အကြောင်း ပါလီမန်ဗဟိုစနစ်ကိုသွားတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို ရရှိအောင်လုပ်မယ်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို သူတို့ တကယ်ဖော်ဆောင်မယ်ဆိုတဲ့အကြောင်း၊ အဲဒါကို ပြောပါတယ်။ အဓိကအားဖြင့်တော့ သူတို့က ဥပဒေဘောင်အတွင်းကနေ အကောင်အထည်ဖော်သွားဖို့ဆိုတဲ့ဟာကို ပြောတာပေါ့လေ။”

ဒီကနေ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံတော်သမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တက်ရောက်ခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပွဲမှာတော့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ်တွေလည်း ပါဝင်တက်ရောက်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဦးဆောင်ပြီး အဖွဲ့ ၁၂က ခေါင်းဆောင်တွေ တက်ရောက်ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ လွတ်လပ်ရေးနေ့အခမ်းအနားကို ဖိတ်ကြားခဲ့ပေမဲ့ မတက်ရောက်ပါဘူး။

မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေ ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ လာမယ့် ၁၀ရက်နေ့နောက်ပိုင်းမှာ အလွတ်သဘောတွေ့ဆုံဖို့ရှိနေပြီး ဒီလ တတိယပတ်လောက်မှာတော့ တပြည်လုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲရေးအတွက် တရားဝင်တွေ့ဆုံဖွယ်ရှိနေပါတယ်။ ဒီဆွေးနွေးပွဲ အဆင်ပြေမယ်ဆိုရင်တော့ ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်မယ်လို့လည်း သုံးသပ်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG