သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတနဲ့ နိုင်ငံရေး စစ်ရေးခေါင်းဆောင်တွေ တွေ့ဆုံ


သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားဝန်ကြီးများ စုစုပေါင်း ၄၈ ဦးနဲ့ တွေ့ဆုံပွဲ။ (ဇန်နဝါရီ ၁၂၊ ၂၀၁၅)
သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားဝန်ကြီးများ စုစုပေါင်း ၄၈ ဦးနဲ့ တွေ့ဆုံပွဲ။ (ဇန်နဝါရီ ၁၂၊ ၂၀၁၅)

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲဟာ ဒီကနေ့ ညနေပိုင်းမှာပြီးဆုံးသွားခဲ့ပြီး အဓိကကျတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တာမရှိပေမဲ့ ဒီလိုဆွေးနွေးပွဲမျိုးတွေ လိုအပ်ရင်လိုအပ်သလို ကျင်းပသွားဖို့အတွက်တော့ သဘောတူခဲ့ကြပါတယ်။ တက်ရောက်တဲ့ ကိုယ်စားလှယ်အချို့ကတော့ ဒီကနေ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲအဖြစ် ရှုမြင်သုံးသပ်ကြပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပတာဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အဓိက ပါတီကြီး သုံးခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ နိုင်ငံရေးအစု အဖွဲ့သုံးဖွဲ့ ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ (FDA)၊ ညီနောင်တိုင်းရင်းသားပါတီများ၊ ဖက်ဒရေးရှင်း(NBF)နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ယောက်တက်ရောက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲကို မနက် ၉ နာရီခွဲလောက်မှာ စတင်ပြီး ၄ နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အခုလို သတင်းထုတ်ပြန်ပါတယ်။

“ဤဆွေးနွေးပွဲတွင် (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ထွန်းစေရေးကိစ္စ၊ (ခ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးကိစ္စ၊ (ဂ) လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး မြင်သာသောအသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိနေသေးသည့် ကြားကာလ နိုင်ငံရေးတည်ငြိမ်ရေးကိစ္စတို့အပါအဝင် နိုင်ငံရေးကိစ္စရပ်များကို ရှုဒေါင့်အသီးသီးမှ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး အဖြေရှာခဲ့ကြပါတယ်။ ယခုကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲများကို အချိန်အခါနှင့်အခြေအနေပေါ် မူတည်ပြီး အားလုံးညှိနှိုင်း၍ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။”

ဆွေးနွေးပွဲ ပထမပိုင်းမှာ ကြေညာချက်မှာ ဖော်ပြထားတဲ့ အချက်၃ချက်အပေါ်မှာ အဓိကဆွေးနွေးခဲ့သလို ဒုတိယပိုင်းမှာတော့ဒီအချက်တွေကို အစုအဖွဲ့လိုက် အပြန်အလှန်ဆွေးနွေးပြီး နောက်ဆုံးမှာ ထုတ်ပြန်ကြေညာချက်ကို ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။

ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်ကတော့ ဒီကနေ့ ဆွေးနွေးပွဲအပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် အောင်မြင်တယ်လို့ ကျနော် အဲလို သုံးသပ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို အခင်းအကျင်းမျိုးက ကျနော်တို့မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖြစ်တယ်၊ နောက်ပြီးတော့ ဒီမှာ တော်တော်လေးကို All inclusive ပေါ့ဗျာ၊ ကျနော်တို့ ပါဝင်နိုင်ကြတာပေါ့။ ဒီလိုအခင်းအကျင်းမျိုးက ကျနော်တို့ဆီမှာတော့ သမိုင်းဝင်တယ်လို့တောင် ကျနော် ပြောချင်ပါတယ်။ ကျနော် တနေကုန်နားထောင်တာ တစ်ယောက်မှ ကန့်ကွက်တာ မရှိပါဘူး။ အကုန်လုံး အပြုသဘောဆောင်ပြီးမှ ဒီဟာတွေကို သမ္မတကြီးပေးထားတဲ့ agenda သုံးခုအပေါ်မှာ သဘောတူကြတယ်ဆိုတဲ့အခြေအနေမျိုးနဲ့ ကျနော်တို့ တွေ့ပါတယ်။”

ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ သုံးသပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် အတော်များများက အကြံပြု ဆွေးနွေးကြတယ်လို့ ပြောပါတယ်။

“အဓိကဆုံးဖြတ်ချက်ရယ်လို့တော့ ဘာမှတော့ မရပါဘူး၊ ဒါပေမယ့်လို့ ဆွေးနွေးကြတာတွေကတော့ တော်တော်လေးကောင်းတယ်၊ တင်ပြချက်တွေ ကောင်းတယ်၊ သို့သော်လည်း အပြန်အလှန်ဆွေးနွေးနိုင်မှုအပိုင်းမှာကတော့ သိပ်ပြီးတော့ ထင်သလောက် မဆွေးနွေးနိုင်ဘူး။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် လုပ်ဖို့အတွက် အများစုက တင်ပြတာတွေ ရှိတယ်။ အကြံဉာဏ်လည်း ပေးကြတယ်။ အဲဒီမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ကော်မရှင်ကတော့ အရင် ၂၀၁၀ ရွေးကောက်ပွဲဖြစ်တဲ့ဟာတွေကို အသာထားပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးဖို့အတွက် ကတိတွေပေးတာတွေ တွေ့ရတယ်။”

ဒီဆွေးနွေးပွဲမှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ဆွေးနွေးတာမျိုးမရှိဘဲ ပါတီ ဗဟိုအလုပ်မှုဆောင်တွေက ပေးလိုက်တဲ့ အကြံပြုချက်တွေကိုပဲ ဖတ်ပြခဲ့တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆွေးနွေးတာမရှိဘူး၊ CEC က ဆုံးဖြတ်ချက်အရပေးလိုက်တဲ့ အကြံပြုတဲ့အချက်တွေကိုပဲ ဖတ်ပြတယ်။”

ဒီအကြံပြုချက်တွေမှာ နိုင်ငံတော်သမ္မတ ဖိတ်ကြားစဉ်ကပါဝင်တဲ့ ဆွေးနွေးမယ့် အချက် ၃ ချက်အပေါ်မှာ အခြေခံတာဖြစ်ပြီး အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တချို့ကတော့ ဆွေးနွေးပွဲကိုတက်ရောက်တဲ့သူများပေမဲ့ တိကျတဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်တဲ့အပေါ် အားမလို အားမရ ဖြစ်တာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ထိပ်သီးခေါင်းဆောင် ၁၄ ဦးပါဝင်တဲ့ အလားတူ ဆွေးနွေးပွဲမျိုးကျင်းပခဲ့ရာမှာ ထူးခြားတဲ့ ရလဒ်မထွက်တဲ့အတွက် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို တွေ့ဆုံမှုမျိုးကို ဘယ်လိုအခြေခံမူတွေနဲ့ ဖိတ်ခေါ် ပြုလုပ်သလဲဆိုတာကို သူနားမလည်ဘူးလို့ ဝေဖန်သွားပါတယ်။ အထူးသဖြင့် လွှတ်တော်က တောင်းဆိုထားတဲ့ ထိပ်သီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမျိုးကို ရှောင်လွဲှဖို့အတွက် ဒီလို အစည်းအဝေးကျင်းပတာမျိုး မဖြစ်သင့်ဘူးလို့လည်း အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားတာပါ။

“ဆွေးနွေးတဲ့ဟာတွေက ခြောက်ပွင့်ဆိုင်ပုံစံမှ မဟုတ်ဘဲ။ တိုင်းရင်းသားဝန်ကြီးတွေပါတယ်လေ။ တိုင်းရင်းသားဝန်ကြီးတွေဆိုတာ တကယ်တော့ အစိုးရအဖွဲ့ပဲ။ တိုင်းရင်းသားဝင်ကြီးတွေချင်း ဆွေးနွေးတယ်ဆိုတာ ဒါ တမျိုးပေါ့။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးတာမှာ အန်တီတို့အမြင်မှာတော့ ဘယ်လိုမူအရ ဒီပုဂ္ဂိုလ်တွေကို ဖိတ်သလဲဆိုတာ အန်တီတော့ မရှင်းဘူး။”

အစည်းအဝေးအတွင်းမှာတော့ ဖိတ်ကြားစဉ် ဖိတ်စာမှာ ပါဝင်တဲ့ ခေါင်းစဉ်သုံးခုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ရဲ့ အမြင် အကြံပြုချက်တွေကိုပဲ ဒေါ်အောင်ဆန်းစုကြည်က တင်ပြခဲ့ပြီး သူ့အနေနဲ့ ဆွေးနွေးတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ အစည်းအဝေးအတွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စရပ်တွေကို တိုင်းရင်းသားဝန်ကြီးတွေအပါအဝင် အတော်များများ ဆွေးနွေးထောက်ပြခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခု ဆွေးနွေးပွဲမျိုးဟာ လွှတ်တော်က တောင်းဆိုထားတဲ့ ထိပ်သီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမျိုးနဲ့လည်း ပုံစံမတူ အကြောင်းအရာမတူဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“အန်တီတို့ရည်ရွယ်တဲ့ (၆) ပွင့်ဆိုင်နဲ့ အခုပုံစံနဲ့က မတူဘူး။ အဲဒီတော့ ဒါ clash ဖြစ်စရာအကြောင်းလည်း မရှိဘူး။ အခုပြောသွားတဲ့ဟာတွေက (၄၈) ယောက်ဆိုတော့ ယေဘုယျဆန်မှာပေါ့။ ဒါကတော့ ဘယ်လိုမှ ငြင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး။ တချို့ကိစ္စတွေ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောတာတွေ ရှိတယ်ပေါ့နော်၊ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြောတဲ့အခါမှာ မေးတဲ့ဟာတွေ၊ နောက် ဦးတင်အေးက ဖြေတာတွေ ဘာတွေဟာ အရေးမကြီးတာတော့မဟုတ်ဘူး၊ ဒါပေမယ့် ဒီကိစ္စတွေက ဦးတင်အေးအနေနဲ့ နိုင်ငံရေးပါတီတွေကို ရှင်းထားပြီးသား ကိစ္စတွေ၊ ဥပမာ voters list ကိစ္စတို့၊ မဲရုံအစောင့်ကိစ္စတို့ ဘာတို့ … ဒါတွေက technical ပေါ့နော်၊ အဲလိုကိစ္စတွေက ဦးတင်အေးတို့လို ကော်မရှင်အနေနဲ့ ရှင်းထားပြီးသား။ နောက်ပြီးတော့ ဒီလိုဟာမျိုး ဆွေးနွေးဖို့- အန်တီတို့ ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲက ဒါမျိုးတွေ ဆွေးနွေးဖို့ မဟုတ်ဘူး။”

လက်ရှိ နိုင်ငံရေးပြဿနာတွေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက ကာကွယ်ရေးဦးစီးချုပ်နဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတာပါ။ ပြည်ထောင်စုလွှတ်တော်ကတော့ အမျိုးသားလွှတ်တော်နာယကနဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးကိုပါ ထည့်သွင်းပြီး ထိပ်သီး ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့တာကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံထားပါတယ်။ သမ္မတ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ၆ ပွင့်ဆိုင်တွေ့ဆုံရေး မဖြစ်နိုင်ဘူးဆိုတာကို တပ်အပ်မငြင်းပေမယ့် အခုလို အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဆက်ပြီး ပြုလုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG