သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းမည်


သမ္မတဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံစဉ်။ (၀၉၊ ၂၆၊ ၂၀၁၂။)
သမ္မတဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံစဉ်။ (၀၉၊ ၂၆၊ ၂၀၁၂။)
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မကြာခင်အချိန်ပိုင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကလည်း သမ္မတဦးသိန်းစိန်ဟာ ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်၊ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခုလို တွေ့ဆုံခဲ့ရာ သမ္မတဦးသိန်းစိန် တည်းခိုတဲ့ ဟိုတယ်လ်မှာပဲ ဗွီအိုအေ မြန်မာပိုင်းက သွားရောက်ပြီးတော့ သတင်းယူနေတဲ့ ဦးရော်နီညိမ်းကို မေးမြန်းတင်ပြထားပါတယ်။

မေး။ ။ ဦးရော်နီရေ့- သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကို ဦးရော်နီမြင်ရ သိရတာတွေ ပြောပြပေးပါ အုံးရှင်။

ဖြေ။ ။ ဟုတ်ကဲ့။ အခု နောက်ဆုံးတွေ့ဆုံမှုကတော့ အရေးအကြီးဆုံးပဲပေါ့နော်။ အဲဒီကနေပဲ စပြော လိုက်ပါမယ်။ အခု မိနစ်ပိုင်းကလေးကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြန်လည် ထွက်ခွာ သွားခဲ့ပါပြီ။ သူက ဝန်ကြီးလေးဦးပါဝင်တဲ့ သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ မိနစ် လေးဆယ်လောက် ဆွေးနွေး သွားပါတယ်။ အဲဒီတော့ ပြီးလို့ရှိရင် ဘာတွေ ပြောလဲဆိုတာ အကျဉ်းချုပ်ပြောပြမယ်ဆိုပြီး သံ အမတ်ကြီး ဦးသန်းဆွေက ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပြပါတယ်။

သူ ပြောတဲ့ အဓိက နှစ်ချက်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေကို အသိ အမှတ်ပြု ချီးကျူးတယ်၊ နောက်တခုက လူ့အခွင့်အရေးတိုးတက်မှု ရှိလာတာတွေလည်း အသိ အမှတ်ပြု ချီးကျူးတယ်။ ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ Workshop ကြီးတခုကို အမေရိကန် အစိုးရကနေပြီးတော့မှ ကမကထပြုပြီး မြန်မာနိုင်ငံမှာ လာကျင်းပပေးချင်တယ် ဆိုတာကို ပြောတယ် ဆိုပြီးတော့ သံအမတ်ကြီး ဦးသန်းဆွေက ကျနော်တို့ကို ပြန်ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီးဟီလာရီကလင်တန်နဲ့အတူ လိုက်ပါလာတဲ့ နိုင်ငံခြားသတင်း ဌာ နတွေ ပြန် ပြောပြတာကတော့ အရေးအကြီးဆုံးအချက်ပေါ့နော်။ မြန်မာနိုင်ငံကနေပြီးတော့ အမေရိ ကန် ပြည်ထောင်စုကို ရောင်းချဖို့ ပိတ်ပင်ထားတဲ့ ပို့ကုန်တွေ ပိတ်ပင်ထားမှုကို ရုပ်သိမ်း လိုက်တော့ မယ် ဆိုတာကို နိုင်ငံခြားသတင်းထောက်တွေဆီကနေ တဆင့် ပြန်သိရပါတယ်။ အဲဒါ ကတော့ ကျနော်တို့ မြန်မာအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ သံအမတ်ကြီးတို့ကတော့ ကျနော်တို့ကို မပြော သွားပါဘူး။ အဲဒါကတော့ အကြောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ရိုက်တာအပါအဝင် တခြားသတင်းဌာနတွေ ကတော့ ပြောသွားပါပြီ။

မေး။ ။ ဟုတ်ပါပြီ။ ဦးရော်နီ-

ဖြေ။ ။ အဲဒါကတော့ ဟီလာရီကလင်တန်နဲ့ပတ်သက်ပြီး သိရတဲ့ ကိစ္စပါ။

မေး။ ။ ဟုတ်ပါပြီ၊ ဦးရော်နီ။ အဲဒီတော့ ဟီလာရီကလင်တန်နဲ့တွေ့တဲ့အခါမှာ ဒီလိုမျိုး တိုးတက်မှုတွေ ကိုတော့ သိရပြီပေါ့လေ။ ဒီကနေ့ကတော့ အမေရိကန်မှာ အခုလောလောဆယ်က ဗုဒ္ဓဟူးနေ့ပဲ ရှိသေး တယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့သူတွေထဲမှာ အခုနက ဦးရော်နီညိမ်း ပြောသွား သလိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါတယ်၊ တခါ ထိုင်းဝန်ကြီးချုပ်တို့နဲ့ လည်း တွေ့တယ်…..

ဖြေ။ ။ အဲဒီမတိုင်ခင်မှာ ပထမဆုံးပေါ့နော်- နေ့လည်နှစ်နာရီမှာ သမ္မတဟောင်း ဘီလ် ကလင် တန် ရောက်လာပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ဦးသိန်းစိန်နဲ့ တနာရီ နီးပါး တွေ့ ဆုံဆွေးနွေး သွားပါတယ်။ ဘာတွေ ဆွေးနွေးသွားတယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး၊ နောက် တခါ နေ့လည် သုံးနာရီလောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း…

မေး။ ။ ဟင်နရီ ကစ်ဆင်းဂျားနဲ့….

ဖြေ။ ။ ဟင်နရီကစ်ဆင်ဂျာ မလာခင်မှာ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် အရင်လာပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်လာတဲ့အခါမှာ သူကလည်း သမ္မတဦးသိန်းစိန်နဲ့ မိနစ် သုံး ဆယ် လောက် ဆွေးနွေးသွားပါတယ်။ နောက်ပြီးတော့မှ တတိယမြောက် ရောက်လာတဲ့ ပုဂ္ဂိုလ် ကတော့ ဟီလာရီကလင်တန်မတိုင်ခင် ရောက်လာတဲ့ ပုဂ္ဂိုလ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာပါ။ သူကတော့ အသက်အရွယ် ထောက်နေပြီဆိုတော့ တုတ်ကောက်လေး တချောင်းနဲ့ ရောက်လာပါတယ်။ အဲဒီတော့ ဒီကနေ့မှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေပေါ့နော်- အပါအဝင် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင် နှစ်ယောက် လို့ ပြောရမယ့် မစ္စ်ရှင်နာဝပ်နဲ့ မစ္စက် ကလင်တန် အပါအဝင် ဟင်နရီကစ်ဆင်ဂျာတို့၊ ဘီလ်ကလင်တန် တို့နဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဒီဟိုတယ်လ်က အစည်းအဝေး ခန်းမထဲမှာ ဆွေးနွေးကြပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ အဲဒီတော့ တွေ့ဆုံတာက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတာက ဟီလာရီ ကလင်တန်တို့၊ ယင်းလပ်တို့ဆိုတာကတော့ လက်ရှိ တာဝန်ယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေပေါ့လေ။ ဒါပေမဲ့ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်းဂျာတို့ကတော့ လက်ရှိ တာဝန်ယူသူတွေ မဟုတ်တော့ သူတို့နဲ့တွေ့တာကရော ဘယ်လိုကြောင့်လို့ ဦးရော်နီ အနေနဲ့ သိရပါလဲရှင့်။

ဖြေ။ ။ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်ဂျာတို့ကျတော့ သူတို့လက်ရှိ အစိုးရတာဝန်တွေ ထမ်းဆောင်နေသူတွေ မဟုတ်ပေမဲ့လည်း အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဖောင်ဒေးရှင်းတွေ ရှိတယ်။ ကလင်တန်ဆိုလည်း ကလင်တန်ဖောင်ဒေးရှင်း၊ ကစ်ဆင်ဂျာရဲ့ Think Tank လို အဖွဲ့တွေ ရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြ ဖွယ်ရှိတယ် လို့ မှန်းဆရပါတယ်။ အဲလိုလည်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွတ် သိရပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ နောက်ဆုံးသိချင်တာကတော့ မနက်ဖြန် အမေရိကန်ရဲ့ ကြာသာ ပတေးနေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အကြောင်း ဦးရော်နီသိထားတာ ပြောပြပေးပါအုံးရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ မနက်ရှစ်နာရီခွဲရင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် က မြန်မာနိုင်ငံခေါင်းဆောင်အနေနဲ့ မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ ညနေ လေး နာရီ ကျရင်တော့ Asia Society က ကျင်းပတဲ့ ဟောပြောပွဲမှာ သမ္မတဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ အကြောင်းတွေကို တက်ရောက် ဟောပြောပြီးတော့ သူ့ကိုလည်း တက်ရောက်လာတဲ့ ပရိသတ် က မေးခွန်းမေးတာ၊ သူက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ ဦးရော်နီရေ၊ အခုလိုမျိုး ဟိုတယ်လ်မှာတင် စောင့်ကြည့်နေပြီး သတင်းပေးပို့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG