သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံးနှိမ်နင်းမှုနဲ့ ဦးသိန်းစိန်


မြန်မာသမ္မတ ဦးသိန်းစိန်
မြန်မာသမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုကို သွေးထွက်သံယို နှိမ်နင်းခဲ့တာ ၂၅ နှစ်ပြည့် လာတဲ့အချိန်မှာပဲ တချိန်က စစ်တပ်ထဲမှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုစဉ်က အခန်းကဏ္ဍကို ပွင့်ပွင့်လင်းလင်း ဖော် ထုတ်ဖို့ တောင်းဆိုသံတွေလည်း ထွက်ပေါ်လာနေပါတယ်။

အထူးသဖြင့်ကတော့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပါမယ်လို့ ကတိပေးထားတဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ချေမှုန်းခဲ့တဲ့ ဖြစ်ရပ်မှာ ဘယ်အတိုင်းအတာအထိ ပတ်သက်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုမယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြင်နေကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒီမိုကရေစီ တောင်းဆိုရင်း လမ်းပေါ်ထွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြခဲ့သူတွေကို အင်အားသုံး နှိမ်နင်းခဲ့တဲ့ စစ်တပ်ရဲ့ အကြီးတန်း အရာရှိတဦး တာဝန်ယူခဲ့ပြီး အခုအချိန်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်နေတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍကို အများသိအောင် ပြောသင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တက်ကြွသူတွေက မြင်နေကြတာ ဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ ၈ လေးလုံး လှုပ်ရှားမှုအဖြစ် ထင်ရှားတဲ့ လူထုအုံကြွမှုကို နှိမ်နင်းရာမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ တဦးအဖြစ် သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်တဲ့အတွက်လည်း အခုအချိန်မှာ နိုင်ငံရေးခေါင်းဆောင် တဖြစ်လဲ သမ္မတဦးသိန်းစိန် အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုဖို့ လိုတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Burma Campaign - UK ရဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား (Mark Farmaner) ကပြောပါတယ်။

“၁၉၈၈ ခုနှစ်တုန်းက သူဟာစစ်တပ်မှာ တပ်မှူးတဦး ဖြစ်တယ်လို့ ကျနော်တို့ သိရပါတယ်။ ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန် ကြေးနန်းတခုမှာဆိုရင် လည်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို နှိမ်နင်းရာမှာ အရေးပါတဲ့ အထူးနေရာက ပါဝင်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ၁၉၈၈ ခုနှစ်တုန်းက သူဘာတွေ လုပ်ခဲ့တယ် ဆိုတာကို တိတိကျကျ လူသိရှင်ကြား ပြောဖို့လိုပါတယ်။ အမှားလုပ်ခဲ့တယ် ဆိုရင်လည်း မှားတဲ့အကြောင်း ဝန်ခံပြီး၊ တောင်းပန်သင့်ပါတယ်။”

၁၉၈၈ ခုနှစ်တုန်းက ဒီမိုကရေစီ ရရှိရေး ကျောင်းသားတွေက ဦးဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြသူတွေကိုတော့ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့ တဲ့အတွက် လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ကြတာပါ။ ဒီနောက်မှာလည်း စစ်အစိုးရတွေ အဆက်ဆက်က ရှစ်လေးလုံး လှုပ်ရှားမှုဟာ ဆူပူအုံကြွမှုတခု အဖြစ်နဲ့သာ သဘောထားခဲ့ကြတာဖြစ်သလို၊ တိုင်းပြည် မတည်မငြိမ် အခြေအနေအထိ ကြုံခဲ့ရတဲ့အတွက်လည်း အာဏာကို ထိန်းချုပ်ခဲ့ရတယ်လို့ ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအတွက်လည်း လက်ရှိအစိုးရ တာဝန်ရှိသူတွေ အပါအဝင် စစ်ခေါင်းဆောင်ဟောင်းတွေ အနေနဲ့ သွေးထွက်သံယို နှိင်နင်းခဲ့တဲ့ ဖြစ်ရပ်မှာ တာဝန်ရှိခဲ့သူတွေ အဖြစ်နဲ့ ဝန်ခံဖို့ အလားအလာကတော့ သိပ်မရှိလှဘူးလို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကမြင်ပါတယ်။

“အဲဒီအချိန်တုန်းက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သမ္မတကြီး ဦးသိန်းစိန် က တပ်ရင်းမှူးပါ၊ ခလရ (၈၉) မှာ။ ၈၈ နောက်ပိုင်းမှာ စစ်ရုံးကို G-1 နဲ့ ရောက်လာပြီးတော့မှ တောက်လျှောက်နောက်ပိုင်း အရေးအခင်းတွေ မှန်သမျှကို သမ္မတကြီးကိုယ်တိုင် ကိုင်တွယ်ခဲ့ရတာပါ။ သမ္မတကြီးဟာ အဲဒီအချိန်တုန်းက စစ်ဦးစီးဗိုလ်မှူးကြီး ဖြစ်တယ်။ သူဟာ ဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး စောမောင် အပါအဝင်ပေါ့လေ၊ အဲဒီကြားမှာ သူဟာ အတွင်းရေးမှူး သဘောမျိုးနဲ့ လုပ်ခဲ့ရတဲ့သူပါ။ ဒီကိစ္စတွေ အားလုံးကို သိပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကို မှားတယ်၊ မှန်တယ် ဆိုတဲ့ဟာ လက်ရှိရှိနေတဲ့ သမ္မတကြီး အပါအဝင်ပေါ့လေ၊ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေ မပြောရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင် involved (ပတ်သက်တဲ့) အနေအထားမျိုးရှိတယ်။”

၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆို အုံကြွမှုတွေကို နှိမ်နင်းပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်တပ်က တိုင်းပြည် အာဏာကို ထိန်းချုပ်ခဲ့ရာက မကြာသေးခင်ကမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ လွတ်လပ်ခွင့်တွေ ပေးမယ်ဆိုတဲ့ ကတိတွေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရလာတာ ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲရေး
တွေ လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရ အနေနဲ့ အတိတ်က ဖုံးကွယ်ထားတာတွေကို ပွင့်ပွင့်လင်းလင်း ပြောရလိမ့်မယ်လို့လည်း Burma Campaign - UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား ကပြောပါတယ်။

“ပထမဆုံးအကြိမ် သမ္မတအဖြစ် ဦးသိန်းစိန် ရဲ့မိန့်ခွန်းထဲမှာ တပ်မတော်က ၈၈ ခုနှစ်မှာ အာဏာရယူပြီး၊ တိုင်းပြည်ကို ကယ်တင်ခဲ့တယ်ဆိုပြီး ချီးကျူးစကား ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ ပြုပြင်ပြောင်းလဲရေး သမားလို့ ပြောနေပါတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲမယ့်သူ ဆိုရင်တော့ ကျောင်းသားတွေကို လမ်းပေါ်မှာ ပစ်သတ်ခဲ့တဲ့ ကိစ္စကို ကာကွယ်နေလို့ မရပါဘူး။”

ဒီသီတင်းပတ်ထဲမှာပဲ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ကလည်း ၈ လေးလုံး လှုပ်ရှားမှုကို နှိမ်နင်းခဲ့တာ အပါအဝင် လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ သမ္မတ ဦးသိန်းစိန် ကို တိုက်တွန်းခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ လူတွေထိခိုက် သေကျေခဲ့ရတဲ့ အဖြစ်အပျက်တွေကို စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG