သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးတွေ အဂတိတရားကင်းဖို့ သမ္မတဦးသိန်းစိန် သတိပေး


ကတိသစ္စာပြုအခမ်းအနားတွင် တွေ့ရသည့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ။ သြဂုတ် ၁၄၊ ၂၀၁၃။
ကတိသစ္စာပြုအခမ်းအနားတွင် တွေ့ရသည့် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ။ သြဂုတ် ၁၄၊ ၂၀၁၃။
ခန့်အပ်ပြီးဖြစ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ဝန်ကြီးတွေအနေနဲ့ အဂတိတရား လိုက်စားမှုတွေ မပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။ အခုလို ဝန်ကြီးတွေကို အစိုးရအဖွဲ့အတွင်းမှာ ပြောင်းလဲ တာဝန်ပေး အပ်ခဲ့တာဟာ အစိုးရ ယန္တရားအနေနဲ့ ပြည်သူကို အကျိုးပြုနိုင်အောင်လို့ အခုလို လုပ်ရတာ ဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်ကပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဇူလိုင်လ၂၅ ရက်နေ့ကစပြီးနဲ့ သြဂုတ်လ ၁၃ ရက်နေ့အထိ သမ္မတဦးသန်းစိန် ရဲ့ အစိုးရအဖွဲ့ အတွင်းမှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေကို အပြောင်းအလဲလုပ်ခဲ့တာ ဖြစ်ပါ တယ်။

အစိုးရအဖွဲ့အတွင်း ဝန်ကြီးတွေ အပြောင်းအလဲလုပ်ပြီးတဲ့နောက်မှာ ဝန်ကြီးအသစ်တွေ ကျမ်းကျိန်တဲ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတက အသစ်ခန့်အပ်ထားတဲ့ ဝန်ကြီးတွေအနေနဲ့ အဂတိတရား ကင်းရှင်းဖို့ကိုလည်း အဓိကထားပြီး တိုက်တွန်းခဲ့ပါတယ်။

အလုပ်လုပ်ကြတဲ့အခါ စေတနာအလျောက် လုပ်မှား ကိုင်မှားဖြစ်တာကို ပြုပြင် ပြင်ဆင်ပေးနိုင် ပေမဲ့ ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့် ထိန်းသွားကြဖို့ဆိုပြီးတော့ သူက သတိပေးစကား ပြောကြားလိုက်တာဖြစ်ပါတယ်။

အခုလို ဝန်ကြီးတွေကို နိုင်ငံတော်သမ္မတက အဂတိတရား မလိုက်စားဖို့ သတိပေးတာဟာ ရှေ့ ပိုင်းမှာ ဝန်ကြီးတွေ အဂတိလိုက်စားခဲ့တာကိုပါ ဟန့်တားနိုင်အောင် ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်နိုင်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကပြောပါတယ်။

“တော်တော်တော့ လုပ်ရမယ်ဗျ။ ကျနော် အမည်မဖော်လိုသော ဝန်ကြီးတစ်ပါး အိမ်ဆောက်နေ တဲ့ဘက်ကို လမ်းလျှောက်သွားရင်းနဲ့ တွေ့တယ်။ ကျနော်က မေးကြည့်တာပေါ့။ ဒါ ၂၀၁၅ မတိုင် ခင် ပြီးအောင် ဆောက်လို့ မှာထားတယ်တဲ့၊ ဆောက်လုပ်ရေးကလူတွေက။ တိုက်ကြီးကလည်း နန်းတော်ကြီးလိုပဲ။ ဘယ်သူ့ဟာလို့တော့ မပြောလိုတော့ပါဘူး။ ဆိုလိုတာက အဲဒါမျိုးတွေက ရှိ နေတဲ့အခါကျတော့ သမ္မတကြီးက အဲဒါတွေကို သိဟန်တူပါတယ်။ ဒါကြောင့်မို့လို့ အဲလို ထိန်းချုပ်တယ်လို့ ကျနော်ယူဆတယ်။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်က အခုခန့်အပ်ထားတဲ့ ဝန်ကြီးတွေအနေနဲ့ အစိုးရအဖွဲ့အတွင်း လုပ်ကိုင်မှုတွေ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မိန့်ခွန်းထဲမှာ ပြောကြားသွားခဲ့ပါတယ်။

“အခုလို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေ ခန့်အပ်ခြင်း ခံရတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ မိမိတို့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော် ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့အတွက် မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမို ထိရောက်အောင်မြင်စွာ ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

“မိမိတို့ရဲ့ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။ ရာထူး တိုးမြှင့် ခန့်အပ်ခံရခြင်းနဲ့အတူ တာဝန်တွေကိုလည်း တိုးမြှင့်ယူကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုတဲ့နေရာမှာ မိမိတို့ရဲ့ နိုင်ငံ့ရဲ့တာဝန်၊ မိမိတို့ဝန်ကြီးဌာနရဲ့တာဝန်တွေ အပြင် တစ်ဦးခြင်းစီ လိုက်နာ စောင့်ထိန်းရမဲ့ တာဝန်တွေ ဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတအနေနဲ့ အစိုးရအဖွဲ့နဲ့ တိုင်းပြည်အတွက် အလုပ်ပိုလုပ်ဖို့ ပြောဆိုခဲ့တာဟာ နောက်ပိုင်းမှာ ဝန်ကြီးတွေအနေနဲ့ အခုထက် ပိုပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးရေးကို လုပ်နိုင်အောင် ရည်ရွယ်ပြီး ပြောဆိုတာဖြစ်နိုင်တယ်လို့ ဦးလှဆွေကသုံးသပ်ပါတယ်။

“သူက လက်ရှိ သတင်းသိုးသိုးသန့်သန့် ကြားတာနဲ့ကို ပြောင်းပစ်တာတို့၊ အငြိမ်းစားပေးပစ်တာ တို့လုပ်တယ်လို့ ကျနော်တို့ယူဆပါတယ်။ ဘာလို့လည်းဆိုတော့ အသံထွက်လာပြီဆိုရင် သူက ချက်ခြင်း ပြောင်းပလိုက်တာပဲ။ အဲလိုမျိုး ဂရုစိုက်ပြီးတော့ ပဲ့ကိုင်နေတယ်လို့ ကျနော် ယုံကြည် တယ်။ သူ အဲလို ပြောလိုက်တဲ့အတွက်ကြောင့် ဝန်ကြီးတွေဟာ အဓိကကတော့ ခုန ကျနော် ပြောတာပေါ့ စေတနာရှိရှိနဲ့ ကိုယ့်ဝန်ကြီးဌာန၊ တိုင်းပြည်တိုးတက်ရေးကို ဆောင်ရွက်ဖို့ လမ်း ကြောင်းကို သူက ဖော်ဆောင်နေတယ်လို့ ကျနော်ယုံကြည်တယ်ဗျ။ ဒါကြောင့်မို့ သမ္မတရဲ့ မိန့်ခွန်းနဲ့ လုပ်ဆောင်ချက်တွေကို ကျနော့်အနေနဲ့ ထောက်ခံကြိုဆိုပါတယ်ဗျာ။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိအချိန်မှာ ပြည်ထောင်စုဝန်ကြီးတွေ အပါအဝင် ဒုဝန်ကြီးတွေကို ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လအတွင်းမှာ အကြီးအကျယ် အပြောင်းအလဲတွေ လုပ်ခဲ့တာပါ။

ဇူလိုင်လ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၃ ရက်နေ့အထိ ဒုဝန်ကြီး၁၂ ဦးကို အသစ်ခန့်အပ်ခဲ့ပြီး ရာထူးအပြောင်းအရွှေ့ ၅ နေရာနဲ့ ပြည်ထောင်စုဝန်ကြီးနှစ်ဦးကို ရာထူးက အနားယူခိုင်းခဲ့ပါ တယ်။

ဒါကြောင့် ဝန်ကြီးဌာနအတွင်းမှာ တရားဝင်အပြောင်းအလဲ ၁၉ နေရာထိရှိခဲ့ပြီးတော့ လပေါင်း၂၀ အတွင်းမှာ အခုလို ဝန်ကြီးတွေ အပြောင်းအလဲလုပ်တာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူရဲ့မိန့်ခွန်းထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းမှု အမြန်ဆုံး ပြန်လည်ရရှိရေးနဲ့ တရားဥပဒေစိုးမိုးမှု တိုင်းပြည်မှာရှိဖို့၊ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်မှုတွေ ပိုမိုရလာအောင်လို့ အစိုးရအဖွဲ့အနေနဲ့ တွန်းအားပေး လုပ်ဆောင်ကြဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG