လူ ၂ ဦး သေဆုံးခဲ့ရတဲ့အထိ မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတာတွေဟာ သွေးထိုးလှုံ့ဆော်မှုတွေရဲ့ ပယောဂကြောင့် ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမှာ ဖြစ်တယ်လို့ ဒီကနေ့ညဖက် ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုသွားခဲ့တာပါ။
တချို့ပဋိပက္ခတွေဟာ ပညာရေး၊ စီးပွားရေး အစရှိတဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတာကို အခြေခံနေပေမဲ့ တချို့နေရာတွေမှာတော့ တမင်တကာ သွေးထိုးလှုံ့ဆော် ဖန်တီးတာတွေကြောင့် ဖြစ်တယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။ မန္တလေးမြို့က ဆူပူမှုတွေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးခဲ့တာတွေကို တွေ့ရတဲ့အကြောင်းလည်း ပြောဆိုခဲ့ပေမဲ့ ဘယ်သူဘယ်ဝါတွေ လက်ချက်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမသွားခဲ့ပါဘူး။
ကိုယ်ကျိုးစီးပွားနဲ့ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို ပျက်ပြားအောင် နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ ဖန်တီးတာတွေ ရှိနေတဲ့ အကြောင်းလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ဆူပူမှုတွေနဲ့ ပတ်သက်လို့ လူပေါင်း ၃၆၂ ယောက်ကို ဖမ်းဆီးခဲ့ပြီး အများစုကတော့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို ချိုးဖောက်သူတွေ ဖြစ်ပြီး၊ ဒီအထဲက ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း မန္တလေးရဲတပ်ဖွဲ့က ပြောပါတယ်။
လူ ၁၆ ယောက်ကိုတော့ ရာဇဝတ်မှုပြစ်မှုတွေနဲ့ အရေးယူထားပြီး၊ လူသတ်မှု၊ နာကျင်စေမှုတွေနဲ့ ဆက်နွယ်သူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ဖို့လည်း ကြိုးပမ်းနေတဲ့အကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။