သမ္မတဦးသိန်းစိန်ဟာ ဇွန်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မွန်ဂိုလီယားနိုင်ငံဆီ လာရောက်မယ်လို့ မွန်ဂိုလီယားသမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ဇွန်လ ၂၆ ရက်နေ့စွဲနဲ့ ကြေညာထားပါတယ်။ မွန်ဂိုလီယားသမ္မတ Tsakhiagiin Elbegdorj ရဲ့ ဖိတ်ကြားချက်အရ လာရောက်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါဟာ ၁၉၅၆ ခုနှစ်မှာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်ကတည်းကဆိုရင် မြန်မာသမ္မတတဦး မွန်ဂိုလီယားနိုင်ငံဆီ တရားဝင် နိုင်ငံတော်ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် သွားရောက်တာဖြစ်မှာပါ။
ခရီးစဉ်အတွင်း မွန်ဂိုလီယားသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တို့နဲ့ သမ္မတဦးသိန်းစိန် တရားဝင် တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဖို့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီဆွေးနွေးပွဲတွေအတွင်း သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုကဏ္ဍတွေနဲ့ ဆက်စပ်တာတွေကို ဆွေးနွေးကြဖို့ရှိသလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ မွန်ဂိုလီယားနိုင်ငံရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို အပြန်အလှန် ဖလှယ်ကြမှာဖြစ်ပြီးတော့ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဘက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်မျိုးစုံကို ပြောဆိုကြဖို့ ရှိတယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။ ဒါ့အပြင် မြန်မာနဲ့မွန်ဂိုလီးယားအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးကြဖို့ စီစဉ်ထားတယ်လို့ မွန်ဂိုလီယား သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ။်
သမ္မတဦးသိန်းစိန်ရဲ့ အခုခရီးစဉ်နဲ့ပတ်သက်ပြီး အစိုးရပိုင်သတင်းစာတွေမှာ တရားဝင်ကြေညာတာတော့ မတွေ့ရသေးပါဘူး။