သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထင်ကရပုဂ္ဂိုလ်တချို့ထံ ဖောက်ခွဲရေးပစ္စည်း ပါဆယ်ထုပ်တွေပို့မှု Trump ရှုတ်ချ


နယူးယောက် Time Warner Center အပြင်ဘက်တွင် လုံခြုံရေးယူ ထားသည့် ရဲတပ်ဖွဲ့ဝင်များ။ ၂၅ အောက်တိုဘာ ၂၀၁၈။
နယူးယောက် Time Warner Center အပြင်ဘက်တွင် လုံခြုံရေးယူ ထားသည့် ရဲတပ်ဖွဲ့ဝင်များ။ ၂၅ အောက်တိုဘာ ၂၀၁၈။

အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ လူပုဂ္ဂိုလ်တချို့ဆီကို ဖောက်ခွဲရေးပစ္စည်းလို့ ယူဆရတာတွေပါတဲ့ အထုပ် တွေ စာတိုက်ကတဆင့် ပေးပို့တာကို ဖော်ထုတ် တားဆီး လိုက်ပြီးတဲ့နောက် အဲဒီလုပ်ရပ်ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြစ်တင်ရှုတ်ချပြီး နိုင်ငံ ရေးပယောဂပါတဲ့ ဘယ်လို အကြမ်းဖက်လုပ်ရပ်မျိုးမှ အမေရိကန်ပြည်ထောင်စုမှာ နေရာမရှိဘူးလို့ ပြောပါတယ်။ သမ္မတဟောင်း ဘရာ့ခ် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့အပါအဝင် ထင်ရှားတဲ့ လူပုဂ္ဂိုလ်တချို့ဆီကို သံသယဖြစ်ဖွယ်အထုပ်တွေ ပေးပို့ခဲ့တာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

သမ္မတဟောင်း ဘရာ့ခ် အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် တို့ဆီကို လိပ်မူထားတဲ့ “ဖောက်ခွဲ ရေးပစ္စည်းဖြစ်နိုင်ခြေ ပစ္စည်းတွေ” ပါဝင်တဲ့ သံသယ ဖြစ်ဖွယ်အထုပ်တွေကို အင်္ဂါနေ့နှောင်းပိုင်းက ကြားဖြတ်စစ်ဆေးပြီး ဟန့်တားလိုက်တယ် လို့ အမေရိကန် ရဲအထူးလုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာတော့ နယူးယောက်မြို့က CNN သတင်းဌာနတည်ရှိရာ Time Warner ကုမ္ပဏီရဲ့ စာပို့စာယူခန်းထဲမှာ သံသယဖြစ်ဖွယ် အထုပ်တထုပ်ကို တွေ့ရတဲ့ အတွက် အဆောက်အဦးထဲကလူတွေအားလုံးကို အပြင်ထွက်ခိုင်းပြီး စစ်ဆေးပါတယ်။ ပစ္စည်းတခုပါတဲ့ အဲဒီအထုပ်ကို အထူးထရပ်ကားတစီးနဲ့သယ်ပြီး နယူးယောက် ရဲတပ်ဖွဲ့၊ ဗုံးရှင်းလင်းရေးဌာနကို ပို့လိုက်ပါတယ်။ အဲဒီအထုပ်ဟာ CIA ညွှန်ကြားရေးမှူးဟောင်း John Brennan ဆီကို လိပ်မူထားတာလို့ CNN ကပြောပါတယ်။

ဗုဒ္ဓဟူးနေ့က သမ္မတအိမ်ဖြူတော်မှာလုပ်တဲ့ ဘိန်းပါတဲ့ဆေးဝါးများ တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းတခုကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးပြဌာန်းတဲ့ အခမ်းအနားမှာ သမ္မတ ထရမ့်ပ်က အခုလိုပြောသွားပါတယ်။

“ကျနော်တို့ အခုပြောဆိုနေချိန်မှာပဲ ဖောက်ခွဲပစ္စည်းဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူတွေ က အဲဒီအထုပ်တွေကို စစ်ဆေးနေကြပြီး ဖက်ဒရယ် စုံစမ်းစစ်ဆေးမှုကြီးတခုကို လုပ်နေပါ တယ်။ စုံစမ်းစစ်ဆေးမှုလုပ်ဖို့အတွက်၊ ဒီစက်ဆုပ်ဖွယ်လုပ်ရပ် ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူဖို့အတွက် ကျနော်တို့အစိုးရအဖွဲ့ရဲ့ အရင်းအမြစ်အားလုံးကို အသုံးပြုနေပါတယ်။ ဒီ ကြိုးပမ်းမှုမှာ ဘယ်လိုအရင်းအမြစ်ကိုမှ ချန်မထားဘဲ အစွမ်း ကုန် လုပ်ဆောင်သွားမှာပါ။ ဒီလိုအချိန်မျိုးမှာ ကျနော်တို့အားလုံး တညီတညွတ်ထဲ သိပ်ကို ရှင်းရှင်းလင်းလင်း အတူတကွ ပြောရမယ့်စကားကတော့ နိုင်ငံရေးပယောဂပါတဲ့ အကြမ်း ဖက်လုပ်ရပ် ဒါမှမဟုတ် ခြိမ်းခြောက်မှုမျိုးတွေအတွက် အမေရိကန်ပြည်ထောင်စုမှာ နေရာမရှိဘူးဆိုတာပါပဲ။”

ဗုဒ္ဓဟူးနေ့အစောပိုင်းက ဖလော်ရီဒါပြည်နယ်မှာလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲတခုအတွင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်က သံသယဖြစ်ဖွယ်အထုပ်တွေကို ကြားဖြတ် တားဆီး စစ်ဆေးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်စကား ဆိုသလို တိုင်းပြည်မှာ အကွဲကွဲအပြားပြား ဖြစ်လွန်းနေတာကို ထောက်ပြသွားပါတယ်။

“အခုချိန်ဟာ ကွဲပြားခြားနားမှုတွေ သိပ်ကိုနက်ရှိုင်းလွန်းတဲ့ကာလဖြစ်ပြီး တိုင်းပြည်ကို စုစုစည်းစည်း ပြန်ဖြစ် အောင် ကျမတို့ တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ လုပ်သွား ကြရပါမယ်။ ဒီလို အလားတူလုပ်ဆောင်ဖို့ ကြိုးစားမယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်တင်မြှောက်ကြရမှာလည်း ဖြစ်ပါတယ်။”

သမ္မတဟောင်းအိုဘားမား၊ သမ္မတဟောင်း ကလင်တန်နဲ့ မစ္စစ်ကလင်တန်ှတို့ဆီသာမက CIA ညွှန်ကြားရေးမှူးဟောင်း John Brennan ကို လိပ်မူထားပြီး CNN သတင်းဌာနကို သံသယဖြစ်ဖွယ်အထုပ်တွေ ပို့ခဲ့တဲ့အပြင် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo ရဲ့ရုံးကိုလည်း တထုပ်ပို့ခဲ့ပါတယ်။

ဒါ့အပြင် သမ္မတအိုဘားမားလက်ထက်က ရှေ့နေချုပ်ဟောင်း Eric Holder ဆီကို လိပ်မူထားတဲ့ အလားတူ အထုပ်တထုပ်ဟာ လည်း လိပ်စာမှားပြီး ဖလော်ရီဒါပြည်နယ်က ဒီမိုကရက်တစ် အောက်လွှတ်တော်အမတ်ဟောင်း Debbie Wasserman Schultz ရုံးကို ရောက်သွားပါတယ်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က မြို့သူမြို့သားတွေ စိုးရိမ်ပူပန်နေဖို့မလိုဘဲ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွား ကြဖို့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း အာမခံပြောဆိုပါတယ်။

“လက်ရှိအချိန်မှာ နယူးယောက်မြို့ကနေရာတွေကို ပစ်မှတ်ထားတဲ့၊၊ ယုံကြည်ရလောက် ပြီး ခိုင်လုံတဲ့ ခြိမ်းခြောက် မှုတခုခု ရှိမနေပါဘူး။ နယူးယောက် ရဲတပ်ဖွဲ့နဲ့ တခြားဌာနတွေ က အကာအကွယ်ပေးနေတဲ့အတွက် နယူးယောက်မြို့သူမြို့သားတွေ ကိုယ့်ရဲ့နေ့တဓူဝ လုပ်ဆောင်ဖွယ်ရာတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ကြတယ်ဆိုတာ ကျနော် အသိပေး လိုပါတယ်။ ဒါဟာ ဆက်လုပ်နေဆဲ စုံစမ်းစစ်ဆေးမှုဖြစ်တယ်ဆိုတာကို သိထားဖို့ အရေး ကြီးပြီး နောက်ထပ် အချက်အလက်တွေကို ထပ်သိလာရတာနဲ့အမျှ ကျနော်တို့ အသိပေး ပြောဆိုသွားမှာဖြစ်ပါတယ်။”

ဒီမိုကရက်တစ်ပါတီအတွက် အဓိကအလှူရှင်ကြီးတဦးဖြစ်တဲ့ သူဌေးကြီး George Soros ရဲ့အိမ်အပြင်က စာတိုက်ပုံးထဲကိုလည်း အလားတူ သံသယဖြစ်ဖွယ် အထုပ်တထုပ် ပေးပို့ ထားတာကို တနင်္လာနေ့က တွေ့ခဲ့ပါသေးတယ်။

သမ္မတဟောင်း အိုဘားမားနဲ့ မစ္စစ်ကလင်တန်တို့ဆီကို လိပ်မူထားတဲ့ အထုပ်တွေကို ချက်ခြင်း ဖော်ထုတ် သိရှိခဲ့ပြီး လိုအပ်သလို ကိုင်တွယ်လုပ်ဆောင်ခဲ့တယ်လို့ ရဲ အထူး လုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်။ “ဒီသံသယဖြစ်ဖွယ် အထုပ်တွေနဲ့ပတ်သက်ပြီး FBI အဖွဲ့ ဟာ တခြား ဥပဒေစိုးမိုးရေးပိုင်းဌာနတွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဝါရှင်တန် ဒီစီက FBI ရုံးခွဲပြောခွင့်ရ Kadia Koroma က ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG