သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ သမ္မတတိုက်တွန်း


နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI Webportal Myanmar's post)
နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI Webportal Myanmar's post)

မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေး ပါတီတွေ ဝိုင်းဝန်းအားပေးကူညီကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲလွန်ကာလ တိုင်းပြည်မှာ နိုင်ငံရေး တည်ငြိမ်မှုရစေရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး ကိစ္စတွေကိုလည်း ပံ့ပိုးကူညီကြဖို့ ဒီကနေ့ ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီက ကိုယ်စားလှယ်ပေါင်း တရာကျော်နဲ့တွေ့ဆုံရာမှာ သမ္မတက ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီကခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲကို တနင်္လာနေ့ ညနေ ၄ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကျင်းပခဲ့ပြီး ဒီတွေ့ဆုံပွဲမှာ အစိုးရဝန်ကြီး တွေပါဝင်တက်ရောက်ခဲ့သလို နိုင်ငံရေးပါတီ ၇၁ ပါတီက ကိုယ်စားလှယ် ၁၃၀ ကျော် ပါဝင်တက်ရောက် ခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပါဝင်ထိုက်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို ရွေးကောက်ပွဲမတိုင်မီ စတင် နိုင်ဖု့ိနဲ့ ဒီဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဆွေးနွေးနိုင်မှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုပါတယ်။

“ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့်ရွေးကောက်ပွဲများမတိုင်မီမှာ အစပြုထားမှ ဒီနိုင်ငံရေးဆွေးနွေးပွဲများကနေတဆင့် ကျနော်တို့ရည်မှန်းတဲ့ပြည်ထောင်စုကို ကျနော်တို့ ပုံဖော်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ကိစ္စရပ်များစွာကို အားလုံးရဲ့ကိုယ်စားပြုမှု၊ သဘောတူညီမှုတွေနဲ့ ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ အားလုံးပါဝင်မယ့်နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် ကြိုးပမ်းနေချိန်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမယ့်အချက်တွေမှာလည်း အခက်အခဲမရှိနိုင်ဘူးလို့ ကျနော့်အနေနဲ့ ယူဆမိပါတယ်။”

တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အချိန်မီ စတင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပြောကြားပါတယ်။

“ကျနော်အကြံပြုတင်ပြချင်တဲ့အချက်ကတော့ နိုင်ငံရေးပါတီများအနေနဲ့ ဒီ process မှာ ဝိုင်းဝန်းပါဝင်ခွင့်ရဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲများ အချိန်မီ ကျင်းပဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းပေးကြဖို့ဆိုတာပဲဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က အသင့်ဖြစ်ပြီးဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့လည်း အစိုးရဘက်က အဆင်သင့်ဖြစ်နေကြောင်းလည်း ထပ်မံပြောကြားပါတယ်။ ရွေးကောက်ပွဲမတိုင်မီကြားကာလမှ နိုင်ငံရေးတည်ငြိမ်မှုရစေဖို့အတွက်လည်း နိုင်ငံတော်သမ္မတက အခုလို တိုက်တွန်းပါတယ်။

“ရွေးကောက်ပွဲကာလတွေမှာ နိုင်ငံရေးအင်အားစုတွေက. ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို မြင့်မားလာတတ်တဲ့အတွက်ကြောင့် လက်တွေ့ကျတဲ့ ရလဒ်တွေဖြစ်ဖို့နဲ့ ရွေးကောက်ပွဲမတိုင်မီကြားကာလ နိုင်ငံရေးတည်ငြိမ်ဖို့၊ အဲဒီကမှတဆင့် သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲများကျင်းပနိုင်ပြီး ပြည်သူ့ဆန္ဒတွေကို ထင်ဟပ်တဲ့ရလဒ်တွေကနေ အစိုးရသစ်တရပ်ဖွဲ့စည်းနိုင်ပြီး ဒီမိုကရေစီအသွင်ပြောင်းရေးဆိုတဲ့ သမိုင်းဝင်မယ့် အလှည့်အပြောင်း တွေမှာ အားလုံးလက်တွဲပြီး အောင်မြင်စွာကျော်ဖြတ်ဖို့ ကြိုးပမ်းကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။”

နိုင်ငံရေးပါတီတွေဘက်က ပြန်လည်တင်ပြဆွေးနွေးရာမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ လယ်ယာမြေကိစ္စတွေ ဖြေရှင်းပေးရေးကို တင်ပြခဲ့ကြပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်မီမှာ ဗဟိုချုပ်ကိုင်မှုတွေကို လျော့ချရေးအတွက် တင်ပြခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI Webportal Myanmar's post)
နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံစဉ်။ (ဓာတ်ပုံ- MOI Webportal Myanmar's post)

“ကျနော်တို့အခြေခံဥပဒေကလည်း ရေးဆွဲမှုကလည်း ဒီ ဆယ်လ အတောအတွင်းမှာပဲ ပြီးပြတ်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် ကြုံတုန်းမှာ..ကျနော်တို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချနိုင်သလောက် သမ္မတကြီးရဲ့လမ်းညွှန်မှုနဲ့ လုပ်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ သမ္မတကြီးခင်ဗျား။”

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးဟန်ရွှေကတော့ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အချက် ၄ ချက်ပါဝင်ဖို့ လိုအပ်မယ်လို့ တင်ပြပါတယ်။

နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ဖက်ဒရယ်အရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးနေချိန်မှာ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆောင်ရွက်နေတာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးကာလကတော့ လက်ရှိကျင်းပတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုတင်ပြပြီး မေလအတွင်းမှာပဲ လူထုဆန္ဒခံယူပွဲကျင်းပဖို့ ရည်မှန်းခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲကျင်းပတဲ့နှစ်မှာ လူထုဆန္ဒခံယူပွဲကျင်းပမယ်ဆိုရင် ကော်မရှင်အတွက် အခက်အခဲ ရှိနိုင်ကြောင်း လွှတ်တော်ရုံးကို စာပေးပို့ထားပါတယ်။

XS
SM
MD
LG