သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ရုရှားနယ်စပ်သွား လွတ်လပ်ရေးမိန့်ခွန်းပြော


ယူကရိန်းသမ္မတ Volodymyr Zelensky
ယူကရိန်းသမ္မတ Volodymyr Zelensky

ရုရှားက ယူကရိန်းကို ဖျက်ဆီးချင်ပေမယ့် စစ်ပွဲတွေ ရုရှားနိုင်ငံထဲကို ပြန်ရောက်လာနေပြီလို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ယူကရိန်းလွတ်လပ်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။ ယူကရိန်းတို့ ရုရှားနိုင်ငံထဲဝင် ထိုးစစ်ဆင် စတိုက်ခိုက်တဲ့ နေရာနားမှာ ကြိုတင်ရိုက်ကူးခဲ့တယ်လို့ဆိုတဲ့ လွတ်လပ်ရေးနေ့မိန်ခွန်းမှာ သမ္မတ Zelensky က အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။

ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ ယူကရိန်းနိုင်ငံ ဖြစ်လာတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းကို ယူကရိန်းတပ်တွေ ထိုးစစ်စတင်တဲ့နေရာနဲ့ မဝေးလှတဲ့ Sumy ဒေသမှာ အခုသီတင်းပတ် အစောပိုင်းက ရိုက်ကူးခဲ့တာလို့ သမ္မတ Zelensky က ပြောပါတယ်။

ယူကရိန်းတို့ရဲ့ အံ့အားသင့်စရာ မထင်မှတ်တဲ့ နောက်ထပ်လုပ်ရပ်တခုလို့ သမ္မတ Zelensky က ဖော်ပြပြောဆိုပြီး ဝဋ်လည်တတ်တယ်ဆိုတာ ရုရှားတို့ သဘောပေါက်စေရမယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမေရိကန်သမ္မတ Joe Biden ရဲ့ သဝဏ်လွှာမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီသစ်တွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ လေကြောင်းရန်လကာကွယ်ရေး Missile ဒုံးတွေ၊ Drone ဖျက်လက်နက်ကိရိယာတွေနဲ့ ရှေ့တန်းရောက် ယူကရိန်းစစ်သားတွေအတွက် လက်နက်ခဲယမ်းတွေ၊ ရွှေ့လျားဒုံးပစ်စနစ်တွေ ပေးမယ်လို့ သမ္မတ Biden ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရုရှားစစ်ပွဲ ဆင်နွဲနိုင်အောင် အားပေးနေတဲ့ ရုရှားနိုင်ငံက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၄၀၀ ကိုလည်း ဒဏ်ခတ် အရေးယူမှုအသစ်တွေ ချမှတ်လိုက်တယ်လို့ ဩဂုတ်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ရုရှားနိုင်ငံထဲအထိဝင်ပြီး ယူကရိန်းတို့ ထိုးစစ်ဆင်မှုမှာ အမေရိကန်လုပ် HIMARS ရော့ကက်ဒုံးစနစ်တွေ အသုံးပြုပြီး ရုရှားတံတားတချို့ကို ဖျက်ဆီးခဲ့ပါတယ်။

Forum

XS
SM
MD
LG