သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား တနင်္ဂနွေနေ့ည နိုင်ငံကို မိန့်ခွန်းပြောမည်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အိမ်ဖြူတော်ရဲ့ Oval ရုံးခန်း။ (သြဂုတ်လ ၃၁၊၂၀၁၀)
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အိမ်ဖြူတော်ရဲ့ Oval ရုံးခန်း။ (သြဂုတ်လ ၃၁၊၂၀၁၀)

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အိမ်ဖြူတော်ရဲ့ Oval ရုံးခန်းမှာ ဒီကနေ့ တနင်္ဂနွေနေ့ညမှာ ရှားရှားပါးပါး မိန့်ခွန်းပြောမယ့် အထဲမှာတော့ သူ့ရဲ့ ထိပ်တန်းဦးစားပေး အဖြစ် အမေရိကန်ပြည်သူတွေ လုံခြုံဘေးကင်းဖို့ စောင့်ရှောက်ပေးရေးကို အဓိကထား ပြောကြားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်က လူအများအပြား သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှုရဲ့ နောက်ဆုံး စုံစမ်းစစ်ဆေးရရှိတဲ့ အခြေအနေတွေကိုလည်း ပြောမှာ ဖြစ်ပြီး ကျယ်ပြန့်လာတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ ဘယ်လို ချေမှုန်းမလဲ ဆိုတာကိုလည်း ဆွေးနွေးပြောဆိုမယ်လို့ ပြောခွင့်ရ တဦးက ပြောပါတယ်။

အမေရိကန် သမ္မတတွေရဲ့ အရေးကြီးဆုံး မိန့်ခွန်းတချို့ပြောဖို့ စီစဉ်ထားတဲ့ အိမ်ဖြူတော် Oval ရုံးခန်း ကနေ ဒီကနေ့ တနင်္ဂနွေနေ့ည သမ္မတ အိုဘားမား သူ့သက်တမ်း အတွင်းမှာ တတိယ အကြိမ်မြောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် အီရတ်နိုင်ငံတွင်း အမေရိကန် စစ်ဆင်ရေးတွေ အဆုံးသတ်ပြီဆိုတာကို ကြေညာခဲ့ချိန်ကလည်း Oval ရုံးခန်းကို အသုံးပြု မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

လူပေါင်း ၁၄ ဦး သေဆုံးပြီး ၂၁ ဦးတို့ ဒဏ်ရာရခဲ့ကြတဲ့ ကာလီဖိုးနီးယားပြည်နယ် San Bernardino က ဒေသဆိုင်ရာ အစိုးရ ဝန်ထမ်းတွေ စုစည်းကြတဲ့ အခမ်းအနားတခုမှာ အမေရိကန်နိုင်ငံဖွား Syed Rizwan Farook နဲ့ သူ့ရဲ့ ပါကစ္စတန် နိုင်ငံသူ ဇနီးသည် Tashfeen Malik တို့က ဘာကြောင့် ဝင်ရောက် ပစ်ခတ်သတ်ဖြတ်သလဲဆိုတာကို အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI က ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။

မနေ့ စနေနေ့တုန်းကတော့ ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ် ၂ လက် ကို ဝယ်ယူခဲ့သူရဲ့ အိမ်လို့ ယူဆရတဲ့ Redlands အနီးအနားက အိမ်တလုံးကို အာဏာပိုင်တို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကပ်လျက်အိမ်မှာနေတဲ့ သေနတ်သမား Farook ရဲ့ သူငယ်ချင်းလို့ အိမ်နီးချင်းတွေက ပြောကြ ဆိုကြပေမယ့်လည်း ဝင်ရောက်စီးနင်းတဲ့ FBI အရာရှိတွေကတော့ ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

XS
SM
MD
LG