သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွန့်လွှတ်မြေ ပြန်လည်ပေးအပ်ဖို့ သမ္မတဦးဝင်းမြင့် တိုက်တွန်း


သမ္မတဦးဝင်းမြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရီးစဉ်အတွင်း အစိုးရ၊ လွှတ်တော်နဲ့ ဌာနဆိုင်ရာအရာရှိများနှင့် တွေ့ဆုံစဉ်။ (MOI/ 12-14-18)
သမ္မတဦးဝင်းမြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရီးစဉ်အတွင်း အစိုးရ၊ လွှတ်တော်နဲ့ ဌာနဆိုင်ရာအရာရှိများနှင့် တွေ့ဆုံစဉ်။ (MOI/ 12-14-18)

နိုင်ငံတော်က ပြန်စွန့်လွှတ်ပေးပြီးသား လယ်ယာမြေတွေကို မူလပိုင်ရှင်လက်ထဲ ပြန်လည်ပေး အပ်ရေး အမြန်ဆုံး လုပ်ဆောင်ဖို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောဆိုပါတယ်။ ဒီဇင်ဘာလ ၁၄ ရက် သောကြာနေ့က မွန်ပြည် နယ်ကိုသွားပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စား လှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်အတွင်း သမ္မတက အဲဒီလို တိုက်တွန်း ပြော ဆိုသွားတာပါ။ စွန့်လွှတ်မြေကိစ္စကို မွန်ပြည်နယ်အစိုးရက တိုက်ရိုက်မဖြေရှင်းဘဲ အထက်ကိုပဲ တင်ပြနေတဲ့အတွက် သမ္မတက အားမရဘူးလို့ လွှတ်တော် ကိုယ်စားလှယ် တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ကနေ မွန်ပြည်နယ်ကိုရောက်ရှိလာပြီး အစိုးရ၊ လွှတ်တော်နဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ဒီကနေ့ ပြည်နယ်ခန်းမအတွင်းတွေ့ဆုံမှုမှာ သိမ်းဆည်းလယ်ယာမြေ အနက်က စွန့်လွှတ်လယ်ယာ မြေတွေကို မူလပိုင်ရှင်လက်ထဲ အမြန်ရောက် ရှိဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“နိုင်ငံတော်အစိုးရကတော့ အခုဆိုလို့ရှိရင်လည်း လယ်ယာမြေနဲ့ တခြားလယ်ယာမြေ သိမ်းဆည်း ခံရခြင်းမှ ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် ပြန်လည်စွန့်လွှတ်ရေး ဖြစ်ပေါ်စေဖို့ ကျနော်တို့က ဝန်ကြီး ဒေါက်တာ အောင်သူ ကိုယ်တိုင်ပါတယ်။ သူတို့မြေဟာရိုးရိုးရှင်းရှင်းလေး။ အဲဒီ ရိုးရိုး ရှင်းရှင်းလေး အပေါ်မှာ စစ်တဲ့အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေလည်း ပါတယ်။ ကိုယ်စားလှယ်တွေလည်း ပါတယ်။ ရိုးရိုးရှင်းရှင်းလေးပဲ။ နိုင်ငံတော်ကချပေးတဲ့ မူဝါဒအဆုံးအဖြတ်မှာ မျှမျှတတ ကျနော်တို့ ဆုံးဖြတ်တာဖြစ်တယ်။ ဒီမူအပေါ် မဆုံးဖြတ်ဘဲနဲ့ ကိုယ့်ဟာကိုယ် အဓိပ္ပါယ်ဖွင့်ပြီးတော့ ငါ့အရပ်က လူ၊ ငါ့မဲဆန္ဒကလူ၊ ငါ့ဆွေမျိုးလူ၊ ငါ့ရပ်ရွာကလူ၊ ငါ့ကိုမဲမပေးတဲ့ ကျေးရွာက လူ၊ ဘယ်လိုပဲဖြစ်ဖြစ်- မဲပေးပေးမပေးပေး၊ ကိုယ့်ဆွေမျိုး ဟုတ်ဟုတ်မဟုတ်ဟုတ်၊ နိုင်ငံတော်ကချပေးတဲ့မူဝါဒ ထဲကပဲ ဆုံးဖြတ်သွားရမယ်။ လယ်စစ်တွေက ဆုံးဖြတ်တဲ့အခါ မှာလည်း ပြည်နယ် တိုင်းအစိုးရက ပြန်စွန့်လွှတ်ဖို့ လိုတယ်။ ပြည်နယ်တိုင်း အစိုးရ ကလည်း ပြန်စစ်ပေးဖို့လိုတယ်။ ပြတ်ပြတ် သားသားစွန့်ရမယ်။”

ပြည်ထောင်စုအစိုးရကနေချမှတ်ပေးထားတဲ့ စွန့်လွှတ်လယ်ယာမြေတွေကို လယ်ယာမြေ စစ်ဆေးရေး ကော်မတီ ကနေစီစစပြီး မူလပိုင်ရှင်ကိုစွန့်လွှတ်ပေးဖို့ သမ္မတကနေတိုက်တွန်းပြောဆိုခဲ့တာပါ။

သမ္မတဦးဝင်းမြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရီးစဉ်အတွင်း အစိုးရ၊ လွှတ်တော်နဲ့ ဌာနဆိုင်ရာအရာရှိများနှင့် တွေ့ဆုံစဉ်။ (MOI/ 12-14-18)
သမ္မတဦးဝင်းမြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရီးစဉ်အတွင်း အစိုးရ၊ လွှတ်တော်နဲ့ ဌာနဆိုင်ရာအရာရှိများနှင့် တွေ့ဆုံစဉ်။ (MOI/ 12-14-18)

မွန်ပြည်နယ်အစိုးရအနေနဲ့ စွန့်လွှတ်မြေကိစ္စတွေကို တိုက်ရိုက်မဖြေရှင်းဘဲ အထက်ကိုသာ တင်ပြနေတဲ့ ဖြစ်စဉ် အပေါ် သမ္မတကနေအားမလိုအားမရဖြစ်နေတယ်လို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်း ကပြောပါတယ်။

“အဓိကက သိမ်းဆည်းမြေများပြန်လည်ရရှိရေးဖေါ်ထုတ်တဲ့နေရာမှာ သမ္မတကြီးကအားမရဘူး ဖြစ်နေတယ်။ သိမ်ဆည်းမြေတွေကို သူပြောပုံအရ အရင်တုန်းကလည်း ညွှန်ကြားခဲ့ဖူးတယ်။ အခုလည်း လုပ်နေတာတွေဟာ မပြတ်မသား ဖြစ်နေပြီးတော့ ပြည်နယ်မှာမဖြတ်ဘဲနဲ့ ဗဟိုမှာဖြတ်ဖို့ စာတင်တင်လာတာ အဲဒါ သူကမကြိုက်ဘူး။ သိမ်းဆည်း မြေတွေကို သူ့ရဲ့လုပ်ထုံးလုပ်နည်း အတိုင်းပဲ အမြန်ဆုံးလုပ်သွားပေးဖို့ အဲဒါကို အသားပေးပြီးပြောကြား သွားတာပေါ့။”

ဒါ့အပြင် အုပ်ချုပ်ရေးကဏ္ဍ ဥပဒေပြုရေးကဏ္ဍ တရားစီရင်ရေးကဏ္ဍတွေကိုလည်း ကောင်းမွန်စွာ လုပ်ကိုင်သွားဖို့ သမ္မတကနေမှာကြားခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်း ၁၉၉၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်တွေအတွင်းမှာ တပ်မတော်၊ အစိုးရ၊ ဌာန ဆိုင်ရာနဲ့ ကုမ္ပဏီ တွေ ကနေ လယ်ယာမြေတွေသိမ်းဆည်းမှုတွေရှိနေတာပါ။

တပ်မတော်အပါအဝင် ဌာနဆိုင်ရာစွန့်လွှတ်မြေဧက (၃၀၀၀) ရှိနေပေမယ့် မူလပိုင်ရှင်လက်ထဲ ပြန်လည်ရောက်ရှိမှု နည်းနေတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖေါင်ဒေးရှင်းတာဝန်ခံ နိုင်ဦးမွန်ကပြောပါတယ်။

“ဧက (၃၉၀၀) စွန်းစွန်းမှာရှိတယ်။ ပြန်လည်စွန့်လွှတ်မြေလို့ပြောတယ်။ ဒါပေမဲ့အဲဒီမြေတွေရဲ့အနေအထားကို ပြန်ပြီး ကြည့်တဲ့အခါ မြေတွေရဲ့အရည်အသွေးက သာမန်ထက်ကို နိမ့်တဲ့မြေမျိုးဖြစ်တယ်။ အဲဒီမြေတော်တော် များများကို မနှစ် ကနေပြီးတော့ ဒီနှစ် အထိပေါ့နော်။ စာရင်းထဲမှာထည့်ထားတာရှိတယ်။ သို့ပေမယ့် ကျနော်တို့ မြေတွေကို သေသေချာချာ ကွင်းဆင်းလေ့လာအတည်ပြု ဆွေးနွေးမေးမြန်းကြည့်တဲ့အခါမှာ တော်တော်များ များက မူလပိုင်ရှင် ထံကို ပြန်ပြီး တော့ ပေးအပ်တာမျိုးသိပ်နည်းတယ်။ ပြန်လည်ပေးအပ်မြေတွေကို လက်ဝယ် မရရှိတဲ့မူလပိုင်ရှင်တွေရဲ့ပြောကြား ချက်ပေါ့။ တော်တော်များများက သူတို့ရဲ့မြေတွေကို ပြန်ပြီးတော့ သေသေ ချာချာ မရခဲ့ဘူး။ တချို့ဆိုတချို့တဝက် တစိပ် တပိုင်းဘဲရခဲ့တာရှိတယ်။”

မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းမှာ တပ်မတော်အပါအဝင်ဌာနဆိုင်ရာတွေနဲ့ ကုမ္ပဏီ တွေကနေ သိမ်းဆည်းထားတဲ့လယ်ယာခြံမြေဧကပေါင်း (၁၈၀၀၀) ကျော်ရှိနေတယ်လို့ မွန်ပြည် လူ့အခွင့်အရေးဖေါင်ဒေးရှင်းကနေ စစ်တမ်းကောက်ယူထားပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့မွန်ပြည်နယ်ခရီးစဉ်အတွင်း တိုင်ကြားစာတွေကို တိုက်ရိုက်ပေးအပ်ဖို့ စောင့်ဆိုင်း နေသူအများအပြားရှိခဲ့ပြီး အစောပိုင်းမှာလက်ခံသူမရှိလို့ အနည်းငယ် ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တိုင်ကြားစာတွေကို လက်ခံခဲ့လို့ပြေလည်မှု ရရှိခဲ့ပါတယ်။

တိုင်ကြားစာပေးသူတွေနည်းတူ ဒေသတွင်းကရင်တိုင်းရင်းသားတွေရဲ့ မြေယာ ပြဿနာတွေ ကို ဖြေရှင်းပေးဖို့အတွက် သမ္မတကြီးနှင့် တွေ့ဆုံပေးဖို့ စာသားပါဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သဘောထား ပြခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းအတွင်း နိုင်ငံတော်သမ္မတအနေနဲ့ မွန်ပြည်နယ်ရဲ့ ပထမဦးဆုံးခရီး စဉ်ဖြစ် ၂၀၁၅ ခုနှစ်တွေမှာ ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လာရောက်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG