တရုတ်အစိုးရဟာ ဆိုဒ်ဘာအင်တာနက် လုံခြုံရေးကို အလေးအနက်ထားပြီး၊ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ခိုးယူတဲ့ ဟက်ကာတွေ အပါအ၀င် အင်တာနက်ကနေ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေတွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေအရ အရေးယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုကို အင်္ဂါနေ့မှာ စတင်လာရောက်ဖို့ရှိတဲ့ တရုတ်သမ္မတ ရှီကျင်ပင်းက ပြောလိုက်ပါတယ်။
Wall Street Journal ရဲ့ မေးခွန်းတွေကို စာနဲ့ရေးပြီး တုံ့ပြန်ထားတာမှာတော့ တရုတ်အစိုးရကိုယ်တိုင် အင်တာနက်ကနေ အချက်အလက်တွေ ခိုးယူတာကိုခံရပြီး၊ စီးပွားရေး အချက်အလက်တွေ ခိုးယူတဲ့ကိစ္စမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ တရုတ်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဘယ်ပုံစံနဲ့ ခိုးယူခဲ့ခြင်း မရှိသလို၊ တရုတ်ကုမ္ပဏီတွေကိုလည်း အဲဒီလိုလုပ်ဖို့ အားပေးတာတွေ၊ ထောက်ခံတာတွေ မလုပ်ခဲ့ဘူးလို့ တရုတ်သမ္မတက ရေးသားထားပါတယ်။
တရုတ်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ အင်တာနက်သူလျှိုလုပ်မှုတွေက အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးမှာ အဓိက အတားအဆီး ဖြစ်နေတဲ့အကြာင်း၊ အဲဒီလို သူလျှိုလုပ်နေတာတွေကို ရပ်တန့်ဖို့ လိုတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Susan Rice က တရုတ်အစိုးရကို တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
အင်တာနက်ကနေ ပြစ်မှုကျူးလွန်နေတဲ့ ပြဿဿနာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ အဆင်သင့်ပဲလို့ သူက Wall Street Journal ကို ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားခဲ့ပါတယ်။