သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်


Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)
Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာအနေနဲ့ လူမှုအသိုင်းအဝိုင်းတွေကြား စိတ်ဝမ်းကွဲအောင် မလုပ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချက်သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။

မြန်မာအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် တချို့ကိုလည်း သူ့အနေနဲ့ သဘောမတူကြောင်း တနင်္လာနေ့က Prague မှာ လုပ်တဲ့ ချက် ဝန်ကြီးချုပ် Andrej Babis (ANO) နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ချက်သမ္မတနိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ တနင်္လာနေ့က ချက် ဝန်ကြီးချုပ် Andrej Babis နဲ့ မြို့တော် Prague မှာ တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ချက်နိုင်ငံကို သူလာရတဲ့ အကြောင်းအရင်းတခုကလည်း မြန်မာသံရုံး ပြန်ပြီး ဖွင့်ဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အခု ချက်နိုင်ငံခရီးစဉ်ဟာ သူ့အတွက် ၇ နှစ်အတွင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး၊ မြန်မာသံရုံး အခုလို ပြန်ဖွင့်နိုင်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မြင့်မား ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါ့အပြင် ၁၉၈၀ခုနှစ်တွေ တဝိုက်က မြန်မာဘက်ကနေ ချက်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ အခုတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ ပြည်သူအချင်းချင်း စစ်မှန်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ မြန်မာအနေနဲ့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုန်းသတ်ဖြတ် ကျူးလွန်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေက ဝိုင်းဝန်းမေးခွန်း ထုတ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာသံတမန်နှစ်ဦးပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ဘက်က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ ကုလသမဂ္ဂရဲ့ မြန်မာအပေါ် ဆုံးဖြတ်ချက် တချို့ကို သူ့အနေနဲ့ သဘောမတူကြောင်း နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ရခိုင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းတွေကြား စိတ်ဝမ်းကွဲအောင် မလုပ်ဖို့ သူက အခုလို ဝေဖန်ပြောဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေ နဲ့ ရခိုင်တွေအပြင် အခြားတိုင်းရင်းသား အားလုံးအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လူ့အခွင့်အရေး ရရှိတာကို မြင်လိုကြတဲ့ လူတိုင်းအနေနဲ့ သူတို့တွေကြား စိတ်ဝမ်းကွဲအောင် လုပ်မယ့်အစား အတူတကွ လက်တွဲ ကြိုးပမ်း ဆောင်ရွက် သင့်ပါတယ်။”

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေ ဆက်ပြီးရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ချက် ဝန်ကြီးချုပ် Andrej Babis ရဲ့ သဘောထားကိုလည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။ အုပ်ချုပ်ရေး အာဏာမှာ စစ်တပ်အခန်းကဏ္ဍ ဆက်ပြီးရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အခြေအနေကို စာနာ နားလည်တဲ့ အနေအထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ဝန်ကြီးချုပ်က ကာကွယ်ပြောဆိုသွားတာတွေ့ရတယ်လို့ ချက်သမ္မတနိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ကိုလင်းသန့် က ဗွီအိုအေကို ပြောပါတယ်။

“ဒီ Czech က သူ့ကို အကာအကွယ်ပေးလိုက်တဲ့သဘောပဲ။ ဒီနေ့လေ ဝန်ကြီးချုပ်ဘက်ကလည်း ရပ်တည်လိုက်တဲ့သဘောပဲ။ မြန်မာကိုလေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဝါးတဲ့မှတ်တမ်းရှိတယ်ဆိုပေမယ့်လို့ အဲဒါကို reject လုပ်လိုက်တဲ့သဘောပဲ ဝန်ကြီးချုပ်ကပြောတာ ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနယ်ပယ်အသီးသီးမှာ အင်မတန်ထူးခြားတဲ့ အင်မတန်ကြီးမားတဲ့ လုပ်ဆောင်ချက်တွေ အများကြီးလုပ်ဆောင်တာကို တွေ့ရပါတယ်တဲ့ ဒါကြောင့်မို့လို့ သူ့အနေနဲ့ ချီးကျူးဂုဏ်ပြုပါတယ်လို့ မြန်မာနိုင်ငံဟာ အတိတ်ကရော လက်ရှိပစ္စုပ္ပန်မှာရော အတော်ရှုပ်ထွေးပြီးတော့ ပဋိပက္ခတွေ ရှိတဲ့ နိုင်ငံဖြစ်တဲ့အခါကျတော့ ဒီအသွင်ကူးပြောင်းရေး ကာလဟာ လုံလောက်တဲ့ အချိန်တခု ယူပြီးမှ ရမယ်ဆိုတာကို သူတို့နားလည်တယ်တဲ့။ သံတမန်မျက်နှာစာအရ စာမျက်နှာသစ်ဖွင့်ပြီးတော့ ပိုမိုနီးကပ်တဲ့ စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့အတွက် မျှော်လင့်တယ်တဲ့။”

မေး။ ။ ဒါဆိုရင် ဥရောပသမဂ္ဂက မြန်မာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့ အချိန်မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ချက်နိုင်ငံက မြန်မာနဲ့ ဆက်ဆံရေး ချဉ်းကပ်ပုံ ကွာခြားနေတာကို ဘယ်လိုသုံးသပ်လဲရှင့်။

ကိုလင်းသန့် ။ ။ ချက်နိုင်ငံ ချဉ်းကပ်မှုကျတော့ အဲလိုအပြစ်တင်တဲ့ပုံစံနဲ့ မချဉ်းကပ်ဘူး၊ blame game မလုပ်ဘူးပေါ့နော်။ အဲလိုမဟုတ်ပဲနဲ့ သူတို့ကျတော့ တိုးတိုးတိတ်တိတ်နဲ့ ဒီလိုလုပ်တာကတော့ နိုင်ငံတကာအလယ်မှာ ဘယ်လိုဖြစ်နိုင်တယ်၊ ဒါတွေက အခြေအနေ ဘယ်လိုရှိနိုင်တယ် ဆိုတာကို တိုးတိုးတိတ်တိတ်နဲ့ ချဉ်းကပ်ပြောဆိုတဲ့ လက္ခဏာတွေ့ရတယ်။ အဲလိုတိုးတိုးတိတ်တိတ်နဲ့ ချဉ်းကပ်ပြောဆိုတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံနားလည်ပုံရတယ်။ အဲဒီမှာတင် သူတို့ ဆက်ဆံရေးက ပြေပြစ်တယ်လို့ ကျနော်မြင်တယ်။ ချက်နဲ့ မြန်မာဆက်ဆံရေး၊ နောက်တခုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက်ကိုလည်း ချက်ကနေတဆင့်ပေါ့။ ဥရောပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်လာနိုင်အောင် ချက်လုပ်ငန်းရှင်တွေကလည်း လုပ်နေတာ ချဉ်းကပ်တာတွေက သိမ်မွေ့တယ်လို့ ပြောလို့ရတယ်။ ဒီအတွက်ကြောင့် မြန်မာနိုင်ငံကလည်း လက်ရှိအခြေအနေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုထက်စာရင် ဒီဘက်က ဥရောပ ရင်းနှီးမြှုပ်နှံသူတွေကို ပိုလိုလားတယ်ဆိုတာ ထင်ရှားပါတယ်။”

Prague မြို့က နာမည်ကြီး Charles တက္ကသိုလ်မှာ တနင်္လာနေ့ ညနေပိုင်းက ပြုလုပ်တဲ့ သူရဲ့ ဟောပြောပွဲမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြတ်သန်းမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာမှာ သူဦးဆောင်တဲ့ NLD ပါတီရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဟာ ဆက်ပြီး ရှိနေကြောင်း ပြောသွားပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာတော့ ချက်နိုင်ငံခြားရေးဝန်ကြီး Tomas Petricek နဲ့ နံနက်စာ အတူစားပြီးနောက် ချက်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးညီလာခံကို ခေါင်းဆောင်နှစ်ဦးလုံး တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ချက်သမ္မတ Milos Zeman နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိသလို၊ မြန်မာသံရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ရှိပါတယ်။ ဗုဒ္ဓဟူးနေ့မနက်မှာတော့ ဟန်ဂေရီနိုင်ငံကို အလုပ်ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG