သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ သတင်းထောက် သင်တန်းဖွင့်ဖို့ စာနယ်ဇင်းကောင်စီ စီစဉ်


မြန်မာစာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေ။
မြန်မာစာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေ။
မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ကနေ မြန်မာ မီဒီယာ သတင်းသမားတွေကို လေ့ကျင့်သင်ကြားပေးဖို့ Myanmar Journalism Institute တခုတည်ထောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါဟာ ရက်တိုသင်တန်းမဟုတ်ပဲ တနှစ်တာ ကာလကြာမယ့် သင်တန်းဖြစ်သလို ပြည်တွင်းကော ပြည်ပကပါ သတန်းပို့ချ ပေးမဲ့သူတွေ ပါဝင်မှာဖြစ်တယ်လို့ စီစဉ်နေတဲ့ တာဝန်ရှိသူက VOA ကိုပြောပါတယ်။
ဆက်သွယ် မေးမြန်းစုံစမ်းထားတဲ့ ဦးစံမိုဝေက ပြောပြပေးပါလိမ့်မယ်။

မြန်မာ သတင်းမီဒီယာ သမားတွေကို လေ့ကျင့်သင်ကြားပေးမဲ့ Myanmar Journalism Institute အသစ် တစ်ခုတည်ထောင်ရေး အစည်းအဝေးတရပ်ကို အခုလာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
ပြည်ပအထောက်အကူ ပေးတဲ့အဖွဲ့အစည်းတွေနဲ့ သင်တန်းတက်မယ့် သူတွေရဲ့ ဝင်ကြေးထည့်ဝင်ပြီးတော့ ပို့ချဖို့ ရည်ရွယ်ထားတဲ့ အဲဒီသင်တန်းဟာ တနှစ်ကာလ အချိန်ယူ သင်ကြားပေးဖို့ စီစဉ်ထားပြီးတော့ အခု လတ်တလော ပြည်တွင်းမှာ လိုက်လံပြီး သင်ကြားပေးနေတဲ့ သတင်းထောက် သင်တန်းတွေနဲ့ ကွာခြားမှုရှိတဲ့အကြောင်း သင်တန်း ဖြစ်မြောက်ရေး တာဝန်ရှိသူတဦးဖြစ်တဲ့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှုး ဦးကျော်မင်းဆွေ က အခုလိုပြောပါတယ်။

" ဥပမာအားဖြင့် အခါအားလျော်စွာ Election ကာလဆို Election Reporting လုပ်တာတို့၊ Disaster Reporting တို့၊ အစရှိသဖြင်ပေါ့နော်။ Peace Journalism တို့ အစရှိသဖြင့်ပေါ့။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီးတော့ Short Term ပေးတဲ့ Training တွေပေါ့။ Long Term မဟုတ်ဘူး။ ဒီမှာပေးတဲ့ Training တွေကတော့ Specialize ပေးတဲ့ Training တွေပဲ များတယ်။ ကျနော်တို့က တခြားဟာတွေက သူတို့ knowledge ပါရအောင်၊ General knowledge တွေပါ ရအောင် စဉ်းစားထားတာ။"

အခုလို ကာလရှည် သတင်းသင်တန်းတွေ ပို့ချပေးဖို့အတွက် မြန်မာအတွင်းက လူငယ်သတင်းသမား အများစုမှာ လိုအပ်ချက်တွေ ဘာတွေများ ရှိနေသလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဦးကျော်မင်းဆွေက အခုလိုရှင်းပြပါတယ်။

" အဓိကကတော့ဗျာ။ Journalism မှာတောင်မှ တကယ့် Basic ကို တကယ်ထဲထဲဝင်ဝင် ပိုင်ပိုင်နိုင်နိုင် Basic တကယ့်သင်ပေးနိုင်တဲ့
ရှိလားမရှိလားဆိုတာ ကျနော် ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ဟာ ကျနော့်ဆီ မေးလာတဲ့ သတင်းထောက်အများစုက အခြေခံကို မပိုင်နိုင်သေးတာတွေ့ရတယ်။

အဲ့တော့ နောက်တခုက ကျင့်ဝတ်ပေါ့။ ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေရှိတယ်။ နောက်တခုက General knowledge ပေါ့။ General knowledge ကတော့ အားလုံးသိတဲ့အတိုင်း Journalist ဖြစ်သွားရင် Journalism တခုတည်း တတ်ရမှာမဟုတ်ပဲ ကျန်တဲ့ အထွေထွေဗဟုသုတပေါ့။ အဲ့တာလည်း သိဖို့လိုတာပေါ့။"

အခုစီစဉ်ထားတဲ့ သတင်းစာနယ်ဇင်း သင်တန်းဟာ အစိုးရရဲ့ သတင်းမီဒီယာလောကသားတွေကော ပြင်ပ ပုဂလိက သတင်းမီဒီယာလောက က သတင်းသမားတွေအားလုံး တက်ရောက်နိုင်စေဖို့ ရည်ရွယ်ထားကြောင်းနဲ့ အခုလိုသင်တန်း ပေးဖို့အတွက် အစိုးရထံက ခွင့်ပြုချက်တောင်းခံ တာမျိုး မဟုတ်ပေမဲ့ ပူပေါင်းဆောင်ရွက်ဖို့ နားလည်မှု ရရှိဖို့ ဆောင်ရွက် နေကြောင်း ဦးကျော်မင်းဆွေကပြောပါတယ်။

"အစိုးရရဲ့ ခွင့်ပြုချက်ဆိုတာထက်လို့ရှိရင် ဒီသင်တန်းကျောင်းအတွက်က ကျနော်တို့က အစိုးရမီဒီယာပေါ့နော်။ အစိုးရဝါဒဖြန့်မီဒီယာပေါ့။ သူတို့က အများပြည်သူဝန်ဆောင်မှု မီဒီယာပြောင်းတဲ့ဟာပဲ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် သတင်းမီဒီယာအတွက် လုပ်တဲ့သူတွေ အားလုံးအတွက် အားလုံးရဲ့ cooperation ရအောင် လုပ်ထားပါတယ်။ ဝန်ကြီးဌာန အဖွဲ့အစည်းတွေနဲ့လည်း Donors အဖွဲ့အစည်းတွေက ဆွေးနွေးညှိနှိုင်းထားတာရှိတယ်။ ပြီးတော့ ခွင့်ပြုချက်ဆိုတာမျိုးထက်စာလို့ရှိရင် သူတို့ရဲ့ cooperation ကတော့ ယူရလိမ့်မယ်။"

အခုလက်ရှိ မြန်မာနိုင်ငံ အတွင်း ရန်ကုန် မန္တလေး နေပြည်တော် အပါဝင် နိုင်ငံနဲ့တဝှမ်းမှာ သတင်းထောက်အဖြစ် လုပ်ကိုင်နေသူတွေ အရေအတွက်ဟာ ၄ ထောင်ကျော် ၅ ထောင် နီးပါးရှိတယ်လို့ သိရပါတယ်။ သတင်းကို အဓိကထားပြီး ထုတ်ဝေတဲ့ ဂျာနယ် သတင်းစာ စုစုပေါင်း ၁၄၅ စောင် ခွင့်ပြုထားပြီး လတ်တလောကာလမှာ ၁၀၂ စောင် ထုတ်ေ၀ နေတယ်လို့ မြန်မာသတင်းသမားများ ကွန်ယက် အဖွဲ့က ဦးမြင့်ကျော်က ပြောပါတယ်။

နေ့စဉ်ထုတ် သတင်းစာ ၁၉ စောင် ထုတ်ဝေခွင့်ပြုထားပြီး လက်ရှိမှာ ၁၃ စောင် ထုတ်ဝေနေတာရှိကြောင်း သိရပါတယ်။

မြန်မာ သတင်းစာနယ်ဇင်းသမားတွေရဲ့ ပညာရှင် အရည်အသွေးများ ပိုမိုပြည့်ဝလာစေရေး သင်တန်းများ ပို့ချပေးဖို့နဲ့ အခြေခံစည်းမျဉ်းတွေ ရေးဆွဲဖို့၊ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့ ဖွဲ့စည်းဖို့ အဖွဲ့အစည်း မှတ်ပုံတင်ရေး ကိစ္စတွေ ဆွေးနွေးညှိနှိုင်းဖို့ မတ်လ ၂၃ ရက် တနင်္ဂနွေနေ့ ရန်ကုန်မြို့မှာ အစည်းအဝေး တရပ် ကျင်းပဖို့ စီစဉ် ထားကြောင်း သိရပါတယ်။
XS
SM
MD
LG