သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်ဆာဆက်ရှိမည့် ပုံနှိပ်ဥပဒေကြမ်း သတင်းသမားတွေ ကန့်ကွက်


မကြာသေးခင် ရက်ပိုင်းက ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲ ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းကို မြန်မာစာနယ်ဇင်း ကောင်စီအနေနဲ့ လက်မခံနိုင်တဲ့ အကြောင်း သမ္မတဆီကိုရော၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ လွှတ်တော် နှစ်ရပ်က သက်ဆိုင်ရာ ကော်မတီတွေကိုလည်း စာပို့ထားတယ်လို့ လတ်တလော အမေရိကန် ပြည်ထောင်စုမှာ မီဒီယာ ဥပဒေတွေနဲ့ ပတ်သက်ပြီး လေ့လာဖို့ ရောက်နေတဲ့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တဦးလည်းဖြစ်၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသီဟစောက ပြောပါတယ်။

ဘာကြောင့် အခုလို လက်မခံနိုင်တာပါလဲ။ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်လို့ စာနယ်ဇင်းသမားတွေ အတော်များများက ဘယ်လို စိုးရိမ်ချက်တွေနဲ့ ကန့်ကွက် နေကြတာပါလဲ။ ဦးသီဟစောကတော့ သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီဥပဒေကလေ ၁၉၆၂ ခုနှစ် ဥပဒေနဲ့ အနှစ်သာရအားဖြင့်တော့ မကွာဘူးလို့ပဲ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဓိကအချက်က ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေတဲ့ ဥပဒေမှာလည်း သူက မှတ်ပုံတင်ထားတဲ့ လိုင်စင်ပေါ့နော် အဲ့ဒါကို ဗဟိုက ချုပ်ကိုင်တယ်။ အဲ့ဒီတုန်းက ပြည်ထဲရေး ဝန်ကြီးဌာနပါ နောက်တော့ သူက ပြန်ကြားရေးကို ပြောင်းတယ်။ ဒါပေမဲ့ ပုံနှိပ်ထုတ်ဝေသူတွေ အားလုံးက မှတ်ပုံတင်ရမယ်။ အဲ့ဒီ မှတ်ပုံတင်က တဖြေးဖြေးနဲ့ လိုင်စင်သဘော သက်ရောက် လာတယ်။ အဲ့ဒီဥစ္စာက အခု ဥပဒေမှာ လုံးဝကို တထပ်တည်း သွားတူနေတယ်။ တူနေပြီးတော့ ကျနော်တို့ ဒီမီဒီယာသမားတွေဆိုတာက အဲ့ဒီ ၆၂ ခုနှစ် ဥပဒေတုန်းကလည်း ဆင်ဆာဆိုတဲ့ကိစ္စ မပါဘူး။ မပါပေမဲ့ ၆၂ ခုနှစ် ဥပဒေကို အခြေခံပြီးတော့ နောက်တိုးလာတဲ့ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေမှာ ဆင်ဆာ ပါပါတယ်။ ဆိုတော့ ၆၂ ခုနှစ် ဥပဒေနဲ့ အရမ်းတူတဲ့ ဥပဒေတခုကို ပြဌာန်းမယ်ဆိုရင် တချိန်ချိန်မှာ ဆင်ဆာဆိုတာ ပြန်ပြီး ပေါ်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိတယ်ပေါ့။ အဲ့ဒါကြောင့် ကန့်ကွက်နေကြတယ်လို့ ထင်ပါတယ်။”

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းအပါအဝင် သတင်းမီဒီယာဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို သမ္မတရုံးအမိန့်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာစာနယ်ဇင်းကောင်စီက သတင်းမီဒီယာ လောကက ပုဂ္ဂိုလ်တွေရဲ့ အကြံဉာဏ်တွေနဲ့ ရေးဆွဲနေတာဖြစ်ပါတယ်။

ဒါပေမဲ့ အခုထွက်ပေါ်လာတဲ့ ပြန်ကြားရေးဌာနက မူကြမ်းကတော့ သူတို့ ရေးဆွဲနေတဲ့ မူကြမ်းနဲ့မဆိုင်ဘဲ သက်သက်ထွက်ပေါ်လာတဲ့ မူကြမ်းတရပ် ဖြစ်တယ်လို့လည်း ဦးသီဟစောက ရှင်းပြပါတယ်။ အခုထွက်ပေါ်လာတဲ့မူကြမ်းအပေါ်မှာ သတင်းသမားအတော်များများကတော့ လက်မခံနိုင်သလို စာနယ်ဇင်းကောင်စီအနေနဲ့လည်း သမ္မတအပြင် ပြန်ကြားရေးနဲ့ လွှတ်တော်နှစ် ရပ်စလုံးက သက်ဆိုင်ရာ ကော်မတီတွေထံကို စာရေးအကြောင်းကြားထားတယ်လို့လည်း ဦးသီဟစောက ပြောပြပါတယ်။

“ကျနော်တို့ သိသလောက်ပေ့ါနော် အဲ့ဒီ ပုံနှိပ်ထုတ်ဝေသူတွေထဲမှာ တချို့လူတွေက ကျနော်တို့ Press Council က ရေးဆွဲနေတာကို မကြိုက်ဘူး။ သူတို့ဟာသူတို့ ရေးမယ်လို့ ပြောနေကြတာ ကျနော် ကြားဖူးတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက အခု သူ လုပ်ထားတဲ့ပုံစံကလည်း သူ လက်ခံတယ်လို့ မဟုတ်ဘူး။ လွှတ်တော်မတင်ခင်မှာ အကြံဉာဏ်တွေ တောင်းတဲ့အခါမှာ ကန့်ကွက်သံလေးတွေ တော်တော်များသွား တယ်ဆိုရင် သူတို့လည်း ပြန်စဉ်းစားမယ်လို့ ထင်ပါတယ်။ နောက်တခုက ကျနော်တို့ Press Council အနေနဲ့က အခုထွက်လာတဲ့ ပုံနှိပ်ထုတ်ဝေသူ ဥပဒေမူကြမ်းကိုပေါ့ မနှစ်သက်ကြောင်း၊ ကျနော်တို့ လက်မခံကြောင်းကို သမ္မတဆီကိုလည်း စာပို့ထားပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း စာပို့ထားပါတယ်။ လွှတ်တော်မှာ အထက်လွှတ်တော်၊ အောက်လွှတ်တော်ပေါ့လေ အဲ့ဒီမှာရှိတဲ့ ကော်မတီ ၄ ခုကိုလည်း စာပို့ထားတယ်ပေါ့။ ကျနော်တို့ လက်မခံနိုင်ကြောင်းပေါ့။ ဘာကြောင့်မို့လို့ လက်မခံနိုင်ဘူးဆိုတာကို”

သတင်းစာနယ်ဇင်းသမား အများစု ကန့်ကွက်နေတဲ့ ဒီဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်း ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုတယ်ဆိုရင်တော့ ဒီဥပဒေမူကြမ်း အသက်ဝင်လာမှာဖြစ်ပါတယ်။ ဦးသီဟစောကတော့ ဒီကိစ္စကို လွှတ်တော်ကလည်း ကန့်ကွက်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

“ခန့်မှန်းတာကတော့ သူတို့ လွှတ်တော်ကို တင်ခဲ့တယ်ဆိုရင် လွှတ်တော်မှာလည်း အဲ့ဒီကိစ္စက တော်တော်ကြီးကို ငြင်းခုန်ကန့်ကွက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ လက်ခံဖို့နဲ့ လက်မခံဖို့ဆိုရင် လက်မခံဖို့က ပိုများတယ်လို့ ထင်တယ်။ ကျနော်တို့ ရေးနေတာကတော့ မပြီးသေးပါဘူး။ မပြီးသေးဘူးဆိုတာက ကျနော်တို့ ရေးနေတာက ရှင်းရှင်းပြောရင် ပုံနှိပ်ထုတ်ဝေခွင့်ကိစ္စလည်းပါတယ်။ လွတ်လပ်ခွင့်ရှိအောင်။ သတင်းသမားဆိုရင် ကျနော်တို့က ပရင့် မီဒီယာတခုတည်းကို မဟုတ်ဘူး။ သတင်းစာ သတင်းသမားရော၊ အွန်လိုင်း သတင်းသမားရော အားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အချက်တွေ ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ပုံနှိပ်ထုတ်ဝေသူနဲ့ ပတ်သက်လို့ရှိရင် ပုံနှိပ်ထုတ်ဝေတယ်ဆိုတာ ရှင်းရှင်းပြောရရင် ကျနော်တို့ သတင်းသမားကိုပါ တိုက်ရိုက် ရေးစေချင်လည်း ရေးလို့ရတယ်။ ပုံနှိပ် ထုတ်ဝေလို့ အရေးယူတာမျိုး မလုပ်စေချင်ဘူး။ ကျနော်တို့ ဥပဒေထဲမှာ အဲ့လို ပုံစံဖြစ်အောင် ကျနော်တို့ ရေးဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ တဘက်ကလည်း ဘယ်လို စိတ်ကူးရသလဲတော့ မသိဘူး။ ပုံနှိပ်ထုတ်ဝေသူကို ချုပ်ကိုင်ထားမယ်ဆိုတဲ့ သဘောထားပါတယ်။ တော်တော်များများကတော့ လက်ခံမယ်မထင်ဘူး။ လွှတ်တော်ကလည်း လက်ခံမယ်လို့ မထင်ပါဘူး။”

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုက္ကဋ္ဌ ဦးသီဟစော ပြောပြသွားတာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်လိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းထဲမှာ မြန်မာစစ်တပ်ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဝေဖန်ထောက်ပြတာ၊ ဒါမှမဟုတ် သတင်းရေးသားတာ အပါအဝင် အကြောင်းအရာ အတော်များများကို တင်ပြခွင့် ကန့်သတ်ထားသလို၊ အစိုးရထံမှာ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြု လက်မှတ် မရှိဘဲနဲ့ ထုတ်ဝေခဲ့ရင် ထောင်ဒဏ် ၆ လ ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီဥပဒေဟာ မြန်မာနိုင်ငံအတွက် နောက်ပြန်ဆွဲတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားများကို အကာအကွယ်ပေးနေတဲ့ CPJ အဖွဲ့ကလည်း ဝေဖန် ထောက်ပြထားသလို၊ မြန်မာသတင်းသမားအများစုကလည်း ကန့်ကွက်နေကြတာဖြစ်ပါတယ်။
XS
SM
MD
LG