သုံးရလွယ်ကူစေသည့် Link များ

“သတင်းလွတ်လပ်ခွင့်” ဆိုတဲ့အရာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတရပ် ဖြစ်တယ်လို့ နိုင်ငံတကာ က သဘောတူ ကြေညာခဲ့ပြီးတဲ့နောက် ၂၅ နှစ် ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာ သတင်းသမားတွေဟာ တရားဝင်ဆင်ဆာဖြတ်တောက်မှုတွေ၊ ဖိနှိပ်မှုနဲ့ ထောင်သွင်း အကျဉ်းချမှုတွေသာမက လုပ်ကြံ သတ်ဖြတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တိုးမြှင့် ရင်ဆိုင်နေကြရပါတယ်။ ဗွီိအိုအေ သတင်းထောက် Richard Green ရဲ့ သတင်းလွှာကို အခြေခံပြီး ဦးစံမိုးဝေ က တင်ပြထားတယ်။

ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့် နှစ်ပတ်လည် အစီရင်ခံစာမှာ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ၁၂ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ freedom house က ပြောဆိုပါတယ်။ ဒီလိုကျဆင်းသွားရတဲ့ အကြောင်းရင်း နောက်ကွယ်မှာ နိုင်ငံရေး၊ ရာဇ၀တ်မှုခင်းနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တနှစ်အတွင်း သတင်းလွတ်လပ်ခွင့် အကျဆင်းဆုံး နိုင်ငံပေါင်း ၉ နိုင်ငံကနေ Freedom House အဖွဲ့က ရွေးထုတ်ပြထားတဲ့ တိုင်းပြည်ကတော့ အီဂျစ် နိုင်ငံ ဖြစ်ပါတယ်။ အီဂျစ် သတင်းသမားတယောက်ဖြစ်တဲ့ Khaled Dawoud ကတော့

“ကျနော်တို့ရဲ့ မူက အီဂျစ်နိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားနေတဲ့ အဖြစ်ပျက်တွေကို ခိုင်ခိုင်လုံလုံနဲ့ ဓမ္မဓိဌာန်ကျကျ တင်ပြဖို့ ဖြစ်ပါတယ်။ အဖြစ်ပျက်က အမှန်တရားကို သူ့အလိုလို ပြောပြနေတာပါ။ အမှန်တရားတခုကို ဖန်တီးတင်ပြတယ်ဆိုတာ သတင်းမီဒီယာ မဟုတ်ပါဘူး။ သတင်းသမားတွေ မဟုတ်ကြပါဘူး။ အီဂျစ်နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ဖို့အတွက် မီဒီယာကနေတဆင့် ၀ါဒဖြန့်တာတွေ လုပ်ပေးနေလို့ မရပါဘူး။”

သတင်းလွတ်လပ်ခွင့် ငြင်းပယ်တဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် အများစုဟာ စစ်မက် ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံတွေ၊ အဂတိ လိုက်စားမှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေ ဖြစ်နေတာများပြီး၊ အုပ်ချုပ်ရေး ယိုယွင်းပျက်စီး သွားတတ်ကြတာ များတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၁၂ -၂၀၁၃ ခုနှစ်လောက်က သိသာတဲ့ သတင်းလွတ်လပ်ခွင့် တိုးတက်မှု တွေ့ရပေမဲ့ နောက်ပိုင်းမှာ အားပျော့သွားခဲ့တယ်လို့။ အခုတက်လာတဲ့ အစိုးရသစ်အနေနဲ့ စာနယ်ဇင်းသမားတွေနဲ့ ပူးပေါင်းပြီး တိုးတက်အောင် လုပ်သွားနိုင်ပါလိမ့်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် က ပြောပါတယ်။

“ကျနော်တို့က ၂၀၁၂၊ ၂၀၁၃ လောက်မှာ ကျနော်တို့ သတင်းလွတ်လပ်မှု တော်တော်လေး တိုးတက်လာခဲ့တယ်။ အခု နည်းနည်းလေး တန့်နေတယ်။ ဒါပေမဲ့လို့ အခု ကျနော်တို့ ကျနော်တို့ကိုယ်တိုင်ရော၊ ကျနော်တို့ မီဒီယာ မိတ်ဆွေတွေ အဖွဲ့အစည်းတွေ တဦးချင်းသော မီဒီယာသမားတွေ ညှိနှိုင်းပြီးတော့ ပူးတွဲပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ စာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် အခြေအနေ အခွင့်အလမ်း အများကြီးရှိတယ်လို့ မြင်ပါတယ်။”

သတင်းလွတ်လပ်ခွင့် မပေးတဲ့၊ သတင်းတွေကို အမှောင်ချထားတဲ့ အစိုးရတွေဟာ အောင်မြင်မှုရတဲ့ အစိုးရတွေ မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောဆိုပါတယ်။

“ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ၊ ဒီ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့ စဉ်မြင့်ကနေ ကျနော် ရှင်းရှင်းလင်းလင်း ပြောချင်တာက၊ ဘယ်လို အစိုးရမျိုးမဆို၊ ဘယ်လိုပဲ ဟိတ်ဟန်တွေထုတ်ထုတ်၊ အောင်မြင်မှုတွေရှိရှိ၊ သူတို့နိုင်ငံသားတွေကို ယုံကြည်တဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောခွင့် မရှိဘူး၊ နိုင်ငံသားတွေရဲ့ ဘ၀တွေကို ရိုက်ခတ်တဲ့ အဖြစ်အပျက်တွေ၊ ဆုံးဖြတ်ချက်တွေကို သိကြားခွင့် မပေးနိုင်ဘူးလို့ ငြင်းဆိုမယ်ဆိုရင်၊ အောင်မြင်ကြီးမြတ်တဲ့ အစိုးရဆိုပြီး သူ့ကိုယ်သူ မပြောနိုင်ဘူးဆိုတာပါ။ လွတ်လပ်တဲ့ သတင်းဌာနတွေ မရှိတဲ့ တိုင်းပြည်တပြည်အနေနဲ့ ဘာမှ ကြွားဝါနေစရာမရှိသလို၊ သူတို့ဆီက သင်ယူစရာ ဘာမှမရှိပါဘူး။ သူတို့ အနာဂတ် အလားအလာကိုလည်း အောင်မြင်အောင် ဘယ်လိုမှ မဆောင်ရွက်နိုင်ဘူးဆိုတာ ရှင်းပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဟာ တချိန်က သူတို့ ရေးသားခဲ့ကြတဲ့ သတင်းတွေကြောင့် အနှောင့်ယှက်တွေ ပေးခံနေခဲ့ရပြီး အခြေအနေတွေက ထူးမလာဘူးလို့ ပြောနေကြတဲ့ သတင်းသမားတွေအပေါ် စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။

သူတို့ရဲ့ အဖြစ်အပျက် အကြောင်းအရာတွေကို human rights.org web site စာမျက်နှာရဲ့ Free the Press ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိတဲ့ တွီတာလူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG