မြန်မာအစိုးရ အပေါ် နိုင်ငံတကာရဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ ပြန်လည် ရုပ်သိမ်း လိုက်တာဟာ သတင်းလွတ်လပ်ခွင့် အပါအဝင် ပြုပြင်ပြောင်းလဲရေးကို နှေးကွေး သွားစေတယ်လို့ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်အတွက် RSF အဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း မှာတော့ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာ နိုင်ငံက အဆင့် ၁၄၄ ရှိတယ်ဆိုပေမယ့်၊ အခြေအနေတွေဟာ ဆက်ပြီး စိုးရိမ်စရာရှိနေသေးတယ်လို့ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RSF ရဲ့ ၂၀၁၅ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၄၄ မှာ ရှိပါတယ်။ ဒီအဆင့်ဟာ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံကို သတ်မှတ်ခဲ့တဲ့ အဆင့် ၁၄၅ထက်စာရင် ၁ဆင့်အပေါ်ကို မြင့်တက်လာတယ်ဆိုပေမယ့် သတင်း လွတ်လပ်ခွင့် အခြေအနေတွေ ဆိုးဝါးနေဆဲဖြစ်တယ်လို့ RSF အဖွဲ့ရဲ့ အာရှပိစိဖိတ်အကြီးအကဲ Mr. Benjamin Ismail ဘန်ဂျမင် အစ်မေးလ်က ပြောပါတယ်။
"မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့် တကယ်ပိုရှိလာလို့ ၁ဆင့်မြင့်တက်လာတာ မဟုတ်ပဲ အခြားနိုင်ငံတွေက သတင်းလွတ်လပ်ခွင့် အခြေအနေ တွေပိုဆိုးလာ တာကြောင့် မြန်မာနိုင်ငံက အလိုလို အပေါ်ကို တဆင့်တက် သွားခြင်းသာ ဖြစ်ပါတယ်။"
တနိုင်ငံချင်းအလိုက် သတင်းလွတ်လပ်ခွင့် အချိုးဖေါက်ခံရတာတွေ ထိန်းချုပ်ခံရတာတွေကို အမှတ်ပေးရာမှတော့ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ် ထဲမှာ မှင်နီ(၄၁.၄၃)မှတ် ရရာက အခု ၂၀၁၅ ထဲမှာတော့ (၄၂.၀၈) ထိဖြစ်လာကြောင်း ၊ ဒါဟာ မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့် အချိုး ဖေါက်ခံရမှု ပိုများလာတဲ့ သဘောဖြစ်တယ်လို့ ဘန်ဂျမင်အစ်မေးလ်က ပြောပါတယ်။
မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်အခြေအနေတွေပေါ် စိုးရိမ်မိကြောင်း နဲ့ ပြုပြင်ပြောင်းလဲရေးမှာ အနောက်နိုင်ငံတွေရဲ့ ပြစ်ဒဏ်ခတ် ပိတ်ဆို့ မှုတွေပြန်ရုပ်သိမ်းသွားတာ အချိန်စောတယ် လို့ မြင်ကြောင်း ဘန်ဂျမင်အစ်မေးလ်က ပြောပါတယ်။
"မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ မပြီးပြည့်စုံသေးပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်ရုပ်သိမ်းသွားတဲ့ကိစ္စအပေါ် ကျနော်တို့ စိုးရိမ် နေပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အတွက် မြန်မာအာဏာပိုင်တွေပေါ် ထိန်းချုပ်ထားနိုင်မယ့်အရာ တခုခု မရှိတော့တဲ့ အတွက် သူတို့ကို လုပ်ချင်ရာ လုပ်ခွင့် ပေးလိုက်သလို ဖြစ်နေပါတယ်။"
ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်ရင် အလွတ်သတင်းထောက် ကိုပါကြီး သတင်းယူရင်း အသတ်ခံရတာ ၊ လွတ်လပ်စွာသတင်း ဖေါ်ပြမိလို့ ယူနတီဂျာနယ် သတင်းသမားတွေ ထောင်ဒဏ်ချခံရတာ ၊ ဘိုင်မွန်းတည့်နေ ဂျာနယ်သတင်းသမားတွေ အရေးပေါ် အက်ဥပဒေ ပုဒ်မနဲ့ တရား ရင်ဆိုင်နေရတာတွေဟာ သတင်းသမားတွေပေါ် ဖိနှိပ်နေတာပဲဖြစ်ကြောင်း ဘန်ဂျမင်အစ်မေးလ်က ထောက်ပြပါတယ်။ မကြာခင် မြန်မာနိုင်ငံ မှာ ရွေးကောက်ပွဲ ကာလရောက်လာမှာဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို လွတ်လွတ်လပ်လပ်နဲ့တင်ပြခွင့်ရဖို့ အရေးကြိး တယ်လို့ သူက သတိပေးလိုက်ပြီး RSF အဖွဲ့ရဲ့စိုးရိမ်မှုကိုလဲ သူက ပြောလာပါတယ်။
"ဦးသိန်းစိန်နဲ့ သူ့အစိုးရက မူဝါဒတွေ မပြောင်းပဲ ဒီတိုင်းဆက်သွားနေရင်တော့ အခြေနေတွေ ပိုဆိုးလာနိုင်ပါတယ်။ ယူနတီဂျာနယ်နဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်သတင်းသမားတွေပေါ် အရေးယူခဲ့တာတွေက ကျန်တဲ့သတင်းသမားတွေကို သတင်းလွတ်လပ်စွာ ရေးဖို့ ကြောက်ရွံ့ စေပါတယ်။ ဒါကို ကျနော်တို့ စိုးရိမ်မိပါတယ်။"
၂၀၁၅ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းထဲ မြန်မာနိုင်ငံရဲ့အောက်မှာ အာရှနိုင်ငံတွေထဲက စင်္ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ချ်၊ ဘရူနိုင်း၊ လာအိုနိုင်ငံတွေ ရှိသလို တူရကီ၊ ရုရှား၊ အီရတ်၊ လစ်ဗျား၊ ကွန်ဂို၊ မက္ကဆီကို စတဲ့နိုင်ငံတွေလည်း ပါဝင်ပြီး သတင်းလွတ်လပ်ခွင့် အဆိုးဆုံး နံပါတ် ၁၈၀ နဲ့ နီးကပ်နေတာကတော့ မြောက်ကိုရီးယား တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေပဲ ဖြစ်ပါတယ်။