သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယဉ်ကျေးမှုမညီတဲ့ ကြော်ငြာ ဆန့်ကျင်ရေး ဂျာနယ်တွေ ဖိအားပေးခံရ


ယဉ်ကျေးမှုမညီတဲ့ ကြော်ငြာ ဆန့်ကျင်ရေး ဂျာနယ်တွေ ဖိအားပေးခံရ
ယဉ်ကျေးမှုမညီတဲ့ ကြော်ငြာ ဆန့်ကျင်ရေး ဂျာနယ်တွေ ဖိအားပေးခံရ

စာပေစိစစ်ရေး တင်စရာ မလိုဘဲ ထုတ်ဝေနေတဲ့ ဂျာနယ် ၅ မျိုးမှာ အရက်ကြော်ငြာ အပါအဝင် ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ကြော်ငြာတွေ ထည့်သွင်း ဖော်ပြတာကို ဝေဖန် ထောက်ပြတဲ့ ဆောင်းပါးတွေ ကျန်တဲ့ သတင်းဂျာနယ် စာစောင်တွေမှာ မဖြစ်မနေ ဖော်ပြရမယ်လို့ စာပေစိစစ်ရေးက ဖိအားပေးနေပါတယ်။ ဒီလို အခြေအနေတွေဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အားရစရာ မရှိသေးသလို ဝေဖန် ထောက်ပြစရာလည်း ဖြစ်နေတယ်လို့ သတင်းသမားတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ထုတ်ဝေပြီးမှ စာပေစိစစ်ရေးကို တင်ပြရတဲ့ ထုတ်တင်စနစ်နဲ့ ဖြန့်ချိနေတဲ့ ဂျာနယ် ၅ မျိုးထဲက အရက်ကြော်ငြာနဲ့အတူ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ဖော်ပြနေတဲ့ ကြော်ငြာတွေအပြင် ပုံနှိပ်မှတ်တမ်း ပြည့်ပြည့်စုံစုံ မပါတာတွေအပေါ် ဝေဖန်ထောက်ပြတဲ့ သတင်းဆောင်းပါးတွေကို စာပေစိစစ်ရေးက မဖြစ်မနေ ဖော်ပြခိုင်းနေပါတယ်။

အရပ်သားအစိုးရ တက်လာအပြီး သတင်းဂျာနယ်တွေကို အုပ်စု ၂ စု ခွဲလိုက်တဲ့အထဲ အုပ်စု (က) က ထုတ်ဝေပြီးမှ တင်ပြတဲ့ ထုတ်တင်စနစ်ဖြစ်ပြီး ကျန်တဲ့ သတင်းဂျာနယ် အားလုံးကတော့ တင်ပြပြီးမှ ထုတ်ဝေခွင့်ရတဲ့ စနစ်နဲ့ သွားနေကြတာဖြစ်ပြီး အခု တင်ထုတ်ဂျာနယ်တွေကို ဝေဖန်ရေး ဆောင်းပါးတွေ မဖြစ်မနေ ထည့်ခိုင်းနေတာ ဖြစ်တယ်လို့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

“အမှန်တကယ်ကတော့ အရက်တွေပေါ့၊ ဒါပေမဲ့ သူတို့က ခွင့်ပြုပြီးသား တံဆိပ် နာမည်တွေနဲ့ ကြော်ငြာနေတဲ့ ကြော်ငြာတွေ၊ ပြီးရင် ကြော်ငြာမိုဒယ် တချို့တွေက မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဝတ်စားဆင်ယင်မှု ကိုယ်နေဟန်ထားတွေနဲ့ ကြော်ငြာတွေကို ပုံနှိပ်ဖော်ပြခွင့် မရှိဘူးလို့ ဒီဘက်ကထွက်တဲ့ သတင်းဂျာနယ်တွေမှာ မဖော်ပြ မနေရ ဆိုပြီးတော့ ဖော်ပြရတယ်။ ဂျာနယ်တိုင်းနီးပါးမှာလည်း ပါတယ်။

“ပါတာမှ စာပေစိစစ်ရေးက ဒီဟာနဲ့ ပတ်သက်ပြီးတော့ အကျအနကို သတင်းပုံစံမျိုး ရေးပြီးတော့ မထည့်မနေရ ထည့်ခိုင်းတာ။ စာပေစိစစ်ရေးကနေမှ မထည့်မနေရ ထည့်ခိုင်းတဲ့ ဟာတွေကတော့ အခုလက်ရှိ အစိုးရသစ် လက်ထက်မှာတော့ ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်။”

အထူးသဖြင့်ကတော့ စာပေစိစစ်ရေးရဲ့ မူဝါဒတွေဟာ ခုချိန်ထိ တိတိကျကျ မရှိသေးသလို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ရမယ် ဆိုတာကို ဒီကနေ့ အခြေအနေမှာ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အားရစရာ အခြေအနေ မရှိသေးဘူးလို့ စာရေးဆရာ မောင်ဝံသက ဆိုပါတယ်။

“လုပ်ထုံးလုပ်နည်း ပုံစံကတော့ သိတဲ့အတိုင်းပဲ။ ကျနော်တို့ကတော့ ဘာပဲပြောပြော အခုအချိန်အထိကို မကင်းရာ မကင်းကြောင်း ဖြစ်သေးတာကိုး။ အဲဒီလိုပဲ ပေါ်လစီဆောင်းပါး၊ ပေါ်လစီ ညွှန်ကြားချက်ပေါ့၊ ဒါတွေကို ထည့်ပေးရမယ်လို့ မေတ္တာရပ်ခံရင် ထည့်ပေးရတဲ့ အနေအထားမှာ ရှိသေးတယ်။ အဲဒီသဘောပါပဲ။ အခု ကျနော်တို့ ကြုံတွေ့နေရတဲ့ အတွေ့အကြုံအရ ကျနော်တို့က စတုတ္ထမဏ္ဍိုင် အပြည့်အ၀ ရတယ်လို့၊ အဲဒီ ရရမယ်ဆိုတဲ့ အနေအထားက ပြောမယ်ဆိုရင်တော့ ဒီအချိန်မှာ ကျနော်တို့က အားရစရာ မရှိသေးပါဘူး။”

စာရေးဆရာ မောင်ဝံသ ပြောပြခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက် တလျှောက်လုံး သတင်းနဲ့ စာနယ်ဇင်း ဂျာနယ်တွေမှာ မဖြစ်မနေ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးတွေ ထည့်ပေးခဲ့ရတာ ရှိသလို စစ်အစိုးရ လက်ထက်ကနေ အရပ်သားအစိုးရ ပြောင်းခဲ့ပြီ ဆိုပေမဲ့လည်း အခုလိုမျိုး စာပေစိစစ်ရေးက မထည့်မနေရ ဆောင်းပါးတွေ ခိုင်းနေတဲ့အပေါ် ဝေဖန်နေကြတာပါ။

အခု အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း အရင်က ဖော်ပြခွင့်မရတဲ့ သတင်းဆောင်းပါးတွေနဲ့ စာအုပ်တချို့ ပြန်လည်ထုတ်ဝေခွင့် ရလာတဲ့ အပေါ်မှာတော့ တိုးတက်တယ်လို့ သုံးသပ်နိုင်ပေမဲ့ ထိန်းချုပ်မှုကတော့ ကြီးဆဲပဲလို့ သတင်းစာပညာ သင်တန်းဆရာ ကိုရဲနိုင်မိုးက ပြောပါတယ်။

“အဲဒီလိုရှိတယ် ဆိုရင်တော့ တိုးတက်တာ သိပ်မရှိဘူးလို့ ပြောရမှာပဲ။ နောက်တခုက မဖြစ်မနေဆိုတဲ့ သဘောတရားကို ကျနော်မြင်တာ ပြောရရင်တော့ မဖြစ်မနေတွေက ဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။ တကယ်လို့ မဖြစ်မနေတွေကို လုပ်ပါ၊ ရှိဆဲပဲ ဆိုရင်တောင် ကျနော် အကြံဉာဏ် ပေးချင်တာကတော့ အဲဒါတွေ မလုပ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဖြစ်မနေ ထည့်ရတဲ့ ဆောင်းပါး၊ မဖြစ်မနေ ထည့်ရတဲ့ ကြော်ငြာ၊ အဲဒါတွေက တကယ်တမ်းကျတော့လည်း ပြည်သူ့ရင်ထဲကို ထိုးဖောက်နိုင်တာ မဟုတ်ဘူး။ စာဖတ်သူတွေကလည်း အသိအမှတ် မပြုပါဘူး။

“မြန်မာနိုင်ငံ သတင်းစာပညာ လွတ်လပ်ခွင့်ဟာ နိုင်ငံတကာ လွတ်လပ်ခွင့်နဲ့ နှိုင်းယှဉ်ဖို့ အဝေးကြီး ကျန်ပါသေးတယ်။ ပြည်တွင်းမှာ လုပ်ရတဲ့ အခက်အခဲ အနေအထားတွေမှာ ထိန်းချုပ်မှုတွေက အများကြီးပဲ ကျန်နေသေးတယ်။ ထိန်းချုပ်မှု ဆိုတာဟာ လုပ်ထုံးလုပ်နည်း ထိန်းချုပ်မှု တခုတည်းတင် မကဘူး၊ ထိန်းချုပ်မှုဆိုတာ ဘယ်အကြောင်းအရာတွေကို ရေးသားရမယ်ဆိုတဲ့ ထိန်းချုပ်မှုမျိုးတွေလည်း ရှိနေဆဲပဲ။ အဲတော့ နိုင်ငံတကာ စံနဲ့တော့ အဝေးကြီး လိုပါသေးတယ်။”

သတင်းစာပညာ သင်တန်းဆရာ တဦးဖြစ်တဲ့ ကိုရဲနိုင်မိုး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကစပြီး အားကစားဂျာနယ်၊ နည်းပညာ၊ ကျန်းမာရေးနဲ့ အနုပညာ အပါအဝင် ကလေးစာစောင်၊ ကလေးစာပေ ၅ မျိုးကို စာပေစိစစ်ရေးက သူတို့ကို တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့် ပေးထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG