သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဆရာမ ၂ ဦး ကိစ္စ အစိုးရမှာ တာဝန်ရှိ


ကချင်အရေး ဆန္ဒပြ။
ကချင်အရေး ဆန္ဒပြ။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ ၂ဦး အမှုကို မှန်မှန်ကန်ကန် ဖော်ထုတ်ပေးဖို့ အတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်း)က တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန်မြို့က အမျိုးသမီးရေး ဆောင်ရွက်သူတွေကတော သတ်ဖြတ်ခံရသူတွေကို ကိုယ်ချင်းစာကြောင်းပြသတဲ့ အနေနဲ့ မနက်ဖန်မှာ မဟာဗန္ဓုလပန်းခြံမှာ ပန်းစည်း၊ ပန်းခွေတွေ လာရောက်ချထားဖို့ ပန်ကြားပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီတောင်းဆိုချက် ပန်ကြားချက်တွေကို အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်း) တို့က ရန်ကုန်မြို့မှာ ဒီကနေ့ ပူးပေါင်း ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာ ၈၈မျိုးဆက် (ငြိမ်း/ပွင့်)က ကိုမြအေးက အခုလို တောင်းဆိုလိုက်ပါတယ်။

" တရားမျှတမှုပဲဗျ အဓိက တောင်းဆိုလိုတာကတော့။ ဒီပြစ်မှုကို အမှန်တရား ဖော်ထုတ်ပေးဖို့ တရားမျှတမှု လိုချင်တယ်။ စစ်တပ်ကပဲ လုပ်လုပ်နော် ၊ စစ်တပ်က လုပ်လို့ ကာရမယ် ဆိုတဲ့ဟာမျိုး ကျနော်တို့ မဖြစ်ချင်ဘူး။ စစ်တပ် လုပ်တယ် မလုပ်ဘူး ကျနော်တို့ မပြောဘူး။ လက်နက်ကိုင်အဖွဲ့အစည်းကပဲ လုပ်လုပ် ကျနော် အခု ဒီပွဲကို လာတာ အမျိုးသမီးတွေကို မတော်မတရား ပြုကျင့်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အနိုင်ကျင့်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် တရားမျှတမှုကို ဖော်ထုတ်ပေးပါ။ တိုင်းပြည်မှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုနဲ့ ပတ်သက်ရင် အဓိက တာဝန်အရှိဆုံး သည် အစိုးရနဲ့ သူ့ရဲ့ ယန္တယားဖြစ်တယ်။ အဲ့ဒီ့အတွက်ကြောင့် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။ ခင်ဗျားတို့ ဖော်ထုတ်ပေးပါ။ မှန်မှန်ကန်ကန်ဖြစ်ပါ။"

ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး တိကျတဲ့ လက်သည်တရားခံကို စစ်ဆေး မဖော်ထုတ်နိုင်ခင်မှာ လူမှုကွန်ယက် စာမျက်နှာအတွင်း သက်သေမရှိဘဲ စွပ်စွဲပြောဆိုတာတွေ၊ နောက်လူမျိုးရေး ဆန်ဆန် တိုက်ခိုက် ပြောဆို တာတွေကြောင့် နိုင်ငံရေးအရ ဖြေရှင်းရမယ် ပြသနာတွေ လမ်းလွဲသွားမှာကို စိုးရိမ်ကြောင်းလည်း ကိုမြအေးက ထောက်ပြပြောဆိုပါတယ်။

ဒီလ ၁၉ရက်နေ့ ညသန်းခေါင်အချိန်လောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးရွာက ဆရာမ ၂ဦးကို အမည်မသိသူတွေက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။

အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦး။
အသတ်ခံလိုက်ရတဲ့ ကချင်ဆရာမနှစ်ဦး။

ဒီလ ၂၃ရက်နေ့ မြစ်ကြီးနားမြို့မှာ ဈာပနအခမ်းအနားကျင်းပချိန်မှာ ရန်ကုန်မြို့မှာလည်း ဝမ်းနည်းကြောင်းပြသဖို့ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များ ကွန်ယက် အဖွဲ့က ဒေါ်စူစနာ လှလှစိုးက အခုလို ပန်ကြားလိုက်ပါတယ်။

" မနက်ဖြန် မနက်ကိုးနာရီ အသုဘချမယ့်အချိန်မှာ တခါတည်း ဗန္ဓုလ ပန်းခြံရှေ့မှာ ကိုယ်ချင်းစာတဲ့သူတွေ အားလုံးကနေပြီးတော့ ကိုယ့်ရဲ့ဝမ်းနည်းခြင်း အထိမ်းအမှတ် တခုခု ပန်းတပွင့်ပဲဖြစ်ဖြစ် ပန်းခွေပဲဖြစ်ဖြစ် ပန်းစည်းပဲဖြစ်ဖြစ် လာချဖို့ ကျမတို့ လှုံ့ဆော်ထားပါတယ်လို့။ အဲ့တာကတော့ ဘယ်အဖွဲ့အစည်းကနေ လုပ်တာ။ ဘယ်အဖွဲ့ကနေ လုပ်တာ ပါဝင်ပါလို့ မဟုတ်ပဲနဲ့ အားလုံး အားလုံး အာလုံး ပြည်သူလူထုကို ပန်ကြားတာဖြစ်ပါတယ်လို့။ "

ဆရာမ နှစ်ဦးရဲ့ရုပ်အလောင်းကို ဒီလ ၂၁ရက်နေ့က မူဆယ်ကနေ မြစ်ကြီးနားမြို့ကို သယ်ယူရာမှာတော့ လားရှိုးနဲ့ မန္တလေးမြို့မှာ လူထု ပရိသတ်တွေက ထောင်နဲ့ချီ လာရောက်ပြီး စုဝေး ဆုတောင်းခဲ့ကြပါတယ်။ မြစ်ကြီးနားမြို့ခံတွေ ကတော့ မြစ်ကြီးနားမြို့နဲ့ ၈ မိုင်အကွာ၊ မော်ဖောင်းကျေးရွာကနေ သွားရောက်ကြိုဆိုပြီး ခြေလျင်နဲ့ မြစ်ကြီးနားမြို့ကို သယ်ယူဖို့ ပြင်ဆင်နေကြပါတယ်။

လောလောဆယ်မှာတော့ ဆရာမနှစ်ဦးကို သတ်ဖြတ်တဲ့ အမှုကို ဖော်ထုတ်နိုင်ဖို့ အတွက် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲက အုပ်ချုပ်ရေးမှုး၊ မြို့နယ် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နဲ့ မူဆယ်က ကချင်နှစ်ခြင်းခရစ်ယာန်တော်တို့က တာဝန်ရှိသူတွေ ပူးပေါင်း စစ်ဆေးနေပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ဒေသခံ ရွာသားတွေနဲ့ ကောင်းခါးရွာအနီးမှာ စခန်းချနေတဲ့ ခမရ ၅၀၃က တပ်မတော်သားတချို့ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

XS
SM
MD
LG