သုံးရလွယ်ကူစေသည့် Link များ

သမ္မတပါဝင်မယ့် အပစ်ရပ်စာချုပ်ဆွေးနွေးပွဲ အကြိုညှိနှိုင်း


တနိုင်ငံလုံးအပစ်ရပ်စာချုပ် အကြိုဆွေးနွေးပွဲ စက်တင်ဘာ ၈၊ ၂၀၁၅။ (ဓာတ်ပုံ-ညိုအုန်းမြင့်)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးဆွေးနွေးဖို့ လက်နက်ကိုင် အဖွဲ့တွေက ထိပ်သီးခေါင်းဆောင်တွေဟာ ဒီကနေ့ဆိုရင်
နေပြည်တော်ကိုရောက်ရှိနေပြီး မနက်ဖြန်မှာတော့ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်ရောက်ရှိချိန်မှာတော့ အစိုးရအဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ပဏာမ အကြိုညှိနှိုင်းဆွေးနွေးကြရာမှာ အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က နေပြည်တော်ကနေ
သတင်းပေးပို့ထားပါတယ်။

နှစ်ပေါင်း (၆၀) ကျော်ကြာဖြစ်ပွားနေတဲ့ ကမ္ဘာပေါ်က အရှည်ကြာဆုံးပြည်တွင်းစစ် ရပ်စဲစေရေးအတွက် အဆုံးအဖြတ်ပေးမဲ့ဆွေးနွေးပွဲတရပ်ကို မနက်ဖြန်မှာ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ လောလောဆယ် နေပြည်တော်ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့ထိပ်သီးခေါင်းဆောင်တွေဟာ ဒီကနေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC အဖွဲ့ ဒုတိယဥက္ကဋ္ဌတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့အပါအဝင် အစိုးရ ဝန်ကြီးတွေနဲ့ နေပြည်တော် Lake Garden ဟိုတယ်မှာ ညနေ ၄ နာရီကနေ ၅ နာရီကျော်အထိ အကြိုညှိနှိုင်းတွေ့ဆုံကြပါတယ်။ ဒီကနေ့ထိ တွေ့ဆုံ ညှိနှိုင်းမှုတွေအရဆိုရင် မနက်ဖြန်ဆွေးနွေးမယ့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရေးဟာ အလားအလာကောင်းတွေ ရှိနေတယ်လို့ UPWC ရဲ့ အလုပ်အဖွဲ့ဖြစ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက သုံးသပ်ပြောဆိုပါတယ်။

“နက်ဖြန်မှာလုပ်မယ့် ဆွေးနွေးပွဲတွေအတွက် လိုအပ်တဲ့အကြိုညှိနှိုင်းတာတွေလုပ်တဲ့အတွက် တိုင်းရင်းသားတွေဘက်ကလည်း လွတ်လွတ်လပ်လပ် ဘယ်အချက်ကိုမဆို ဆွေးနွေးလို့ရမှာပါ။ အခု ကျနော်တို့ဆွေးနွေးတာတွေ အားလုံးဟာ NCA text ပေါ်ကို ဆွေးနွေးဖို့ မဟုတ်ဘဲနဲ့ NCA text မှာပါတဲ့ဟာကို လက်မှတ်ရေးထိုးပြီးရင် ဘယ်လိုဆောင်ရွက်မလဲ-တို့၊ လက်မှတ်ရေးထိုးတဲ့အထဲမှာ တိုင်းရင်းသားတွေဘက်က အခု အဆိုပြုထားတဲ့ ကိစ္စရပ်တွေပေါ့၊ အထူးသဖြင့် ကျနော်တို့နားလည်တာတော့ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အာမခံချက်တွေလည်း သူတို့ ပြောမှာတွေရှိတော့ ညှိနှိုင်းလို့ရမယ့်ရက်လောက်ကတော့ မနက်ဖြန် နှစ်ဘက်တွေ့ဆုံတဲ့နေရာမှာတော့ အဓိကဖြစ်မှာပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ positive ပေါ့။ ကျနော်တို့က positive ပဲမြင်ပါတယ်။”

မနက်ဖြန်ဆွေးနွေးပွဲမှာတော့ NCA လက်မှတ်ထိုးရေး မထိုးရေးကို တိတိကျကျဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ အစောပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့ သဘောထားထုတ်ပြန်တဲ့အဖွဲ့ရှိသလို လက်မှတ်ရေးထိုးပြီး အားလုံးပါဝင်အောင်
ကြိုးပမ်းသွားမယ်ဆို ထုတ်ပြန်တာတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်နဲ့ မျှော်လင့်ချက်ကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့က SD ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ အခုလို ပြောပါတယ်။

“ဒီကနေ့အထိ ကျနော်တို့တိုင်းရင်းသားအားလုံးဟာ အဓိကအနေနဲ့ NCCT အဖွဲ့ရော၊ နောက် SD အဖွဲ့ဝင်တွေဖြစ်တဲ့ ၁၇ ဖွဲ့က တသံတည်းပဲ ရှိပါတယ်။ နောက် ဒီဆွေးနွေးပွဲမှာ အကုန်လုံးပါဝင်လာနိုင်အောင် ကျနော်တို့သွားဖို့ ဆိုတဲ့ဟာ ဒီကနေ့ ဒီရက်အထိတိုင်ပါပဲ။”

UPWC နဲ့ ဆွေးနွေးနေတဲ့ အဆင့်မြင့်ညှိနှိုင်းကိုယ်စားလှယ်အဖွဲ့ဝင်ထဲက အဖွဲ့ ၆ ဖွဲ့ကို အစိုးရက NCA ပါဝင်လက်မှတ်ရေးထိုးဖို့ကို လက်မခံပါဘူး။
ဒီလို နှစ်ဘက်အကြား အခက်အခဲဖြစ်နေရင် ဆက်လက် ဆောင်ရွက်ဖွယ်ရှိတဲ့ နည်းလမ်းကိုတော့ ပူးဇင်ကျုံးက အခုလို ဆက်ပြောပါတယ်။

“အားလုံးပါဝင်ရေးမူ-ဆိုတာကတော့ ကျနော်တို့ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ တပြိုင်နက်တည်း လက်မှတ်ရေးထိုးမယ့်အနေအထားမျိုးကို ဆိုလိုတာလည်း ဟုတ်ကောင်းဟုတ်မယ်လေ။ တကယ်လို့များ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်မယ်။ စစ်ရေးအာမခံချက်၊ နိုင်ငံရေးအာမခံချက်တွေ၊ လူမှုရေးအာမခံချက်တွေ ရှိလာမယ်ဆိုလို့ရှိရင်လည်း- သူတို့ ပါဝင်လာနိုင်မယ့်အနေအထားရှိလို့ရှိရင် ဒါ အကုန်လုံးပါဝင်ရေးဆိုတဲ့မူထဲမှာ ဝင်သွားမယ့် အနေအထားမျိုးလည်း ရှိနိုင်ပါတယ်လို့ ကျနော် ပြောလိုပါတယ်။”

စစ်ရေး အာမခံချက်ရှိရေးနဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးဖို့လိုအပ်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဟာ
အစ္စရေးနိုင်ငံကို ရောက်ရှိနေပါတယ်။ ဒီအပေါ်မှာတော့ SD အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက အခုလို သုံးသပ်ပါတယ်။

“သူ့မှာလည်း ခရီးစဉ်တွေ ရှိပေမယ့်လို့ သူက …. အပေါ်မှာ ဒါကတော့ သူက ခရီးထွက်တာကိုး။ ပြန်ရောက်နိုင်တယ်။ ဒီနေ့ကတော့ သတင်းတက်ကြည့်တော့ သိရသလောက်ပေါ့လေ- သူတို့လည်း အသိပေးတာတွေ ရှိမှာပဲ။ ဒါပေမယ့်လို့ သူ့ခရီးစဉ်ဖျက်ပြီးတော့ ပြန်လာမယ်၊ မလာဘူးတော့ မသိဘူးပေါ့လေ။”

မနက်ဖြန်ကျင်းပမယ့် ဆွေးနွေးပွဲဟာ အစိုးရဘက်ကလည်း အမြင့်ဆုံးအဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံတော်သမ္မတ၊ တိုင်းရင်းသားလက်နက်အဖွဲ့တွေ ဖက်ကလည်း အာဏာကုန်လွှဲအပ်ထားတဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမှာဖြစ်တာကြောင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ် ရေးထိုးရေးနဲ့ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်နိုင်မယ်လို့လည်း အားလုံးက မျှော်လင့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG