သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး မြန်မာခရီးစဉ်အပေါ် အမြင်တချို့


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့်ခရီးစဉ်အပေါ် ခရစ်ယာန် ဘာသာဝင်တွေက ကြိုဆိုလိုက်ကြပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ကောင်းကျိုးတွေ ဆောင်ကျဉ်းပေး နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာမယ့် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ခရီးစဉ်အတွင် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံဖို့ ရှိသလို၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မှာတော့ ရန်ကုန် ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နဲ့ သီးသန့်တွေ့ ဆုံမှာဖြစ်ပြီး စိန့်မေရီ ဘုရားကျောင်းမှ ခရစ်ယာန် ဂိုဏ်းအုပ် ဆရာတော်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ် အသေးစိတ်နဲ့ပတ်သက်လို့ ရန်ကုန် ကက်သလစ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ လက်ထောက် ဆရာတော် Father Dominic ကခုလိုရှင်းပြပါတယ်။

“ပုပ်ရဟန်းမင်းကြီးရဲ့ခရီးစဉ်က ဘာလဲဆိုတော့ ၂၇ ရက်နေ့ မြန်မာပြည်ရောက်မယ်၊ ၂၈ ရက်နေ့ နေပြည်တော် သွားပြီးတော့မှ နိုင်ငံတော်သမ္မတရယ်၊ နောက် နိုင်ငံတော်အကြီး အကဲတွေနဲ့ တွေ့ဆုံခြင်း၊ နှုတ်ဆက်ခြင်းရှိမယ်။ နိုင်ငံတော်အခမ်းအနားနဲ့ကြိုဆိုခြင်းရှိမယ်၊ ဒါက ၂၈ ရက်နေ့။ ၂၉ ရက်နေ့ကျတော့ ရန်ကုန် ကျိုက္ကဆံကွင်းမှာ ဝတ်ပြုဆုတောင်းခြင်း ရှိမယ်။ ၃၀ ရက်နေ့ကျတော့ St. Mary Cathedral မှာ လူငယ်တွေနဲ့ တွေ့ဆုံ ဆုတောင်းပွဲပြီးတာနဲ့ နေ့လည်ပိုင်းမှာ ဘင်္ဂလားဒက်ရှ်ကို ပြန်လည်ထွက်ခွာမယ့်အစီအစဉ်ပေါ့။”

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးကိစ္စတွေကို ဆောင်ကျဉ်း ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကယားပြည်နယ် ဖယ်ခုံ ကက်သလစ်ဂိုဏ်းအုပ် ဆရာတော် တိုးမားစိုချစ်သားက ခုလိုမိန့်ပါတယ်။

“ကျနော့်အထင်ကတော့ မတွေ့ဘူးတဲ့ ကျနော်တို့ရဲ့ရဟန်းမင်းကြီး၊ သူက မြန်မာနိုင်ငံမှာ ရှိတဲ့လူကြီးတွေနဲ့လည်းတွေ့မယ်၊ ပြီးတော့ ဘာသာရေးအသင်းကြီးနဲ့လည်းတွေ့မယ် ဆိုတော့ အကြံပေးမှုတွေ၊ ညှိနှိုင်းပေးမှုတွေ ရှိကောင်းရှိမှာပေါ့နော်၊ ဒီအတွက် ကျနော်တို့ အကျိုးအမြတ်တွေ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံကိုလည်း သူများတွေ ပိုသိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တခုကကျတော့ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားတို့ကို သူလည်း ဒီအကြောင်းတွေ ပြောပြမှာဆိုတော့ ကျနော်တို့အတွက် ငြိမ်းချမ်းရေးကို ပိုပြီးတော့မှဖော်ဆောင်လာနိုင်မယ် လို့ မျှော်လင့်ပါတယ်။”

သာသနာပိုင် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ အစိုးရတာဝန်ရှိသူတွေကို စစ်ဘေးဒုက္ခသည် အရေးကိစ္စ တိုက်တွန်း ဆွေးနွေးနိုင်သလို ရခိုင်ဒေသ ပဋိပက္ခတွေ ဆွေးနွေးနိုင်တယ်လို့ သုံးသပ်သူက ခရစ်ယာန်ဘာသာဝင်တဦးဖြစ်တဲ့ ဆလိုင်းဘွေကုန်း ဖြစ်ပါတယ်။

“ပုပ်ရဟန်းမင်းကြီးရဲ့ခရီးစဉ်ကတော့ ရှမ်းပြည်မြောက်ပိုင်းတို့၊ ကချင်မြောက်ပိုင်းတို့မှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ IDP တွေ အများကြီးရှိတာကိုး။ ဒုက္ခသည်တွေ အများကြီးရှိတော့ အဲဒီကိစ္စကို အစိုးရကို အနုနည်းဖြင့် ဖိအားပေးမယ်၊ တိုက်တွန်းမယ်၊ တပ်မတော်ကို တိုက်တွန်းမယ်၊ တပ်မတော်ကလည်းပဲ အဲဒီကိစ္စကို လက်လည်း ခံနိုင်တယ်၊ နောက်ပြီးတော့ လိုက်လျောပေးနိုင်မှာပေါ့။ သို့သော် ရခိုင်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးကို အတူတကွ ယှဉ်တွဲနေထိုင်ဖို့၊ ဘာဖို့၊ ညာဖို့ တကယ်လို့များ ဒီ ဘင်္ဂါလီဘက်ကို စောင်းပေးပြီးတော့မှ ‘မင်းတို့ မြန်မာနိုင်ငံသားတွေ အရင်တုန်းကလို ပြန်နေထိုင်မယ်၊ ဘာတွေ ညာတွေ ’ - ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ပြည်သူလူထု ကတော့ ဘဝင်ကျမှာမဟုတ်ဘူးလို့ ကျနော်မြင်တယ်။”

တကယ်တော့ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ခရီးစဉ်ဟာ မြန်မာကို ကမ္ဘာက စာနာမှုတွေ ပိုရှိလာအောင် လုပ်ဆောင်ပေးဖို့အတွက် မျှော်လင့် ထားကြောင်း Father Dominic ကပြောပါတယ်။

“အဓိကကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ခရီးစဉ်ကတော့ ဘယ်နိုင်ငံပဲသွားသွား သူက ငြိမ်းချမ်းရေးကိုသယ်ဆောင်တဲ့ ပုဂ္ဂိုလ်လို့ပဲ ကမ္ဘာက အသိအမှတ်ပြုထားတဲ့အခါကျတော့ သူဒီကို လာရောက်တယ်ဆိုတဲ့အချက်ကလေး တခုကပင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး အတွက် ငြိမ်းချမ်းရေးတို့၊ ချစ်ခြင်းမေတ္တာတို့နဲ့ အများကြီးသက်ဆိုင်တယ်လို့ ဖာသာပြောချင်တာပေါ့လေ။ သူက ဘာကိုပြချင်လဲဆိုတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ သူက ချစ်တယ်၊ အခက်အခဲရှိနေတဲ့ပုဂ္ဂိုလ်၊ အခက်အခဲရှိနေတဲ့ နိုင်ငံမှာ သူလည်းပဲရှိတယ်ဆိုတာကို ကမ္ဘာကိုသိအောင် ပြချင်တဲ့ရည်ရွယ်ချက်လို့ပဲ ကျနော်ကထင်တယ်။ အဲဒီရည်ရွယ်ချက်ကိုပဲ သူ ပြောပြမယ်လို့ ကျနော် မျှော်လင့်တယ်။”

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်က ပုပ်ရဟန်းမင်းကြီး တပါးရဲ့ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာ ခရီးစဉ် အပြီးမှာတော့ ပုပ်ရဟန်း မင်းကြီးက ဘင်္ဂလားဒေရှ့် နိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ စလုံးမှာ ရိုဟင်ဂျာ မူဆလင်အရေး အခက်ကြုံနေရချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။ ရိုဟင်ဂျာ မူဆလင်တွေအရေး မြန်မာနိုင်ငံ ဘက်က ကိုင်တွယ်မှုအပေါ် နိုင်ငံတကာဘက်က ပြစ်တင်ဝေဖန်နေချိန်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG