မြန်မာနိုင်ငံ၊ မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး မေလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပူပြင်းလွန်းတဲ့ ရာသီဥတုဒဏ်ကြောင့်ရော၊ နဂို ကတည်းက နာမကျန်းဖြစ်နေတာကြောင့်ပါ အခုလို ဆုံးပါးသွားခဲ့ရတာဖြစ်တယ်လို့ မိသားစု ဝင်တွေက ပြောကြပါတယ်။ မအေးသန္တာကျော်က တင်ပြထားပါတယ်။
ဗုဒ္ဓဟူးမနက်ပိုင်းမှာပဲ ဆုံးပါးသွားတဲ့ ကိုကျော်စိုးဟာ အရင်လတွေကတည်းက နေမကောင်း ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့လည်း အခုလို မြန်မြန်ဆန်ဆန် ဆုံးသွားလိမ့်မယ်လို့တော့ မျှော်လင့်မထား ဘူးလို့ ဇနီးဖြစ်သူကပြောပါတယ်။ ထောင်ဝင်စာသွားတွေ့နေစဉ် မျက်စိရှေ့မှာပဲ ခင်ပွန်းသည် အသက်ထွက်သွားတာကို မြင်လိုက်ရတဲ့ ဇနီးဖြစ်သူ မမေဟန်အိက -
“အပူချိန်ကြီးတယ်။ နောက်ပြီး ဆီးချုပ်သဘောမျိုးလည်း ဖြစ်နေတယ်ရှင့်။ ကျမနဲ့ တွေ့နေတဲ့ အချိန်မှာ ကျမအမျိုးသားက မေးတောင် ခိုင်နေပြီ၊ စကားတောင် မပြောနိုင်တော့ဘူး။ ကျန်းမာရေးနောက်ခံက ဘာမှ ဆိုးဆိုးဝါးဝါး မရှိဘူးရှင့်။ကျမ သူ့ကို သွားတွေ့တဲ့အချိန်မှာ နေမကောင်းဘူး။ အရမ်း အဖျားကြီးလို့ဆိုပြီး ကျမ သူ့ကို သွားတွေ့တယ်။ ဧပြီလ တရက်နေ့က သွားတွေ့ပါတယ်။ မနက်ဖြန် မြင်းခြံ ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ဘုရားရှိခိုးပြီး မြေချမှာပါ။ ဆေးကုသခွင့် လုံလောက်စွာ မရရှိဘူးဆိုတာ ကျမ သိနေပါတယ်။”
ကြားခဲ့ရသလို ဆေးကုသခွင့် လုံလောက်စွာ မရရှိဘူးလို့ ပြောသွားတဲ့ ဇနီးဖြစ်သူက ခင်ပွန်း သည်ဟာ အသက်ရှူကျပ်တဲ့ဝေဒနာ၊ အစာအိမ်ရောဂါတို့ကို ခံစားနေခဲ့ရပြီးတော့ တော်တော် နာမကျန်းဖြစ်နေလို့ ဆေးဝါးဝယ်ပေးပါမယ်၊ သူ့ ခင်ပွန်းကို ဆေးကုသပေးပါလို့ ပထမတခေါက် ထောင်ဝင်စာတွေ့ချိန်က ထောင်အာဏာပိုင်တွေဆီကို ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ထောင်အာဏာပိုင် တွေက ဒါကို ငြင်းဆိုခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ကိုတိတ်နိုင်ကတော့ နိုင်ငံရေးအကျဉ်းသား ၁၄၄ ယောက်မြောက် ထောင်ထဲမှာ ဆုံးပါးခဲ့ရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
“အဲလိုတောင်းဆိုပေမယ့်လည်း ဒီ အာဏာပိုင်တွေကနေပြီးတော့ သူတို့တွေမှာလည်း ဆေးဝါး တွေ ရှိပါတယ်။ သူတို့ သေချာ ဂရုစိုက် ပေးနေပါတယ်ဆိုပြီးတော့ အဲလိုပြောခဲ့တဲ့အတွက် မိသားစုက ဆေးဝါးကုသခွင့်မပေးခဲ့ရဘူး၊ ဆေးဝါး မသွင်းခဲ့ရဘူး။ အဲဒါနဲ့ ပြန်လာရတဲ့ အခြေအနေမျိုးပါ။ အခု အဲဒါ အချိန် တပတ်လောက်အတွင်းမှာပဲ အဲလိုမျိုးဖြစ်သွားတယ် ဆိုတော့ ဒါဟာ သက်သက်ကို ဆေးဝါးကုသခွင့် မလုံလောက်ဘူးဆိုတာ အရမ်းထင်ရှားနေပြီး တော့ သူတို့ ဆေးဝါး သေသေချာချာ ကုသပေးနေတယ်ဆိုတာလည်း မဟုတ်ဘူးဆိုတာက ထင်ရှားစေပါတယ်။ အဓိကက နေမကောင်းတဲ့ အချိန်မှာ ကျန်းမာရေးကုသမှုက သေသေ ချာချာ မရှိခဲ့လို့၊ ဂရုတစိုက်မရှိခဲ့လို့ ပေါ့လျော့ ခဲ့လို့လို့ ပြောလို့ရပါတယ်။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ပြောသွားတာဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်က စပြီးတော့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း အကျဉ်းထောင်တွေကို ဝင်ခွင့်မရတော့တဲ့ နောက်ပိုင်းမှာ ကူညီ ထောက်ပံ့မှုတွေ အများကြီးလျော့သွားပြီးတော့ မြန်မာ အာဏာပိုင်တွေဘက်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မပေးနိုင်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် မြန်မာနိုင်ငံက အကျဉ်းသားတွေအားလုံး အသက် ဆုံးရှုံးတဲ့အထိ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်ကပဲ ပြောပါတယ်။
အခုသေဆုံးသွားရတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနဲ့ မြှင့်တင်သူများကွန်ယက် (HRDP) က ကိုကျော်စိုးဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ တောင်ကြီးမြို့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာတော့ တရားမဝင် အဖွဲ့အစည်းမှာ ပါဝင် ပတ်သက်မှုအပါအဝင် ပြစ်မှုသုံးခုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချခံခဲ့ရတာပါ။
မြင်းခြံထောင်မှာ ဆုံးပါးသွားတဲ့ ကိုကျော်စိုးရဲ့ ရုပ်အလောင်းကို မနက်ဖြန် မေလ ၂၀ ရက်၊ ကြာသပတေးနေ့မှာ မြင်းခြံ၊ ကက်သလစ် ဘုရားရရှိခိုးကျောင်းမှာ ဆုတောင်းပွဲလုပ်ပြီးတဲ့နောက် သဂြိႋုဟ်မှာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ကိုကျော်စိုးဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ မမေဟန်အိနဲ့ ခုနစ်နှစ်အရွယ် သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။