သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား မိသားစုတွေ ထောင်ဝင်စာတွေ့ခွင့် ပိုတင်းကျပ်


အကျဉ်းသား မိသားစုတွေ ထောင်ဝင်စာတွေ့ခွင့် ပိုတင်းကျပ်
အကျဉ်းသား မိသားစုတွေ ထောင်ဝင်စာတွေ့ခွင့် ပိုတင်းကျပ်

ဒီကနေ့ အင်းစိန်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တဲ့ သူတွေကို လုံခြုံရေး တင်းကျပ်ထားပါတယ်။ အရင်က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေရဲ့ ထောင်ဝင်စာတွေကို စောင့်ကြည့် ရေးမှတ်တာတွေ လုပ်ပေမဲ့ ဒီကနေ့မှာတော့ သာမန် ထောင်ဝင်စာ တွေ့သူတွေပါ ထောင်အာဏာပိုင်တွေက စောင့်ကြည့် နားထောင်တာတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူတွေကို ပြန်လည် တိုက်ပိတ်တာတွေ လုပ်ခဲ့ပြီးနောက်ပိုင်း ထိန်းချုပ်မှုတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်ဝင်စာတွေမှာ ထောင်အာဏာပိုင်တွေက စောင့်ကြည့်တာ၊ မိသားစုတွေနဲ့ ပြောသမျှ စောင့်နားထောင်တာ၊ လိုအပ်ရင် စာနဲ့ လိုက်ရေးမှတ်တာတွေကို အကျဉ်းထောင်တွေ အတွင်းမှာ လုပ်နေကြ ဖြစ်ပေမဲ့ ဒီကနေ့မှာတော့ အင်းစိန်ထောင်မှာ သာမန် အမှုအခင်းတွေနဲ့ ပြစ်ဒဏ်ကျနေသူတွေကိုပါ အလားတူ စောင့်ကြည့် တင်းကျပ်မှုတွေ စလုပ်နေပါပြီ။ အကြောင်းကတော့ အစာငတ်ခံ ဆန္ဒပြနေသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ အပြင်ကို ထွက်သွားမှာ စိုးတဲ့အတွက် အခုလို သတင်း တင်းကျပ်မှုတွေ စလုပ်နေပြီလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူ တဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“ထောင်ဝင်စာတွေ အကုန်လုံးမှာ ထောင်တွင်း အခြေအနေနဲ့ ပတ်သက်ပြီးတဲ့ အခါကြတော့ သတင်း ဟိုဘက် ဒီဘက်ပေါ့၊ လုံး၀ ပြောလို့မရတဲ့ အနေအထားမျိုးကို ထောင်ကနေပြီး ကြပ်မတ်ထားတာမျိုး ရှိပါတယ်။ အကျဉ်းသား တယောက်ကို ဒီဘက်က မိသားစုက ထောင်ဝင်စာ တွေ့တဲ့အခါမှာ ဘေးကနေ လုံခြုံရေးဝန်ထမ်း ၂ ယောက်၊ ၃ ယောက်လောက် ဝိုင်းပြီး အမြဲမပြတ် စောင့်ကြည့်တာမျိုး၊ ပြီးတော့ ပြောတဲ့စကားတွေ အကုန်လုံးကို လိုက်ပြီးတော့ ရေးမှတ်တာမျိုးတွေ လုပ်တဲ့အခါကြတော့ အထဲမှာ အစာငတ်ခံ ဆန္ဒပြပြီး အရေးယူခံထားရတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး အခြေအနေကို သိရဖို့ အခက်အခဲ ကြုံတွေ့နေပါတယ်။

“ဒီနေ့ဆိုရင် သာမန် ထောင်ဝင်စာမှာကိုပဲ အဲဒီလို အတွင်းအခြေအနေနဲ့ ပတ်သက်ပြီး ပြောမိတဲ့ အတွက်ကြောင့် ထောင်ဝင်စာကနေပြီးတော့ နှင်ထုတ်ခံရတာမျိုး ကြားထားတာ ရှိပါတယ်။”

မေလ ၂၂ ရက်နေ့ကစလို့ သမ္မတ ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ရော နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အတွက်ပါ အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြတာတွေ ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က နေပြည်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ လာခဲ့ပေမဲ့ ဆန္ဒပြသူတွေနဲ့ ပြေလည်မှု မရဘဲ တိုက်ပိတ်တဲ့ ပြစ်ဒဏ်တွေ ပြန်ချခဲ့သလို မိသားစုတွေနဲ့လည်း ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားပါတယ်။

အခုလို သတင်းထိန်းချုပ်မှုတွေ ပိုပြီး လုပ်လာတဲ့အတွက် အထဲက အခြေအနေတွေ မသိရသလို သူတို့အားလုံး အတွက်လည်း စိုးရိမ်ပူပန် နေကြပါတယ်။ ဒါ့ကြောင့် ရန်ကုန်မှာ အခြေစိုက်တဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ထပ်မံတွေ့ဆုံပြီး သူတို့ရဲ့ အခြေအနေတွေနဲ့ သတင်းတွေရဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

“အခုလက်ရှိ အနေအထားအထိကတော့ ICRC က ကျနော်တို့ ပထမအခေါက် ဆွေးနွေးခဲ့တဲ့ အပေါ်မှာ လက်ခံ ဆွေးနွေးပြီးတော့ သူတို့ စဉ်းစားနေကြပုံတော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ကိုတော့ ICRC အနေနဲ့ တရားဝင် သူတို့ ဘယ်လို ဆောင်ရွက်မယ် ဆိုတာကိုတော့ တရားဝင် အကြောင်းပြန်တာမျိုး မရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့က နောက်သီတင်းပတ်ထဲမှာ ထပ်မံတွေ့ဆုံပြီး ICRC ကို ထပ်မံတိုက်တွန်းဖို့တော့ လုပ်ရမှာပါ။”

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူထဲက တဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တခါ စစ်ကိုင်းတိုင်း ကလေးထောင်မှာလည်း အရှင်ဂမ္ဘီရ ဦးဆောင်ပြီး နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာမို့ မေလ ၂၇ ရက်နေ့ကစလို့ အစာငတ်ခံ ဆန္ဒပြတာတွေ လုပ်နေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ အရှင်ဂမ္ဘီရရဲ့ အမ ထောင်ဝင်စာ သွားတွေ့တဲ့အခါ တွေ့ခွင့်မရခဲ့ပါဘူး။ အရှင်ဂမ္ဘီရဟာ မိသားစုနဲ့ ဝေးလံတဲ့ ကလေးထောင်မှာ ရောက်နေသလို သူတို့ရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ သတင်းတွေရဖို့ ခက်ခဲလွန်းတာမို့ မိခင်ဖြစ်သူ ဒေါ်ရေးက အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေအတွက် အတော်စိုးရိမ်ပူပန်နေပြီး သွားတွေ့ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“အန်တီလည်း ၂ ရက်၊ ၃ ရက်၊ သို့မဟုတ် ၅ ရက်အတွင်းမှာတော့ တအားသွားချင်နေတယ်။ တွေ့ခွင့်တော့ ရချင်မှရမှာ၊ မသေချာဘူး။ ဒါပေမဲ့ သွားတော့ သွားလိုက်ဦးမယ်။ ဦးဇင်းက လုပ်မယ်ဆိုရင် လုပ်တာ၊ အန်တီက တော်တော်စိတ်ပူသွားတာ။ ပြောရရင် ခန္တီးကိစ္စတွေ ဖြစ်ခဲ့တုန်းကလည်း တော်တော်လေးကို မသေရုံတမယ်လေ၊ အဲဒါလည်း စိုးရိမ်ခဲ့ရတာ။ အခုလည်း တော်တော့ကို စိုးရိမ်တယ်။”

အရှင်ဂမ္ဘီရ မိခင် ဒေါ်ရေး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းဂျာနယ်တွေထဲ ဖော်ပြခဲ့တဲ့ အကျဉ်းတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူရဲ့ ရှင်းလင်းပြောကြားချက်ကို AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံက ဝေဖန်လိုက်ပါတယ်။ အစာငတ်ခံ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ထောင်တွင်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ အချက်အလက်တွေဟာ မဟုတ်မမှန်ဘူးလို့ AAPPB က ထောက်ပြသလို အဆင့်အတန်း နိမ့်ကျလှတဲ့ နေထိုင်ရမှု၊ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ဖိနှိပ် အုပ်ချုပ်မှုတွေအပြင် နိုင်ငံရေး အကျဉ်းသားတွေဟာ အခြားအကျဉ်းသားတွေတန်းတူ အခွင့်အရေး မရဘဲ ခြွင်းချက်ထားမှုတွေနဲ့ ကြုံနေရတာ ဖြစ်တယ်လို့ AAPPB အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG