သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးနဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်း


မြန်မာ့စီးပွားရေးနဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်း
မြန်မာ့စီးပွားရေးနဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်း

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ပိုင်ခွင့်တွေကို တိုးပြီး ခွင့်ပြုလာနေတဲ့အထဲ ဘဏ်လုပ်ငန်းတွေလည်း ပါဝင်လာပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ပိုင်ခွင့်တွေကို တိုးပြီးခွင့်ပြုလာနေတဲ့အထဲ အခုနောက်ဆုံး ဘဏ်လုပ်ငန်းတွေလည်း ပါဝင်လာပါတယ်။ ပုဂ္ဂလိကဘဏ်တချို့ ဖွင့်လှစ်ခွင့် ပေးလိုက်တဲ့ တချိန်တည်းမှာပဲ၊ နိုင်ငံခြားငွေရှိသူတွေအတွက် ကုန်ပစ္စည်း တင်သွင်းခွင့် ပေးမယ်လို့လည်း အစိုးရက ကြေညာလိုက်ပါတယ်။

ဒါပေမဲ့လည်း စီးပွားရေးမှာ အခရာကျတဲ့ ငွေကြေး စီးဆင်းမှုတွေ အတွက် လိုအပ်ချက်ဖြစ်တဲ့ ဘဏ်လုပ်ငန်းနဲ့ ပုဂ္ဂလိက ကုန်သွယ်မှုတွေ တိုးလာတာဟာ တကယ်တမ်း စီးပွားရေး တိုးတက်မှုကို ဦးတည်စေပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေရဆဲပါ။ ဒီအကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အနည်းဆုံး ဘဏ်အသစ် ၄ ခုကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး ဒီနှစ်ထဲမှာ လုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်နေကြပြီလို့ စီးပွားရေး အသိုင်းအဝန်းက ပြောပါတယ်။ တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မရှိပေမဲ့ ထူး၊ မက်စ်မြန်မာ၊ အိုင်ဂျီအီး၊ ဧဒင် အုပ်စု ကုမ္ပဏီတွေက လုပ်ပိုင်ခွင့်တွေ ရထားကြပြီး ဘဏ်တွေအတွက် နာမည်တွေ၊ မြေနေရာတွေနဲ့ ဝန်ထမ်း ခန့်အပ်တာတွေ အထိ လုပ်ဆောင် နေကြပြီလို့လည်း ဆိုပါတယ်။

ဒီလို နောက်ထပ် ပုဂ္ဂလိကဘဏ်အသစ်တွေ ဖွင့်လှစ်ခွင့် ပေးလိုက်ပေမဲ့ မြန်မာနိုင်ငံက အားနည်းနေဆဲ ဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေးကဏ္ဍက အခြေအနေတွေကြောင့် စီးပွားရေး တခုလုံးအတွက် ဘယ်လောက်အထိ အထောက်အကူ ဖြစ်စေမလဲ ဆိုတဲ့အပေါ်မှာတော့ သံသယတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ ဒီလို လုပ်ငန်းတွေ ချပေးတယ် ဆိုပေမဲ့လည်း အများသိအောင် ကြေညာတာ ပြောဆိုတာလည်းမရှိ၊ စီးပွားရေးအရ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေတွေလည်း မရှိတာတွေက ဒီလို စဉ်းစားစရာတွေလည်း ဖြစ်လာရတာပါ။ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး စနစ်တရပ်ကို တကယ်တမ်း အကောင်အထည် ဖော်လိုတယ်ဆိုရင် ဒီလို လက်သိပ်ထိုး လုပ်ရပ်တွေကို ပြင်မှ ဖြစ်မယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးခင်မောင်ကြည် က ပြောပါတယ်။

“တိုးတိုးကြိတ်ကြိတ်နဲ့ ဘာမှ မလုပ်ရဘူး၊ အမှန်က ရှင်းရှင်းလင်းလင်း အားလုံး သိသာထင်ရှားအောင် လုပ်ရမယ်။ အဲဒါမှဖြစ်မှာ။ သိသာ မြင်သာတဲ့ အစိုးရ၊ သိသာထင်ရှားစေတဲ့ ပေါ်လစီကို ချမှတ်ပြီး၊ အဲဒီအတိုင်းလိုက်တဲ့ အစိုးရ၊ ဘယ်သူမဆို တိုင်းသူပြည်သား ကနေပြီးတော့ ရှင်းပြပါဆိုပြီး ပြောပိုင်ခွင့်တွေ ရှိရမယ်။”

၁၉၈၈ ခုနှစ်နောက်ပိုင်း ဆိုရှယ်လစ်စနစ် အဆုံးသတ်ခဲ့တဲ့နောက် မြန်မာစစ်အစိုးရက ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးသွားမယ်လို့ ကြွေးကြော်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းတွေ လုပ်ပိုင်ခွင့်တွေ ပေးလာတဲ့ အထဲမှာ ဘဏ်လုပ်ငန်းတွေလည်း ပါဝင်လာတာပါ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဥပဒေတရပ် ထုတ်ပြန်လိုက်ပြီး ၁၉၉၀ ပြည့်လွန် နှစ်တွေမှာ ပုဂ္ဂလိကဘဏ်ပေါင်း ၂၀ လောက်ကို လိုင်စင်တွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နောက်ပိုင်းနှစ်တွေမှာ စီမံခန့်ခွဲမှု အားနည်းတာတွေ ရှိခဲ့တဲ့နောက် ဘဏ်လုပ်ငန်းတွေမှာ ပြဿနာတွေ ပေါ်ခဲ့ရပြီး၊ ဘဏ်တချို့ ပိတ်ပစ်ခဲ့ရတဲ့ အခြေအနေတွေနဲ့ပါ ကြုံခဲ့ရတာပါ။ ဒီလို ဘဏ်လုပ်ငန်းတွေ ဖရိုဖရဲဖြစ်ခဲ့ရတဲ့ အခြေအနေတွေဟာ အများက ယုံကြည်မှု ရစေဖို့ ပြန်လည် ကြိုးပမ်းရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
“အရင်တခေါက်ကလိုပေါ့နော်၊ ပိုက်ဆံတွေဘာတွေ ပြဿနာဖြစ်တော့ ငွေတွေဘာတွေ ဆုံးရှုံးသွားတယ်။ ပိုက်ဆံတွေ ဘဏ်မှာ အပ်ပြီးတော့မှ ဆုံးရှုံးသွားတယ်။ အဲလို မဖြစ်ဖို့တော့ လိုတာပေါ့။ ဘဏ်တွေအပေါ် ယုံကြည်စိတ်ချမှုတော့ ရှိချင်တာပေါ့။”
“ပုဂ္ဂလိကပိုင် ဘဏ်တွေဖွင့်ဖို့ လုပ်နေကြတယ်။ အရင်ရှေ့က သာဓကတွေကလည်းရှိတော့ ဘဏ်မှာ ငွေအပ်ဖို့ကို လူတွေက ကြောက်နေကြတယ်။ အခုဘဏ်တွေက ငွေလွှဲတဲ့ အလုပ်လောက်ပဲ လုပ်နေကြတာ။”

ရန်ကုန်မြို့ခံတွေ ဖြစ်ပါတယ်။ ဘဏ္ဍာငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးချဲ့ လုပ်ဆောင်လာနိုင်တာဟာ ယေဘုယျအားဖြင့် စီးပွားရေးအတွက် အပေါင်းလက္ခဏာ ဖြစ်ပေမဲ့ ယုံကြည်စိတ်ချရမှု ရှိမှသာ ရေရှည်ခံမှာလည်း ဖြစ်ပါတယ်။ ဒီလို ဘဏ်လုပ်ငန်းတွေ အောင်မြင်နိုင်ဖို့ အတွက်ကတော့ စနစ်တကျနဲ့ ဥပဒေအထိန်းအကွပ်တွေ ရှိဖို့လိုမယ်လို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေက မြင်ကြပါတယ်။

လတ်တလော အခြေအနေမှာတော့ ဘဏ်လုပ်ငန်းတွေမှာ ခိုင်ခိုင်မာမာ မရှိကြသေးသလို၊ ဒီစနစ်ကို ကျားကန်ပေးတဲ့ ဥပဒေတွေ ရေရေရာရာ မရှိလှတာမို့ အရင်က ဘဏ်လုပ်ငန်းတွေ ပြိုကွဲခဲ့ရသလို အခြေအနေမျိုးတွေနဲ့ ထပ်ကြုံနိုင်တဲ့ အလားအလာတွေ ရှိတယ်လို့လည်း ပါမောက္ခ ဦးခင်မောင်ကြည် က မြင်ပါတယ်။
“အမြဲတမ်း ဖြစ်နိုင်တယ်၊ ဘယ်တော့မဆို ဖြစ်နိုင်တယ် ဒီကိစ္စကတော့။ အမှန်ကတော့ ပုဂ္ဂလိကဘဏ်တွေ ထောင်ခွင့်ပေးတယ် ဆိုကတည်းက သူတို့ကို စည်းကမ်းနဲ့ ထောင်ဖို့၊ စည်းကမ်းနဲ့လုပ်ဖို့ အကုန်လုံး စီစဉ်ထားရမယ်။ အဲဒီလို မလုပ်ပဲနဲ့ကတော့ မရဘူး။ အခုကတော့ ဥပဒေက သိပ်ကိုရှိလှတာ မဟုတ်ဘူး။ ဥပဒေရှိတာ မဟုတ်တော့ အဲဒီလို ဖြစ်နေတာပေါ့။ အမှန်ကတော့ ဥပဒေ ရှိအောင် ဖြစ်အောင် လုပ်ရမယ်။”

ဘဏ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ကုန်သွယ်မှုတွေမှာလည်း လုပ်ထုံးလုပ်နည်းအသစ်တွေ ကျင့်သုံးဖို့ ပြင်ဆင်လာတာတွေ ရှိနေပါတယ်။ အခုနောက်ဆုံးမှာ ဆိုရင်လည်း နိုင်ငံခြားငွေ ကြီးကြပ်ရေး ကော်မရှင်က ပြည်တွင်းပြည်ပမှာ အလုပ်လုပ်ကိုင်ပြီး နိုင်ငံခြားငွေ ရသူတွေ အနေနဲ့ သွင်းကုန်တွေ တင်သွင်းခွင့်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ဇွန်လ ပထမပတ်ထဲမှာပဲ ကြေညာလိုက်တာပါ။ ဒီလို ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း အသစ်တွေ ထွက်ပေါ်လာတာကို မြင်ရလို့ ဒါဟာ စီးပွားရေးအတွက် မျှော်လင့်စရာ ဖြစ်လေမလား ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဆရာစိန် ကပြောပါတယ်။
“သုံးထားတဲ့ ဝေါဟာရကို ကြည့်ရတာကတော့ သူက သုံးကုန် အခွင့်အရေး ရရှိမယ်လို့ သေသေချာချာ ရေးထားတယ်။ အဲဒီလို သွင်းကုန် တင်သွင်းခွင့်ရရှိမယ်လို့ ရေးထားတော့ ကျနော်တို့က နဂိုတုန်းက ပြည်ပပို့ကုန်ကရတဲ့ ဝင်ငွေတွေက အကန့်အသတ် တခုလို ဖြစ်နေတာပေါ့။ အခုကတော့ ပို့ထားတဲ့ ပစ္စည်းတွေကသာ ပြည်ပပို့ကုန်ကရတဲ့ ဝင်ငွေတွေ အဖြစ်မဟုတ်တော့ပဲ နိုင်ငံခြား သွားပြီး အလုပ်လုပ်လို့ရတာကလည်း ဒီလိုဝင်ငွေဖြစ်လာမယ်၊ ဒါတင်မက တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့ သဘောပေါ့ဗျာ။

"ရေးထားတဲ့ စကားလုံးအရ ကြေညာချက်မှာတော့ သုံးကုန်အခွင့်အရေးရှိတဲ့ ဝင်ငွေများလို့ ရေးထားတာကို ကြည့်ရင် ရှေ့လျှောက် နိုင်ငံခြားသွား လုပ်တဲ့လူတွေဟာ သူတို့ကြိုက်တဲ့ ပစ္စည်းတွေကို သွင်းခွင့်ရကောင်းရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မှန်းဆကြည့်လို့ရပါတယ်။ အခုကတော့ ကောင်းတဲ့လက္ခဏာ၊ ယေဘုယျ အနေနဲ့ ပြောင်းလဲလာတဲ့ လက္ခဏာ၊ နိုင်ငံတကာ နယ်ပယ်ထဲမှာ စီးပွားရေးသဘော ပြောမယ်ဆိုရင် ဝင်ဆန့်အောင် လုပ်လာတဲ့ လက္ခဏာလို့ ဒီလိုပဲ မြင်ပါတယ်။”

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်လို့ စီးပွားရေး ဒဏ်ခတ်မှုတွေအောက် နိုင်ငံတကာ အတိုင်းအတာနဲ့ စီးပွားရေး ချဲ့ထွင်လုပ်ကိုင်ဖို့ဟာ မဖြစ်နိုင်သလောက် အခြေအနေမှာ ရှိနေတုန်းပဲလို့ စီးပွားရေး ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။ အထူးသဖြင့်ကတော့ စီးပွားရေးလုပ်ငန်းတွေမှာ မျှမျှတတ ယှဉ်ပြိုင်ခွင့် ရှိစေဖို့နဲ့ စနစ်တကျဖြစ်ဖို့ လိုနေသေးတယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးခင်မောင်ကြည် က ပြောပါတယ်။
“နိုင်ငံတကာ အတိုင်းအတာနဲ့က အခုအချိန်အထိတော့ မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ အခုနပြောတဲ့ စည်းကမ်းတွေချပြီးတော့၊ အဲဒီစည်းကမ်းတွေအတိုင်း လုပ်ဖို့ကို စီစဉ်နိုင်တယ်။”

မြန်မာစစ်အစိုးရကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအဖြစ် နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာနေရာမှာ ဘဏ်လုပ်ငန်းတွေသာမက နိုင်ငံပိုင် ဓာတ်ဆီဆိုင် ၂၅၆ ဆိုင် ကိုလည်းပဲ လက်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ မြန်မာ့လေကြောင်းတို့က ဖက်စပ် ပြေးဆွဲနေတဲ့ မြန်မာ့ နိုင်ငံတကာ လေကြောင်း ရဲ့ ပိုင်ဆိုင်မှု အများစုကိုလည်း ပုဂ္ဂလိကကို ပြန်လည် ရောင်းချဖို့ အစီအစဉ်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်သလို၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၁ ခုက ပိုင်ဆိုင်တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေ အပါအဝင် နိုင်ငံတဝန်းက စက်ရုံတွေ၊ ကုန်လှောင်ရုံတွေ၊ ရုပ်ရှင်ရုံတွေ လုပ်ငန်းပေါင်း ၁၀၀ ကျော် ကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲဖို့ ဇန်နဝါရီလ နှောင်းပိုင်းမှာပဲ ကြေညာခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG