သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပုဂ္ဂလိကသတင်းစာတွေ ၂၀၁၃ မှာ ထုတ်ဝေခွင့်ပြုမည်


ကြားဖြတ်ရွေးကောက်ပွဲအပြီး နောက်တရက် သတင်းစာတိုက်ရှေ့မှ သတင်းစာရောင်းသူများကို တွေ့ရစဉ်။
ကြားဖြတ်ရွေးကောက်ပွဲအပြီး နောက်တရက် သတင်းစာတိုက်ရှေ့မှ သတင်းစာရောင်းသူများကို တွေ့ရစဉ်။

မြန်မာနိုင်ငံအတွင်းက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ဥပဒေပြဌာန်းနိုင်ရေး လွှတ်တော်မှာ အဆိုပြု တင်ပြသွားမှာဖြစ်သလို နောက်နှစ်ပိုင်းလောက်မှာ ပုဂ္ဂလိက နေ့စဉ်ထုတ်ခွင့်ပေးနိုင်ရေးအတွက်လည်း စီစဉ်နေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က သတင်းစာဆရာအသင်းကို ပြောလိုက်ပါတယ်။ စက်တင်ဘာလ နှစ်ရက်နေ့က ပြန်ကြားရေးဝန်ကြီး အသစ် ဦးအောင်ကြည်နဲ့ သတင်းစာဆရာ အသင်း၊ ရုပ်ရှင်အစည်အရုံးတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကြစဉ်မှာ အဲဒီလိုပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က သတင်းစာဆရာအသင်းနဲ့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေကို စက်တင်ဘာလနှစ်ရက်၊ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သီးခြားစီ တွေ့ဆုံခဲ့တာပါ။

သူ့အနေနဲ့ အနုပညာလောကနဲ့ အလှမ်းဝေးတာကြောင့် သူ့မှာ အားနည်းချက်ရှိတယ်ဆိုတာကို ဝန်ခံပြောကြားရင်း ရုပ်ရှင်နဲ့ စာပေ အဖွဲ့အစည်းတွေအပေါ် သူ့ရဲ့ သဘောထားနဲ့ပတ်သက်လို့ ဝန်ကြီးဦးအောင်ကြည်က အဲဒီ တွေ့ဆုံဆွေးနွေးပွဲအတွင်း အခုလို ပြောကြားခဲ့ပါတယ်။

“အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ ကျနော့်ရဲ့သဘောထား- ကျနော်တို့အနေနဲ့ ရုပ်ရှင်အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ စာပေအဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ ဂီတအဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့လေ- ဒါ- ကျနော်တို့နဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်ရတဲ့ အဖွဲ့အစည်းမျိုးတွေပါ။ ဒါတွေ အားလုံးက civil societies ပဲဖြစ်ပါတယ်။ civil society ဟာ ကောင်းမွန်သော အုပ်ချုပ်ရေး စံနစ်တခုအောက်မှာ အစိုးရ ရယ်၊ ပြည်သူရယ်၊ civil societies ရယ်ဆိုတာ ဇာတ်ကောင်သုံးခုပဲ ရှိပါတယ်။

civil society ကတော့ အဓိကဇာတ်ကောင်တခုပဲ ဖြစ်ပါတယ်။ ဒီ Civil Society ဟာ သူ့ရဲ့ ဇာတ်ကောင် လုပ်ငန်းကိုသူ ကျကျနနလုပ်နိုင်ရအောင် ကျနော်တို့ ကူညီမှာ ဖြစ်ပါတယ်။ အဲဒီတော့ Civil Society ရဲ့ သဘောသဘာဝက Strategy မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းပြဌာန်းပြီးတော့မှ ဒီအတိုင်း လိုက်နာ၊ ဒီအတိုင်း ဆောင်ရွက်ဆိုတာမျိုး ကျနော်တို့ လုပ်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖာသာ ကိုယ် ပြဌာန်းပြီးတော့မှ ကိုယ့်ဖာသာကိုယ် စောင့်ထိန်းလိုက်နာပြီးတော့မှ Credibility အတွက် ဆောင်ရွက်သွားတဲ့ အနေအထားမျိုး ဖြစ်အောင် ကျနော် ဆောင်ရွက်သွားပါမယ်။”

ဒါ့အပြင် သတင်း စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင် လွှတ်တော်မှာ ဥပဒေသစ် တင်သွင်း အဆိုပြုသွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့တဲ့အကြောင်းလည်း ဒီအခမ်းအနား ကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ဝံသ က ပြောပါတယ်။

“စာနယ်ဇင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ဆွေးနွေးပါတယ်။ စာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့လည်း သူက နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေအထိ တိုးချဲ့ပြီးတော့ ဆောင်ရွက်ရမယ်၊ အဲဒီလိုပြောပါတယ်။ နောက်ပြီးတော့ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အနုပညာ လောကသားအားလုံးက ကျေကျေနပ်နပ်နဲ့လက်ခံနိုင်တဲ့ မီဒီယာ ဥပဒေမျိုးဖြစ်အောင် ပြင်ဆင်ပြီးတော့မှ ပြဌာန်းမယ်။”

မြန်မာနိုင်ငံထဲမှာ လက်ရှိ မီဒီယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ က နေ့စဉ် သတင်းစာတွေထုတ်ဝေခွင့်ပြုဖို့ အစိုးရထံမှာ ခွင့်ပြုချက် လျှောက်ထားနေကြတဲ့ ကာလဖြစ်တဲ့အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်ရှိတယ်ဆိုရင် နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရှိရမယ်လို့ မီဒီယာ လွတ်လပ်ခွင့်အတွက် တောင်းဆိုနေကြသူတွေက မြင်နေကြတာပါ။

ဒီကိစ္စအပေါ် ဝန်ကြီးက သူ့ရဲ့ သဘောထားကို ပြောပြခဲ့တယ်လို့လည်း ဆရာမောင်ဝံသက အခုလို ဆက်ပြောပြပါတယ်။

“ဟုတ်တယ်၊ နေ့စဉ်သတင်းစာထုတ်ဝေခွင့်ကို မြန်မြန် ပေးချင်တယ်-တဲ့။ တတ်နိုင်သမျှ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုဖို့ မြန်မြန်လေး ဆောင်ရွက်ချင်တယ်လို့ အဲလို ပြောတယ်။ စာနယ် ဇင်းကောင်စီကို ဖွဲ့ပြီးတော့မှ နေ့စဉ် သတင်းစာတွေ ထုတ်ဝေရေး ကိစ္စကို စီစဉ်မယ်လို့ ပြောတယ်။ ”

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ သတင်းထောက်အများစုကတော့ ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေကို ရှေ့နှစ် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ လုပ်ကိုင်ခွင့် ပြု လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြတာပါ။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကတော့ သူတို့ ရုပ်ရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့ တားဆီး ပိတ်ပင်မှုတွေ လျှော့ပေါ့ပေးဖို့ ဒီတွေ့ဆုံပွဲမှာ တောင်းဆိုခဲ့တာပါ။

“ဆင်ဆာကို လျှော့ပေါ့ဖို့ လိုသလို လက်ရှိဖွဲ့စည်းထားတဲ့ ဆင်ဆာဘုတ်အဖွဲ့ကိုလည်း ပြောင်းလဲပြင် ဆင် ဖွဲ့စည်းဖို့ လိုပါတယ်။ လက်ရှိ ဆင်ဆာဘုတ်အဖွဲ့ကို လူဦးရေ ၁၇ ဦးနဲ့ ဖွဲ့ပါတယ်။ ကျနော်တို့ ရုပ်ရှင်ကို၊ ဗွီဒီယိုကို ဆင်ဆာဖြတ်တဲ့အဖွဲ့ထဲမှာ ရုပ်ရှင် ပညာရှင် တစ်ဦးတည်း ပါပါတယ်။ ကျန်တဲ့ ၁၆ ဦးသည် ဌာနဆိုင်ရာများက စုဖွဲ့ထားတဲ့ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒီ့အတွက် ဒါလောက် အရေအတွက် များများနဲ့ ဖွဲ့စည်းထားတဲ့၊ ရုပ်ရှင်နဲ့သက်ဆိုင်ခြင်းမရှိတဲ့ ဆင်ဆာ အဖွဲ့ကို ကျနော်တို့ ရုပ်ရှင်လောက-က ပညာရှင်များပါဝင်တဲ့၊ တဘက်ကလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းက ပါဝင်တဲ့ ကျစ်လျစ်တဲ့ အဖွဲ့အစည်းတစ်ခုအထိ ပြန်လည် ဖဲ့ွစည်းသင့်ပါပြီ-လို့ ကျနော်က တင်ပြလိုပါတယ်။”

လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း အစိုးရကထုတ်ဝေနေတဲ့ နေ့စဉ်သတင်းစာ၊ အင်္ဂလိပ်လိုနဲ့ မြန်မာ လို သုံးစောင်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့သတင်းစာနဲ့ပါဆို စုစုပေါင်း လေးစောင် ရှိတာပါ။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ထုတ်ဝေနေတဲ့ အပတ်စဉ်ဂျာနယ်၊ မဂဇ္ဇင်း အရေအတွက် ကတော့ ပျှမ်းမျှအားဖြင့် ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ အရင်ရှိနေခဲ့တဲ့ ဆင်ဆာဘုတ်အဖွဲ့ကို သြဂုတ်လ ၂၀ ရက်နေ့မှာ အာဏာပိုင်တွေက ဖျက်သိမ်းပေးလိုက်ပြီး အရင်ဆင်ဆာဘုတ် အဖွဲ့ကို တင်ပြီး ဂျာနယ်၊ မဂဇ္ဇင်းတွေ ထုတ်ဝေနေရတဲ့ တင်-ထုတ်ကနေ ဂျာနယ်တွေ ထုတ်ပြီးမှ တင်ရတဲ့ ထုတ်-တင်အဖြစ်ကို ပြောင်းလဲလျှော့ချပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG