ဟောင်ကောင်က ဆန္ဒပြပွဲတွေဟာ အုပ်စုကွဲနေပြီး စနေနေ့တုန်းကတော့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဟောင်ကောင်ရဲ့ နာမည်ကြီးဆိပ်ကမ်းမှာ ဆန္ဒပြပြီး အစိုးရအနေနဲ့ သူတို့ရဲ့တောင်းဆိုမှုကို အလေးထားဖို့ ပြောဆိုနေချိန်မှာပဲ တရုတ်အစိုးရ လိုလားတဲ့ ဆန္ဒပြသူတေကတော့ အကြမ်းဖက် ဆန္ဒပြ မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီလို စင်ပြိုင် ဆန္ဒပြပွဲတွေကိုကြည့်ရင် ၃ လနီးပါးကြာလာပြီဖြစ်တဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ နိုင်ငံရေးအရ အကွဲအပြဲတွေ ရှိနေတယ်ဆိုတာကို သိသာထင်ရှားစေပါတယ်။
ပြည်မအစိုးရ လိုလားတဲ့ ဆန္ဒပြပွဲမှာတော့ ဟောပြောသူတွေက သူတို့ဟာ ဟောင်ကောင်ကိုရော တရုတ်ပြည်မကြီးကိုပါ ချစ်မြတ်နိုးတယ်ပြောပြီး ဘာ့ကြောင့် တရုတ်အစိုးရကို သူတို့ ကြောက်နေကြသလဲလို့ အတိုက်အခံတွေကို မေးခွန်း ထုတ်သွားပါတယ်။
စနေနေ့ အစောပိုင်းတုန်းကလည်း ကျောင်းဆရာ၊ ဆရာမတွေ လမ်းပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေရဲ့ ရဲစွမ်းသတ္တိရှိမှုနဲ့ ဟောင်ကောင်အပေါ် အလေးအနက်ထားတာကို လေးစားကျေးဇူးတင်ကြောင်း၊ သူတို့ဟာ အစိုးရထက် ပိုပြီးသတ္တိရှိတယ်လို့ ဆန္ဒပြပွဲမှာပါတဲ့ ကျောင်းဆရာမ တဦးက ပြောပါတယ်။ ဟောင်ကောင်တဝှမ်းမှာတော့ စနေနေ့ ဆန္ဒပြပွဲတွေအပြင် ဒီကနေ့ တနင်္ဂနွေနေမှာလည်း နောက်ထပ် ဆန္ဒပြပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်