သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှုတ်ထွက်ဖို့တောင်းဆိုမှု ဟောင်ကောင် အုပ်ချုပ်ရေးမှူ း လိုက်လျောဖွယ် မရှိ


တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဒီနေ့ ကြာသပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်မပေးဘူးဆိုရင် သူတို့အနေနဲ့ အစိုးရ အဆောက်အဦးတွေကို သိမ်းပိုက် ဆန္ဒပြသွားမယ်လို့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေက ခြိမ်းခြောက်ထားပါတယ်။

အုပ်ချုပ်ရေးမှူး Leung Chun-ying ကို ကြာသပတေးနေ့ ဒေသစံတော်ချိန် ညဉ့်သန်းခေါင်အထိ နှုတ်ထွက်ဖို့ ဆန္ဒပြကျောင်းသားတွေက အချိန်ပေးထားသလို၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရ ဟောင်ကောင်ကျွန်းမှာရှိတဲ့ မစ္စတာ Leung ရဲ့ ရုံးရှေ့မှာ စခန်းထိုး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေ မြို့အစိတ်အပိုင်း နေရာအတော်များများမှာ ဖြန့်ကျက် နေရာယူ ဆန္ဒပြနေကြတာ ဖြစ်သလို၊ အစိုးရ အဆောက်အဦးတွေကို သိမ်းယူမယ့် ကိစ္စကတော့ ဆန္ဒပြသူတွေအတွက် ကြီးမားတဲ့ အရှိန်မြင့် လှုပ်ရှားမှု ဖြစ်ပါလိမ့်မယ်။

ဆန္ဒပြသူတွေ သတ်မှတ်ပေးထားတဲ့ နောက်ဆုံးအချိန် နီးကပ်လာတာနဲ့အမျှ၊ ဆန္ဒပြသူတွေ အစိုးရ အဆောက်အဦးတွေကို ထိန်းချုပ်လိုက်တာ၊ ဒါမှမဟုတ် ပိတ်ဆို့ပစ်ဖို့ ကြိုးစားတာတွေ ဖြစ်လာရင် တင်းတင်းကျပ်ကျပ် ပြန်လည် တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတိပေးထားပါတယ်။

အုပ်ချုပ်ရေးမှူး Leung ကတော့ ရာထူးကနေ ဆင်းပေးမယ့်ပုံ မပြသေးသလို၊ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ လူတိုင်း မဲပေးခွင့်ရှိရေးကို လက်မခံတဲ့ တရုတ်အစိုးရအပေါ် ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေ နဲ့ တွေ့ဆုံဖို့ ကိုတောင် ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း - ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဆက်လက် ပြုလုပ်နေမယ်ဆိုရင် မတည်ငြိမ်မှုတွေနဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG