သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ ရုရှားလိုလားသူတွေ ရဲစခန်းဝင်စီးပြီး အကျဉ်းသားတွေ ကယ်ထုတ်


ရုရှားလိုလားသူတွေ ရဲစခန်းဝင်စီးပြီးနောက် လွတ်မြောက်လာသူများ။ (မေ ၄၊ ၂၀၁၄)
ရုရှားလိုလားသူတွေ ရဲစခန်းဝင်စီးပြီးနောက် လွတ်မြောက်လာသူများ။ (မေ ၄၊ ၂၀၁၄)
ရာနဲ့ချီတဲ့ ရုရှားလိုလားသူ စစ်သွေးကြွတွေဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း Odessa (အိုဒက်ဆား) မြို့မှာ ရှိတဲ့ ရဲစခန်းကို တနင်္ဂနွေနေ့က ဝင်တိုက်ခဲ့ကြပြီး၊ လွန်ခဲ့တဲ့ ၂ ရက်လောက်က ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတချို့ကို လွှတ်ပေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ရဲစခန်း ဝင်ပေါက်တခုက တံခါးတွေကို ထုနှက် ဖျက်ဆီးပြီးနောက် ဂိုဒေါင်ကနေတဆင့် အတင်း ဝင်ရောက်ခဲ့ ကြတာပါ။

အာဏာပိုင်တွေကတော့ - ရုရှားလိုလားတဲ့ တက်ကြွလှုပ်ရှားသူ ၄၂ ဦးလောက် သေဆုံးပြီး မီးလောင်တဲ့အထိ ဖြစ်ခဲ့တဲ့ သောကြာနေ့က ပဋိပက္ခ အတွင်း - ဖမ်းဆီးထားခဲ့တဲ့ ၁၅၀ ထဲက ၆၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လူဦးရေ ၁ သန်းရှိတဲ့ အဲ့ဒီဆိပ်ကမ်းမြို့လေးကို သွားရောက်လည်ပတ်ခဲ့တဲ့ ယူကရိန်းဝန်ကြီးချုပ် အာ ဆန် နီ ယတ် ဆန် ယွတ် (Arseniy Yatsenyuk) ကတော့ အခုနောက်ဆုံး Odessa (အို ဒက် ဆား) မြို့ အပါအဝင် နိုင်ငံ အရှေ့ပိုင်းမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်အောင် ဖန်တီးပြီး ယူကရိန်းနိုင်ငံကို ဖျက်ဆီးဖို့ ရုရှားက ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားအစိုးရဟာ ယူကရိန်းယာယီအစိုးရကို ဆန့်ကျင်ပြီးတော့ စနစ်တကျ အကွက်ချပြီး လှုံ့ဆော်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို ဖျက်ဆီးဖို့နဲ့ အစိတ်စိတ်အမွှာမွှာကွဲအောင် ရုရှားက အစီအစဉ်ချ လုပ်ဆောင်နေတယ်။ ပြဿနာတွေ ကြီးထွားလာအောင် ရုရှားက သူ့လူတွေ ထပ်စေလွှတ်ခဲ့တဲ့ အချိန်အထိကို Odessa မြို့ကို တည်ငြိမ်အောင် ၂ လလောက် ထိန်းထားခဲ့ရတယ်။ Odessa ဟာ ရုရှားအတွက် အရေးပါတယ် ဆိုပေမဲ့လည်း Odessa ဟာ ယူကရိန်းမြို့၊ ယူကရိန်းနိုင်ငံပိုင်၊ ယူကရိန်းလူထု ဖြစ်နေတဲ့အတွက် ယူကရိန်းအတွက် ပိုပြီးတော့တောင် တန်ဘိုးထားတဲ့အကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားခဲ့တာပါ။

ရုရှားအစိုးရကတော့ ဒေသခံ ရုရှားစကားပြော ယူကရိန်းလူမျိုးတွေဆီကနေ အကူအညီတောင်းတဲ့ ဖုန်းတွေ ထောင်ပေါင်း များစွာ ရရှိနေတယ် လို့ ပြောဆိုနေပေမဲ့ လည်း ယူကရိန်းအစိုးရကတော့ နိုင်ငံ အရှေ့ပိုင်းက ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေအပေါ် စစ်ဆင်ရေးတွေနဲ့ ဆက်ပြီး ဖိအားပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
XS
SM
MD
LG