သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူ အထူးစီးပွားရေး ဇုံ စီမံကိန်း ၂၀၁၆ စတင်မည်


ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ စတင် လုပ်ဆောင်ဖို့ စီစဉ် ထားတယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ က ဒီကနေ့ပြောဆိုထုတ်ပြန်လိုက်ပါတယ်။ ဒီစီမံကိန်းကို မြေဧက ၄၀၀၀ကျော်မှာ တည်ဆောက်သွားမှာပါ။ ဒီထဲမှာ ရေနက်စီမံကိန်း၊ စက်မှုဇုံနဲ့ အဆင့်မြင့်အိမ်ယာစီမံကိန်း တွေပါဝင်မယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

ဟုတ်ကဲ့ပါ။ ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ကြေညာနိုင်ဖို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေးကိစ္စ ပြည်ထောင်စု လွှတ်တော်မှာ အစိုးရဘက်ကတင်ပြဆွေးနွေးတာမှာ ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။ ဒီစီမံကိန်းကို မြေဧက ၄၀၀၀ကျော်မှာ တည်ဆောက်သွားမှာပါ။ ဒီထဲမှာ ရေနက်စီမံကိန်း၊ စက်မှုဇုံနဲ့ အဆင့်မြင့်အိမ်ယာ စီမံကိန်း တွေ ပါဝင်မယ်လို့ ပြောပါတယ်။

ရေနက်ဆိပ်ကမ်းကို အပိုင်း ၂ခုခွဲမှာဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်း ၁ကို မဒေးကျွန်း မြောက်ဘက် မှာလုပ်ဆောင်မှာဖြစ်ပြီး ရေနက်ဆိပ်ကမ်း ၂ကိုတော့ ရမ်ဗြဲကျွန်း မြောက်ဘက် သစ်ပုတ်ကျွန်းအနီးမှာ လုပ်ဆောင်မယ် လို့ ကျောက်ဖြူအထူးစီးပွား ရေးဇုန်စီမံ ခန့်ခွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။

"(က) စက်မှုဇုံ စီမံကိန်း ဆောင်ရွက်မယ့် ဧရိယာမှာ ကျောက်ဖြူမြို့၏ တောင်ဘက် ၈.၅ ကီလိုမီတာ အကွာအဝေးမှာ ဖြစ်ပြီး စမ်းခောျင်းအေးကျေးရွာအုပ်စု၊ ကြပ်ပြင်ကျေးရွာအုပ်စု၊ ကန့်သပြေကျေးရွာ အုပ်စုနဲ့ ချောင်းဝ ကျေးရွာ အုပ်စုတို့ အတွင်းမှာ ဖြစ်ပါတယ်။

(ခ) အဆင့်မြင့်အိမ်ယာစီမံကိန်း နယ်နမိတ် ဆောင်ရွက်မယ့် ဧရိယာမှာ ကျောက်ဖြူမြို့၏ တောင်ဘက်ယွန်းယွန်း ၁၂ ကီလိုမီတာ အကွာအဝေးမှာ ရှိပြီး ချောင်းဝ ကျေးရွာအုပ်စု၊ မြင်းပြင်ကျေးရွာအုပ်စု နယ်နမိတ်တွေထဲ ပါဝင်ပါတယ်။"

ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ကျန်တည်ဆောက်ရေး အပိုင်းမြေနေရာတွေနဲ့ပတ်သတ်ပြီး လွှတ်တော်မှာခုလိုပြောဆိုခဲ့တာပါ။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အဆင့် ၄ ဆင့်ဖြင့် အကောင်အထည် ဖော်လျက်ရှိပြီး စီမံကိန်းဖော်ဆောင်ရေး အတွက် စင်္ကာပူ အခြေစိုက် CPG နိုင်ငံတကာ အကြံပေး ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၂ သန်းခွဲဖြင့် ဌားရမ်းလုပ်ဆောင်နေကြောင်း ဦးမြင့်သိန်းက ပြောဆိုထားပါတယ်။

ဦးမြင့်သိန်းက ကျောက်ဖြူ၊ ရမ်းဗြဲ မာန်အောင်မှာ လုပ်ဆောင်မယ့် စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး ခုလိုပြောပြပါတယ်။

"ကျောက်ဖြူ၊ ရမ်းဗြဲ မာန်အောင်မြို့နယ်များ ပါဝင်ပြီး ကျောက်ဖြူကို စက်မှုလုပ်ငန်းများ အဓိကထား ဆောင်ရွက်မယ့် အထူးစီးပွားရေးဇုန်၊ ရမ်းဗြဲကို စိုက်ပျိုးရေးလုပ်ငန်းများ အဓိက ထား အခြေပြုဆောင်ရွက်မယ့် ဇုန်၊ မာန်အောင်ကို သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်မယ့် ဇုန်တွေအဖြစ် ထည့်သွင်းရေးဆွဲ ထားပါတယ်။ နယ်နမိတ်အဖြစ် အမိန့်ကြေညာစာ ထုတ်ပြန်ကြေညာမယ့် ဧရိယာ စုစုပေါင်း ၄၂၈၉.၃၂ ဧက၊ ၁၇၃၅.၈၃ ဟတ်တာ မှာ နောင် အနှစ် ၂၀၊ ၃၀ ကာလ များမှာ တိုးချဲ့ ဆောင်ရွက်သွားနိုင်မယ့် ဧရိယာများသာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။"

ဒီစီမံကိန်းနဲ့ပတ်သတ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကတော့ ခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။

" ဦးသိန်းစိန်အစိုးရအနေနဲ့ ဒါကို ပြန်သုံးသပ်ပြီးတော့မှ လာမယ့် အစိုးရမှာ ရေရှည်ပြည်ထောင်စု အကျိုး ပြည်နယ်အကျိုး ဘယ်လိုခံစားရမယ် ဆိုတာ ဆင်ခြင်သုံးသပ်ပြီးမှ ပြန်လည်သုံးသပ် သင့်တဲ့ စီမံကိန်းလို့ပဲ ကျနော် သုံးသပ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်က ဘယ်လောက်အထိ ရှိသင့်သလဲ။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ခွင့်က ဘယ်လောက်အထိ နောက်ကို ဆုတ်သင့်သလဲ အဲ့ဒီ့အပေါ် မူတည်ပြီးမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ လုပ်ငန်းခွင်မှာ အလုပ်အကိုင်ဖန်တီးပေးရမှာပေါ့။ အဲ့ဒီ့တော့ ပြည်မနဲ့ ပြည်ပကို စွန့်ခွာသွားတဲ့ ရခိုင်အမျိုးသား တွေ ဘယ်လောက်ရှိသလဲ။ အဲ့ဒီ့ပုဂ္ဂိုလ်တွေကို ပြည်ထောင်စု အစိုးရ ရဲ့ အထူးစီးပွားရေးဇုန်မှာ လုပ်ငန်းခွင် ဖန်တီးတဲ့အလုပ် ဘယ်လောက် အထိ ရှိနိုင်သလဲ ဒါကို ပြန်ဖိတ်ခေါ်ရမယ့် အခြေအနေဖြစ်တဲ့အခါမှာ လာမယ့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ တာဝန် လုပ်ပိုင်ခွင့်က အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီ့အပေါ် မူတည်ပြီးမှ ကျနော်တို့ ပြန်ဆွေးနွေးဖို့ ရှိနိုင်ပါတယ်။ "

ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ဖို့ အတွက်ပြီးခဲ့တဲ့ ဇူလိုင်လက အကောင်အထည်ဖော်မည့် တည်ဆောက်ရေးသုံးခုအတွက် တစ်ခုချင်းစီ အလိုက် တင်ဒါမှတ်ပုံတင်ကြေး အနေနဲ့ အမေရိကန်ဒေါ်လာ တစ်ထောင် သတ်မှတ် ကာ အပြည်ပြည် ဆိုင်ရာ တင်ဒါခေါ်ယူ ထားပါတယ်။ နိုင်ငံတကာ လုပ်ငန်းရှင်များ ကို တင်ဒါခေါ်ယူသောလုပ်ငန်း များမှာ ဆိပ်ကမ်း တည်ဆောက် ရေး၊ စက်မှုဇုန်အကောင်အထည် ဖော်ရေး၊ အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေး စတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်ဟာ တရုတ်-အိန္ဒိယနှင့် အ ရှေ့တောင် အာရှနိုင်ငံများကို ဆက်သွယ်ပေးမယ့် အချက်အချာ ကျတဲ့ စီးပွားရေးရပ်ဝန်း တစ်ခု ဖြစ်လာမယ်လို့CPG အကြံပေး ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ပြီး ပါက ဒေသခံပြည်သူပေါင်း တစ်သိန်း ကျော် အလုပ်အကိုင်များရနိုင်မယ်လို့ အစိုးရပိုင်းက မျှော်မှန်း ထားပါတယ်။

လက်ရှိမှာ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ တွဲဖက်လုပ်ကိုင်မယ့် ကျောက်ဖြူ -ကူမင်း ရထားလမ်းရယ်၊ ကားလမ်းရယ် နဲ့ ရေနံပိုက်လိုင်းသွယ်တန်းရေး လုပ်ငန်းတွေ ကတော့ ချုပ်ဆိုထားတဲ့ MoU ပျက်ပြယ်သွားပြီဖြစ်တယ်လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ ကပြောဆိုထားပါတယ်။

၂ဝ၁၁ ခုနှစ် ဧပြီလကစပြီး ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ချုပ်ဆိုထားပေမယ့် ဒီစီမံကိန်းနဲ့ပတ်သက်လို့ တက်ကြွလှုုပ်ရှားသူတွေက ကန့်ကွက် တာတွေကြောင့် လည်း ဒီစီမံကိန်းဟာ သဘောတူစာချုပ်ချုပ်ပြီး ခဲ့ပေမယ့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ကျောက်ဖြူရေနက်စီမံကိန်း သာ အကောင်အထည်ဖော် မှာဖြစ်ပြီး ကျောက်ဖြူ -ကူမင်း ရထားလမ်း၊ ကားလမ်း နဲ့ ရေနံပိုက်လိုင်းရယ်စတဲ့ Three in One စီမံကိန်းကတော့ လုံးဝရပ်နား လိုက်ပြီဖြစ်ပါတယ်။

XS
SM
MD
LG