သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရာရှိကြီးများ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု ကြေညာရမည်


Myanmar Parliament
Myanmar Parliament
နိုင်ငံတော် တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိကြီးတွေအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစု တင်ပြရန် ညွန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် က သမ္မတရုံးက ပိုင်ဆိုင်မှုစာရင်းတွေ ပြုစုပြီး တင်ပြဖို့ အခုလို အမိန့်ကြေငြာစာထုတ်ပြန်လိုက်တာဟာ ကောင်းတဲ့ လက္ခဏာတခုဖြစ်ပေမဲ့ ပိုင်ဆိုင်မှုတွေကို မှန်မှန်ကန်ကန် တင်ပြခြင်း ရှိမရှိကိုတော့ မေးခွန်း ထုတ်စရာရှိတယ် လေ့လာသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက် VOA ရုံးခွဲကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီညွန်ကြားချက်ကတော့ လွှတ်တော်အတည်ပြုချက်နဲ့ နိုင်ငံတော်သမ္မတက ခန့်အပ်ထားတဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဝန်ကြီးတွေ အပါ အဝင်၊ အရာကြီးတွေအနေနဲ့ တစီးပွား တည်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို တန်ဖိုးနဲ့တကွ စာရင်း ပြုစု ပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်ဆိုတဲ့ ညွန်ကြားချက် အမိန့်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် သမ္မတရာထူးကို လက်ခံရယူတဲ့ မိန့်ခွန်းထဲမှာလည်း ကောင်းမွန် သန့်ရှင်းတဲ့ အစိုးရတရပ်ဖြစ်ဖို့ ကြိုးစား လုပ်ဆောင်သွားမယ်လို့ ပြောထားခဲ့တဲ့ကတိရှိတာကြောင့် ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ ကြိုဆိုပါတယ်လို့ ပုသိမ်မဲဆန္ဒနယ်မြေကိုယ်စားပြု NLD လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ တိုင်းသူပြည်သားတွေအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်မယ်၊ တကယ် သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ လုပ်တာဆိုလို့ ရှိရင် ကျနော်တို့ကတော့ ကျေနပ်တာပေါ့၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဒါကတော့ ဝမ်းသာတာပေါ့.. ကြိုဆိုပါတယ်”

ဦးဝင်းမြင့်ဟာ အစိုးရသစ်လက်ထက်မှာ Good Governance လို့ခေါ်တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ Clean Government လို့ခေါ်တဲ့ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာဖို့ အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေအဖြစ် တာဝန်ပေးအပ်ခံရသူတွေ အနေနဲ့ မိမိတို့ရဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ ပြောင်းနိုင်သော ပစ္စည်းတွေနဲ့ အကျိုးစီးပွားတွေကို ထုတ်ဖော်ကြေညာပြီးတော့ မှတ်တမ်း တင် ထားသင့်တယ် ဆိုတဲ့ အဆိုကို ဇွန်လ ၁၆ ရက်နေ့မှာ တင်သွင်းခဲ့သူ ဖြစ်ပါတယ်။ အဲဒီ အဆို ကို ဆွေးနွေးဖို့အတွက်ကိုတော့ လွှတ်တော်က ဇူလိုင်လ ၂၅ ရက်နေ့မှာ အတည်ပြုပေးခဲ့တာပါ။

တကယ်တော့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ အရ တနှစ်အတွင်း ဒီပိုင်ဆိုင်မှုတွေကို တင်ပြရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ပါရှိထားပေမဲ့ အခု အစိုးရဖွဲ့ပြီး ၂နှစ် နီးပါးကြာလာတဲ့အထိ ပိုင်ဆိုင်မှုတွေကို တင်ပြခြင်း မရှိသေးဘူးလို့ လေ့လာသူတွေက ထောက်ပြ ပြောဆိုကြ တာ ဖြစ်ပါတယ်။

ဒီညွန်ကြားချက်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး သြဂုတ်လ ၁ ရက်နေ့မှာ အပြီး တင်ရမယ် လို့ ဖော်ပြထားတာကြောင့် ဒါဟာ မြန်ဆန်လွန်းပြီး တိကျမှု ရှိနိုင်ပါ့မလားလို့ ပြည်တွင်း သတင်း အယ်ဒီတာ ဦးကျော်ရင်မြင့် က ထောက်ပြ ပြောဆိုပါတယ်။

“ကျနေယ့်အမြင်ကတော့ လုပ်တာ ကောင်းပါတယ်၊ ကြိုဆိုပါတယ်၊ ဒီလောက် မြန်တာကတော့ မဖြစ်နိုင်ဘူး၊ မြန်တာက မမှန်နိုင်ဘူးလေ၊ မှန်ချင်ရင် မမြန်နိုင်ဘူး၊ သူတို့ လူကြီးတွေ ကျတော့ မြို့ တော်တော် များများမှာကို ပိုင်ဆိုင်ထားတဲ့ တိုက်တွေကို အကုန်စုံအောင် သတိရကြပါ့မလား မသိဘူး၊ အတွင်းပစ္စည်းတွေက ရှိသေးတယ်၊ အဲဒီတော့ အချိန် တစုံ တခု ပေးပြီးတော့မှ တကယ်ကိုပဲ မှန်မှန်ကန်ကန် တင်ပြဖို့ အလေ့အကျင့်လေးတော့ အရင် လုပ်ယူ ရမှာပေါ့လေ၊ ခုကတော့ အလေ့အကျင့် စလုပ်တဲ့အဆင့်လောက်ပဲ လုပ်လို့ ရမယ်ထင်တယ်”

NLD လွှတ်တော်အမတ် ဦးဝင်းမြင့်ကတော့ သူတင်ထားတဲ့အဆိုကို လွှတ်တော်အမတ် အတော်များများက ထောက်ခံပြီး ဆွေးနွေးကြဖို့ အလားအလာ ရှိနေတာကြောင့် ပိုင်ဆိုင်မှု တင်ပြလာတဲ့ စာရင်းဇယား မှန်ကန်မှု ရှိမရှိဆိုတာကို စောင့်ကြည်တဲ့ လွှတ်တော် ကော်မီတီတရပ် ပေါ်ထွက်လာနိုင်ခြေ ရှိတယ်လို့ မြင်ပါတယ်။

“ စောင့်ကြည့်ရမှာပေါ့လေ၊ စောင့်ပြီး အကဲခတ်ကြည့်ရမှာပေါ့၊ အဲဒီအဆိုနဲ့ ပတ်သက်လို့ ခု လွှတ်တော်ထဲမှာ ၁၀ယောက်ကျော်လောက် ဆွေးနွေးဖို့ ရှိတယ်၊ ဆွေးနွေးပြီးတဲ့အခါကျတော့ ကျနော်တို့က အဆို အတည်ပြုသွားရင် ဒါ ဘယ်လို စောင့်ကြည့်မယ့်အဖွဲ့တွေ ပေါ်လာမလဲဆိုတာ၊ အဲဒီ အဆုံး အဖြတ်ပေါ်မှာ ကြည့်ရမှာပါ။ ခုဆိုရင် ၁၀ယောက်ကျော်လောက် ဆွေးနွေးမယ်ဆိုတော့ သူတို့လည်း ဒါကို ဝမ်းသာ ကြိုဆိုကြတယ်လေ၊ တခြား အဖွဲ့ တွေက ဘာပြောကြလဲဆိုတော့ သူတို့ ဖြစ်စေချင်တာ ကြာပြီပေါ့နော်၊ အဲဒီအဆိုကို လုပ်ချင်တာ ကြာပြီလို့ အားလုံး ကလည်း ဝမ်းပန်း တသာနဲ့ ကြိုဆိုကြပါတယ်။ အဲဒီအခါကျတော့ ဆွေးနွေးတဲ့ အပေါ်မှာ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေ ပေါ်လာမှာပေါ့၊ တဘက်ကလည်း ဒီလိုတော့ လုပ်နိုင် စရာတွေ ရှိတာပေါ့၊ ဒီ အဆို အတည်ပြုပြီ ဆိုရင်တော့ လွှတ်တော်ကလည်း စောင့်ကြည့်လေ့လာနေမှာပါ”

NLD လွှတ်တော်အမတ် ဦးဝင်းမြင့် ပြောပြခဲ့တာပါ။ သမ္မတရုံးက အခု ထုတ်ပြန်လိုက်တဲ့ စာထဲမှာ တရား စီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရာရှိတွေ ပါဝင်ပေမဲ့လည်း တပ်မတော် အရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ ညွန်ကြားချက်တော့ ပါဝင်ခြင်း မရှိဘူးလို့ လေ့လာသူတွေ က ထောက်ပြ ပြောဆို ကြပါတယ်။

ဥပဒေပြဋ္ဌာန်းချက်အရ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ နိုင်ငံတော်သမ္မတက ခန့်အပ်ထားသူတွေ ကတော့ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီး များ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး၊ ဒါမှမဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ဒါမှမဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များနဲ့ တရားသူကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG