သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို နိုင်ငံတော်အတိုင်ပင်ခံ ထားမယ့် ဥပဒေ အဆိုတင်သွင်း


ဒုသမ္မတသစ်များ၊ သမ္မတသစ် ဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော် သမ္မတ ကျမ်းကျိန်ပွဲ တက်ရောက်နေစဉ်။ (မတ် ၃၀၊ ၂၀၁၆)
ဒုသမ္မတသစ်များ၊ သမ္မတသစ် ဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော် သမ္မတ ကျမ်းကျိန်ပွဲ တက်ရောက်နေစဉ်။ (မတ် ၃၀၊ ၂၀၁၆)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ထားရှိမယ့် ဥပဒေကြမ်းတရပ်ကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ ထွန်းကားရေး ဈေးကွက် စီးပွားရေး စနစ် ပီပြင်ရေး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်တဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခ နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

သမ္မတ ဦးထင်ကျော် လက်မှတ်ထိုး ပြဌာန်းမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် မကွေးတိုင်း မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ဒီကနေ့ တင်သွင်းခဲ့ပါတယ်။

ဦးအောင်ကြည်ညွန့် အဆိုတင်သွင်းစဉ်
ဦးအောင်ကြည်ညွန့် အဆိုတင်သွင်းစဉ်

ဒီလိုတင်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် နဲ့ နိုင်ငံသား အကျိုးစီးပွား အရ အခုလိုတင်သွင်းခဲ့တာဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့် က အခုလို အမျိုးသားလွှတ်တော်မှာ တင်သွင်း လိုက်ပါတယ်။

"ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူအများစုက ယုံကြည်အားကိုးပြီး တခဲနက် ထောက်ခံမဲ ပေးခဲ့ကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ မျှော်မှန်းချက်များနဲ့ အကျိုးစီးပွားများကို အတိုင်ပင်ခံပုဂ္ဂိုလ်က ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် ကျနော်တို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကနေ အဆိုတင်သွင်းရခြင်းဖြစ်ပါတယ်။"

ဥပဒေကြမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေး အပ်တာဖြစ်တယ် လို့ အတိအလင်း ဖော်ပြထားပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်တွေ အဖြစ် ပါတီစုံဒီမိုကရေစီ စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့အတွက် အကြံဉာဏ် ပေးဖို့ လုပ်ဆောင် တာဖြစ်ကြောင်းဖော်ပြ ထားပါတယ်။ ဒီလိုခန့်အပ်တာမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဘယ်လောက်ထိ လုပ်ပိုင်ခွင့် သြဇာသက်ရောက်ဖို့ ရှိမလဲဆိုတာကလည်း စိတ်ဝင်စားစရာ အချက် တချက်ဖြစ်နေပါတယ်။ ဒီအပေါ်မှာ ဦးအောင်ကြည်ညွန့် က အခုလိုပြောဆိုခဲ့ ပါတယ်။

" အာဏာဆိုတာရယ် မရှိဘူး။ ဒီဥပဒေကို သေချာဖတ်ကြည့်လိုက်ရင် သိမယ် သူက ဘယ်လိုခေါ်မလဲ အာဏာအနေနဲ့ ပေးထားတာမဟုတ်ဘူး။ ဆက်စပ်ပေးဖို့ရယ် ညှိနှိုင်းပေးဖို့ရယ် အကြံဉာဏ်ပေးဖို့ရယ် အဲ့သလို ဆက်စပ်ညှိနှိုင်း အကြံဉာဏ်ပေး ဖို့ရန် အစိုးရ အဖွဲ့အစည်းအပါအဝင် လူမှုအဖွဲ့အစည်းတွေ နဲ့ ခေါ်ယူတွေ့ဆုံနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ ကိစ္စရပ်ရယ် အဲ့ဒီ့တော့ ဒီလိုပေးလိုက်တဲ့အတွက်ကြောင့် တာဝန်တခုအနေနဲ့ သူရှိလာတော့ လုပ်ရကိုင်ရတာက လက်တွေ့ပိုပြီးတော့ ကျလာမယ်။ သူတွေ့သင့်တွေ့ထိုက်တယ်လို့ထင်တဲ့သူကို ခေါ်တွေ့ခွင့် ရသွားမယ်။ ဆွေးနွေးလို့ရသွားမယ်။ တကယ်တော့ သူက အကြံပေးတယ်ဆိုတာ အဆုံးအဖြတ်ပြုတာ မဟုတ်ဘူးလေ။ နောက်ဆုံးပိတ် သူက ဘာလုပ်နိုင်လဲဆိုရင် တခုခုကို အပြီးအပြတ် လုပ်နိုင်တယ်ဆိုတဲ့ အာဏာကို ပေးလိုက်တာ မဟုတ်ပဲနဲ့ နိုင်ငံအတွက် လိုအပ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်တဲ့နေရာတွေမှာ လုပ်သာကိုင်သာ ရှိအောင်လို့ ဒီဥပဒေကိုပြဋ္ဌာန်းပေးဖို့ဖြစ်တယ်။"

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရာထူးသက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ ရာထူးသက်တမ်း အတိုင်းဖြစ်ပြီး ဒီဥပဒေဟာလည်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလမှာ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံတော် သမ္မတရဲ့သက်တမ်း ကာလအတွက် ဖြစ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် ကတော့ ဒေါ်အောင်ဆန်းစုကြည်တင်မဟုတ်ပဲ နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တဦးဦးကို အခုလို နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ထားနိုင်မယ့် ဥပဒေမျိုး ကို နောက်သက်တမ်းတွေမှာလည်း ထားနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

" တကယ်ပဲ ဒီဥပဒေက နိုင်ငံသူ နိုင်ငံသားများ အတွက် ဖြစ်မယ် ဆိုရင်တော့ နောင်ငါးနှစ် နောင် ဆယ်နှစ်မှာလဲ ဒီအတိုင်းသွားဖို့ လိုတာပေါ့။ ဒီပုဂ္ဂိုလ်တွေကို ခန့်ပြီးမှ နောင်လာမယ့် ဒီပုဂ္ဂိုလ်တွေ ဖြစ်သွားလို့ ရှိရင် နိုင်ငံသူ နိုင်ငံသားအတွက် တကယ်အကျိုးရှိမယ်ဆိုရင် ကျနော်ထင်တာတော့ နောင် ဒီသက်တမ်းမဟုတ်ဘူး နောင်အစိုးရသစ် တက်တာပဲဖြစ်ဖြစ် နောက်နောင် အစိုးရအသစ်ပဲဖြစ်ဖြစ် ကျနော်တို့ လိုအပ်လို့ရှိရင် ဒီအတိုင်းပဲ သွားသင့်ပါတယ်။"

ဒီဥပဒေကြမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေပဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အကြံပြုချက်တွေပေးဖို့နဲ့ လုပ်ဆောင်မယ့် ဆောင်ရွက်ချက်တွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံဖို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီဥပဒေပါ ရည်ရွယ်ချက်တွေကို အောင်မြင်စေဖို့အတွက် အစိုးရအဖွဲ့ ဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စတာတွေ ပါဝင်ထားပါတယ်။

အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေပါ ရပ်တည်သွားမှုအပေါ် အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးက ကန့်သတ်ထားတဲ့အတွက် ၅၉(စ) နဲ့ ကန့်ထားတဲ့ အတွက် သမ္မတတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် မယူနိုင်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာဖြင့်ရင် သမ္မတကိုလည်း အကြံပေးနိုင်သလို လွှတ်တော်ကိုလည်း အကြံပေးနိုင်တယ် ဝန်ကြီးအဖွဲ့တွေကိုလည်း အကြံပေးနိုင်တယ်ဆိုတဲ့အနေအထား မျိုး ရွေးချယ်တဲ့သဘောဖြစ်ပါတယ်။ "

အာဏာရ NLD ပါတီ က ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတတင်မြောက်နိုင်ဖို့ စီစဉ်ထားပေမယ့် ကန့်သတ်ခံထားရသည့် အခြေအနေကြောင့် ပုံစံတမျိုးနဲ့ ဥပဒေနဲ့အညီ ဦးဆောင်နိုင်ရန် ဒီကိစ္စကို စီစဉ်ရခြင်း ဖြစ်တယ် လို့ ပြောဆိုနေ တာတွေ ရှိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကရွေးကောက်ပွဲ မတိုင်ခင် ကတည်းက သမ္မတ ဖြစ်ဖို့ တားဆီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ခဲ့ပါက သမ္မတအထက်မှ နေမယ်လို့ ပြတ်ပြတ်သားသားပြောဆိုထား ပြီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG